koko

koko

Thursday, July 26, 2012

သမိုင်းအထင်ကရ သူရဲကောင်းများ

အပိုင်း ၁

ဥရောပတိုက် သားများသည် ယနေ့ မြန်မာနိုင်ငံသို့ ၁၃ ရာစု ကုန်ခါနီးအချိန်မှ စ၍ ရှေးဦးစွာ ခရီးသွား သူများအဖြစ် ရောက်ရှိလာခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ရှေးဦးစွာ လာရောက်ကြသော ဥရောပတိုက် သားများမှာ အီတလီ၊ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ပြင်သစ်နှင့် အင်္ဂလိပ် လူမျိုးများ ဖြစ်ကြသည်။

၁၆ ရာစုနှင့် ၁၇ ရာစု အစောပိုင်းမှ အစပြု၍ ဒတ်ခ်ျအရှေ့ အိန္ဒိယကုမ္ပဏီ၊ အင်္ဂလိပ် အရှေ့ အိန္ဒိယကုမ္ပဏီ နှင့် ပြင်သစ် အရှေ့ အိန္ဒိယကုမ္ပဏီ များကို သက်ဆိုင်ရာနိုင်ငံ အသီးသီးတွင် တည်ထောင်ကာ မြန်မာနိုင်ငံ အပါဝင် အရှေ့တိုင်းနိုင်ငံများ၌  ကူးသန်းရောင်းဝယ်မှုများကို စတင် လုပ်ကိုင် လာကြသည်။

ဥရောပတိုက် သားတို့၏ ကူးသန်း ရောင်းဝယ်မှု နောက်ကွယ်မှ ကိုလိုနီနယ်ချဲ့ စနှစ် သည်လည်း အရိပ်သဖွယ် ကပ်ပါလာ လေတော့သည်။

ထို့ကြောင့် ၁၈၂၄ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာပိုင် ကချာနယ်ကို ၀င်ရောက် သိမ်းပိုက်ရာမှ အင်္ဂလိပ်မြန်မာ ပထမ ကျူးကျော် စစ်ပွဲ ဖြစ်ပွါခဲ့သည်  မြန်မာတို့သည် စီးပွါရေး အမြတ် အစွန်း ရရှိရေးနှင့် ဈေးကွက် ရရှိရေးအတွက် နယ်ပယ်ချဲ့ထွင်လျက်ရှိသော အင်္ဂလိပ်တို့အား ရန္တပိုစာချုပ်အရ သင်္ဘော ဆိပ်ကမ်းမြို့ များဖြစ်သော ရခိုင်နှင့် တနင်္သာရီ ကိုပေးလိုက်ရသည်။

၁၈၅၂ ခုနှစ် ဇန်န၀ါရီလတွင်  ရန်ကုန်ဆိပ်ကမ်းကို ၀င်ရောက် တိုက်ခိုက်ပြီး မြန်မာပိုင် ရေနန်းယာဉ်သာ သင်္ဘောကို သိမ်းယူရာမှ အင်္ဂလိပ်မြန်မာ ဒုတိယ စစ်ပွဲ စတင်ဖြစ်ပွား ခဲ့လေသည်။

 ၁၈၈၅ ခုနှစ် နိုင်ဝင်ဘာ ၁၁ ရက်နေ့တွင် အင်္ဂလိပ်တို့ စစ်ကြေညာပြီးနောက်  ဗိုလ်ချုပ် ပရင်ဒါပတ်စ် ဦးဆောင်သော ခြေလျင်တပ်၊ အမြောက်တပ်၊ ရေတပ်နှင့် အထွေထွေ တပ်များအပါဝင် တပ်သား ၁၀၀၀၀ ခန့်ပါဝင်သည့် အင်္ဂလိပ် တပ်ပေါင်းစုကြီးသည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဧရာဝတီ မီးသင်္ဘော ကုမ္ပဏီမှ သင်္ဘောများဖြင့် အထက်မြန်မာနိုင်ငံ နယ်စပ်ဖြစ်သော သရက်မြို့ကိုချီတက် တိုက်ခိုက်သိမ်းရာမှ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ စတင်းဖြစ်ပွား ခဲ့လေတော့သည်။

၁၈၈၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့ဒပ်ဖရင် သည် အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်သည်။

" အင်ပါယာပြည့်ရှင် ဘုရင်မကြီး၏ အမိန့်အရ ယနေ့စ၍ ကြေညာလိုက်သည်မှာ ယခင် သီပေါဘုရင် အုပ်ချုပ်ခဲ့သော နယ်ပယ်များသည် သူ၏အုပ်ချုပ်မှု အာဏာစက် အောက်တွင် ဆက်လက် တည်ရှိ နေမည် မဟုတ်တော့ဘဲ ဘုရင်မကြီး၏ ဒိုမီနီယံနိုင်ငံ နယ်မြေများ အတွင်း၌ တစ်စိတ်တစ်ဒေသ အဖြစ်ပါဝင်လျှက် ဘုရင်မကြီး၏ အလိုတော်အရ၊ အချိန်ကာလ အားလျော်စွာ ခန့်အပ်သော ဘုရင်ခံချုပ်နှင့် ဘုရင်ခံ အစရှိသူတို့က အုပ်ချုပ်လိမ့်မည်။''

၁၈၈၆ ခု၊ မတ်လ ၁ ရက်မှ စ၍ ၁၉၃၇ ခု၊ ဧပြီလ ၁ရက်နေ့ထိ သျှမ်းပြည်မှ တပါး အထက် မြန်မာနိုင်ငံ တ၀န်းလုံးသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ် ရပ်တည် လေတော့သည်။

ထို့ကြောင့် အထက်မြန်မာနိုင်ငံကို ဗြိတိသျှ အင်ပိုင်ယာ အတွင်းသို့ သွတ်သွင်းကြောင်း တရာဝင် ကြေညာလေသည်။ ၀ီတိုရိယ စတက်ကျူ ဥပဒေ ၃၃၊ အခန်း ၁၊ အခန်းခွဲ (ခ) အရအထက် မြန်မာနိုင်ငံကို တိုက်ရိုက် အုပ်ချုပ်ရန် ဘုရင်ခံချုပ်က ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်လေသည်။

မထက်မြန်မာနိုင်ငံကို အင်္ဂလိပ် လက်အောက်တို့ သိမ်းပိုက်ပြီဟု ကြေငြာနောက်ပိုင်း မြန်မာနိုင်ငံ တိုင်းရင်းသားများသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို နေအသီးသီး တစ်ခဲနက်ဆင်နွဲ ခဲ့ကြသည်။
မင်းဘူး၊ မြင်ခြံနှင့် မိတ္ထီလာ ခရိုင်များတွင် ဗိုဥတ္တမ၊ ဗိုလ်ဆွဲ၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့် စသည့် ပုဂ္ဂိုလ်များမှာ ထင်ရှားသော ခေါင်းဆောင်များဖြစ်ကြသည်။




ဗိုလ်ချိုနှင့်သားများ ဗိုလ်ဘိုစင်၊ ဗိုလ်ဘိုဝင်



ဗိုလ်ဥတ္တမ
ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးတော်သူ ဗိုလ်မင်းရောင်

နေမျိုးမင်းကျော်ခေါင် မြင်းခေါင်းကြီး ၀ဲလှောင်ဗိုလ်ရာညွန့်








အထက်မြန်ပြည်ေ မြာက်ပိုင်းမှလည်း သူကျွန်မခံလိုသော တိုင်းရင်းသား မျိုးချစ်ခေါင်း ခေါင်းဆောင် ကြီးများ ဖြစ်ကြသော သျှမ်းနီနှင့် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများသည် အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့ ကပေးသော ရာထူးများကိုလက်ခံသော၊ သျှမ်းနီအမျိုးသား ခေါင်းဆောင်ကြီး ၀န်သိုစော်ဘွားကြီး စ၀်အောင်မြတ်၊ ကချင်အမျိုးသား ခေါင်းဆောင်ကြီး ဖုံကန်ဒူဝါ ၊ သျှမ်းနီအမျိုးသား ခေါင်းဆောင် မိုးကောင်းနယ်မှ ဗိုလ်ဖိုးစောနှင့် လက်ရုံးဗိုလ်ထီ၊ ကချင်အမျိုးသား ခေါင်းဆောင်ကြီး ဆမားနယ်မှ ဆမားဒူဝါ၊ သျှမ်းနီးအမျိုးသား ခေါင်းဆောင် စောရန်ပိုင်နှင့် စောရန်နိုင် ညီအကို  မိုးလိုင်စော်ဘွား စ၀်ခမ်းလိုင် နှင့်တုံဟုံးဒူဝါ တို့ဦးဆောင် အပါဝင်ခဲ့ကြသည်။

လက်ရှိ သျှမ်းပြည်နယ်မှ မိုးနဲစော်ဘွား စ၀ါခွန်ကြည်၊ ရပ်စောက်စော်ဘွား စ၀်ဝိုင်း၊ မိုင်းပွန်စော်ဘွား စ၀်ခွန်တီ၊ ကျိုင်းတုံစော်ဘွား စ၀်ခမ်းဖု၊ မိုင်းနောင်စော်ဘွားနှင့် မောက်မယ် စော်ဘွား တို့သည် အိမ်ရှေ့စံကနောင် မင်းသား၏ သားတော် တစ်ဦးဖြစ်သော လင်းပင်မင်းသားနှင့် ပူးပေါင်းချိပ်ဆက်ကာ  အင်္ဂလိပ်နယ်ချဲ့တို့အား တော်လှန်ခဲ့ကြသော သမိုင်းဝင် မျိုးချစ်သူရဲကောင်း အာဇာနည်ကြီး များပင်ဖြစ်သည်။

လင်းပင်မင်းသားကြီး

 အင်္ဂလိပ်တို့သည် အထက်မြန်မာပြည် မြောက်ပိုင်းမှ သျှမ်း၊ ကချင်၊ မြန်မာ၊ တော်လှန်ရေးတပ် များကို တိုက်ခိုက်ရန် ဗိုလ်မှူးကြီး စတက်မန် ခေါင်းဆောင်သော ခြေလျင်တပ်၊ အမြောက်တပ်၊ မြင်းတပ်တို့ ပါဝင်သော အင်္ဂလိပ် စစ်ကြောင်းကြီးသည်။

၁၈၈၇၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် လှိုင်းတက်မှ တစ်ဆင့် ပျဉ်းထိပ်ကို ဖြတ်၍ ချီတက်လာကြသည်။ သျှမ်း၊မြန်မာ တော်လှန် ရေးတပ်များသည် ယင်းစစ်ကြောင်းအား ချုံခိုဖြတ်တောက် တိုက်ခိုက်ကြသည်။

ရပ်စောက်စော်ဘွား ခေါင်းဆောင်သော သျှမ်းမြန်မာ တော်လှန်ရေးတပ်များကလည်း အင်္ဂလိပ်များအား ကူးကျိုးမှ ဆီးကြိုတိုက်ခိုက်သည်။ သို့သော လက်နက် အင်အားချင်းမမျှသဖြင့် ဆုတ်ခွာပေးရသည်။

 မိုင်းပွန်စော်ဘွား စ၀်ခွန်ထီး၊ ကျိုင်းတုံစော်ဘွား စ၀်ခမ်းပု၊ မိုးနဲစော်ဘွား စ၀်ခွန်ကြည်

ထိုအချိန်တွင်  သျှမ်းနီအမျိုးသား ၀န်းသိုစော်ဘွား စ၀်အောင်မြတ် ခေါင်းဆောင်သော သျှမ်း၊ ကချင်၊ မြန်မာတို့သည် ကသာခရိုင် ၀န်းသိုနှင့် မိုးကောင်းမြို့နယ်များမှာ အင်္ဂလိပ်တို့အား တော်လှန် တိုက်ခိုက် လျက်ရှိကြသည်။

၁၈၈၇ခု၊ ဇန်န၀ါရီလမှစ၍ အင်္ဂလိပ်တို့သည် စ၀်အောင်မြတ်အား သူတို့၏ လက်အောက် သို့ဝင်ရန် စကားကမ်းလှမ်းခဲ့သောလည်း စ၀်အောင်မြတ်က လက်မခံခြင်းမပြုပေ၊ ထိုအချိန်ကပင် စ၀်အောင်မြတ်သည် သျှမ်း၊ ကချင်၊ မြန်မာတို့ကိုစုစည်း၍ နယ်ချဲ့ အင်္ဂလိပ်တို့အား တော်လှန်ရန် စီစဉ်လျက်ရှိလေသည်။

အင်္ဂလိပ်တို့သည် အင်းအား ၁၀၀၀ ကျော်ခန့်ရှိသော တပ်များဖြင့် ကသာစစ်ကြောင်းနှင့် ရွှေဘိုစစ်ကြောင်းဟူ၍ စစ်ကြောင်း ၂ ကြောင်းခွဲလိုက်သည်။ ထို့နောက် ကသာစစ်ကြောင်း ကို ဗိုလပ်မှူးချုပ် ကော့ က၎င်း၊ ရွှေဘိုစစ်ကြောင်းကို ဒုတိယ ဗိုလ်မှူးကြီး ဖာရင်တန် က၎င်း၊ အုပ်ချုပ်ကွပ်ကဲ၍ ချီတက်စေသည်။

ဝန်းသိုစော်ဘွား စ၀်အောင်မြတ် ဦးဆောင်သော သျှမ်းနီ တပ်များသည် ထိုအချိန်က စည်းရုံးပြင်ဆင်မှုနှင့် အင်အား တောင့်တင်းမှု မရှိသေးသဖြင့် ရွှေဘို စစ်ကြောင်း ချီတက်ရာ နယ်မြေမှ ဆုတ်ခွာပေး လိုက်သည်။

၁၈၈၇ခု၊ ဇန်န၀ါရီလ ၁၉  ရက်နေ့တွင် ကသာစစ်ကြောင်းသည် ၀န်သိုသို့
ဆိုက်ရောက် သော်လည်း ထိုအချိန်က အထက်မြန်မာပြည် တစ်ဝှမ်းလုံး သျှမ်း၊ ကချင်၊ မြန်မာ စတဲ့တိုင်းရင်းသား လူမျိုးများ၏ မြင့်မားပြင်းထန်သော တော်လှန်ရေးတိုက်ပွဲများကြောင်း ၀န်းသိုမှ ခတ္တဆုတ်ခွာ သွားကြသည်။

၁၈၉၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ၀န်းသိုစော်ဘွား ဦးအောင်မြတ် ခေါင်းဆောင်သော သျှမ်းနီ၊ မြန်မာ တော်လှန်ရေးတပ်များသည် ၀န်းသိုမြို့နယ်၏ တောင်နှင့် မြောက်ဘက် ဒေသများမှ အင်္ဂလိပ်တို့အား စတင်တော်လှန် တိုက်ခိုက်သည်။

ဝန်းသိုစော်ဘွား၏ တပ်များသည် ကောလင်းမြို့ နှင့် ထီးချိုင့်အနီး ပတ်ဝန်းကျင်ရှိ အင်္ဂလိပ်ကင်းစခန်းများကို  တိုက်ခိုက်ဖျက်ဆီးကြသည်။ ထို့နောက် ဖေဖေါ်ဝါရီလ ၁၉  ရက် နေ့တွင် ကောလင်းမြို့ကို ဒုတိယအကြိမ် စီးနင်းတိုက်ခိုက်ရာ မြို့တွင်းရှိ အင်္ဂလိပ်တပါများ မခံနိုင်သဖြင့် စစ်ကူများခေါ်ယူကြရသည်။ ပေကုန်းရွာတိုက်ပွဲတွင် အင်္ဂလိပ်တို့ ဘက်မှ ဗိုလ်ကြီး ဟတ်ချင်ဆန် ကျဆုံးသည်။

သျှမ်းနီ တော်လှန်ရေး တပ်များနှင့် အင်္ဂလိပ်သည် ဥက္ကံရွာ၊ ကောလင်းမြို့အနီး စန္ဒယော်ကုန်း၊ ကျိုင်းခွင် တောင်ကုန်း နှင့်ပတ်ဝန်းကျင် ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးခဲ့သည်။

မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွား တပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင် စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တတိုင် ရှိနေသေးသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွား တပ်များက လိုက်လံ တိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ် တဦးနှင့် တပ်သား သုံးဦး ကျဆုံးခဲ့သည်။

သျှန်းနီ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု များသည် တနေ့တစ်ခြား ပိုမို မြင့်မားပြင်းထန်း လာခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်တို့သည် ဗိုလ်မှူးချုပ် ဝေါ့စလီဦးဆောင်သော ခြေလျင်တပ်၊ မြင်းတပ်၊ အမြောက်တပ်များပါဝင်သည့် အင်အား ၁၇၅၆ ယောက်ရှိ တပ်ပေါင်းစုကြီးကို ၀န်းသိုနယ်သို့ စေလွှတ်ရပြန်သည်။

အင်္ဂလိပ်တို့သည် ထီးချိုင့်တွင် ရှေ့တန်းစစ် ဌာချုပ်ပြုလုပ်ကာ မြောက်ဘက်မှ စစ်ကြောင်းတစ်ကြောင်း ခွဲ၍ ၀န်းသိုနယ်မြေကို ၀င်ရောက် တိုက်ခိုက်ကြသည်။ ၀န်းသိုစော်ဘွား စ၀်အောင်မြတ် ခေါင်းဆောင်သော သျှမ်းနီ၊ မြန်မာ တော်လှန်ရေးတပ်များသည်။ ရရာလူသူ လက်နက်စုရုံး၍ ၀န်းသိုတပ်၊ မိုးကောင်းတပ်၊ ကောင်လင်းတပ်၊ မြေနီတပ်စသည့် တပ်များဖြင့် ခုခံတိုက်ခိုက်ခဲ့ကြသည်။

ဝန်းသိုစော်ဘွား အုပ်ချုပ်ခွင့်ပိုင် ၀န်းသိုနယ်မြေအတွင်း ဖြစ်ပွားသောတိုက်ပွဲများတွင် အင်္ဂလိပ် တို့ဘက်မှ ဗိုလ်ကြီးဟတ်ချင်ဆန် အပါဝင် တပ်သား ၅၁ ယောက်ကျဆုံး၍ အများအပြား ဒဏ်ရာရရှိကြသည်။

ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ်၏ မှန်စိရွှေချ လက်စွဲတော် ဒူးလေး စစ်ချီစစ်တက် ခရာ၊ ဆင်စွယ် တံစိပ်တော်

၁၈၈၉ ခု၊ မေလတွင်  ကချင်ခေါင်းဆောင်တုံဟုံးဒူဝါ နှင့် သျှမ်းနီခေါင်းဆောင် စောရန်ပိုင်၊ မိုးလိုင်စော်ဘွား စ၀်ခမ်းလှိုင်တို့ ဦးဆောင်သော တိုင်းသားတော်လှန်ရေးတပ်များ မန်စီမြို့ကို စီးနှင်းတိုက်ခိုက်နေချိန် ဗန်မော်ခရိုင်နှင့် မိုးကောင်းမြို့ နယ်အတွင်းမှာလည်း သျှမ်းနီခေါင်းဆောင် ဗိုလ်ဖိုးစော ဦးစီးသော သျှမ်းနီနှင့်ကချင်တို့ ပါဝင်သည့် တိုင်းရင်းသားတော်လှန်တပ်သည်။

၁၈၈၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဗိုလ်ကြီးထရီစကော့ နှင့် ဗိုလ်မှူး အဒမ်ဆင် တို့ကွပ်ကဲသော စစ်ကြောင်းသည်  မိုးကောင်းသို့ ချီတက်လာရာ ဗိုလ်ဖိုးစော၏ သျှမ်းနီတော်လှန်ရေး တပ်ကြီးသည်။ မိုးကောင်းမြို့အနီး ညောင်ခြေထောက်ရွာမှ ၀ိုင်းဝန်းတိုက်ခိုက်ကြသည်။ မိုးကောင်းမှ တဆင့် မိုးညှင်းသို့ ဆက်လက် ချီတက်ရာတွင် အင်္ဂလိပ် စစ်ကြောင်းကို သျှမ်းနီများက ချုံခိုတိုက်ခိုက် ခဲ့ကြပြန်သည်။
 
ဗိုလ်ဖိုးစော၏ လက်ရုံး ညီဝမ်းကွဲတော်သူ ဗိုလ်ထီ ခေါင်းဆောင်သော အင်အား ၅၀၀ ကျော်ရှိသည့် သျှမ်းနီ တော်လှန်ရေးတပ်သည် အင်္ဂလိပ်တို့ တပ်စွဲထားရာ မိုးကောင်းမြို့ကို ၀င်ရောက် ထိုးစစ်ဆင် ကြပြန်သည် ။ မြို့တွင်းတိုက်ပွဲများ ၁ ရက်ကျော်မျှ ပြင်းထန်စွာ ဖြစ်ပွား ပြီ အင်္ဂလိပ် တို့ဘက်မှ တပ်သား ၂၃ ယောက် ကျဆုံးကာ အများအပြား ဒဏ်ရာ ရရှိကြလေသည်။ သျှမ်းနီတပ်သား ၄၀ ကျော်ကျဆုံးသည်။

မြစ်ကြီးနားခရိုင်တွင် ဆမားဒ၀ါသည် အင်္ဂလိပ်တပ်များကိုတိုက်ခိုက်လျက်ရှိရာ ဗိုလ်ဖိုးစော သျှမ်းနီတပ် ဗန်မော်ခရိုင်မှ ဆုတ်ခွါ၍ ဆမားဒူဝါ ကချင်တပ်နှင့် ပူးပေါင်းသည်။ ထိုနောက်နယ်ချဲ့ အင်္ဂလိပ်တို့အား ဆက်လက် ဆန့်ကျင်တိုက်ခိုက် ကြပြန်သည်။

အင်္ဂလိပ်တို့ ကချင်ခေါင်းဆောင် ဆမားဒူဝါ နှင့် သျှမ်းနီခေါင်းဆောင် ဗိုလ်ဖိုးစော တို့အား လက်နက်ချ ၀င်ရောက်ရန် ရာထူးပြ စကား ကမ်းလှမ်း ခဲ့သောလည်း မျိုးချစ်တိုင်းရင်းသား သူရဲကောင်း ကြီးများသည် ခါးသီးစွာငြင်းပယ်ခဲ့ကြလေသည်။
 
မြန်မာဘုရင်ကို လွယ်လင့်တကူ ဖန်းဆီးခေါ်ဆောင်သွားနိုင်ခဲ့သော်လည်း သျှမ်းနီနှင့် ကချင်းများ နေထိုင်ကြသော ဒေသကို နယ်ချဲ့ အင်္ဂလိပ်တို့ ဆယ်နှစ်ကြော် ကြာမြင်စွာ တိုက်ခိုက်ခဲ့ရလေသည်။

သျှမ်းနီအမျိုးသား စာရေးဆရာကြီး နတ်နွယ်ရေး မြန်မာပြည် မြောက်ပိုင်း နှင့် သျှမ်းနီလူကြီးသူမှများ၏ မှတ်တမ်းမှတ်ရာများမှ မိုးကောင်းတိုက်ပွဲအကြောင်း  ဆက်လက်ဖေါ်ပြပါဦးမည်။

 စောရန်ပိုင် မင်းသား

သျှမ်းနီအမျိုးသား စောရန်ပိုင်၊ စောရန်နိုင်နှင့် ကချင်အမျိုးသား ခေါင်းဆောင် တုံဟုံးဒူဝါ၊ မိုးလိုင်စော်ဘွား စ၀်ခမ်းလှိုင်တို့ ခေါင်းဆောင်သော သျှမ်းနီ၊ ကချင်၊ မြန်မာတို့ပါဝင်သည့် တော်လှန်ရေး တပ်များသည် ဗန်မော်ခရိုင်မှ အင်္ဂလိပ်တို့ အားတော်လှန် တိုက်ခိုက်ကြသည်။

၁၈၈၉ ခု၊ ဖေဖေါ်ဝါရီလ ၄ရက်နေ့တွင် မလင်းရွာ၌ သျှမ်းနီ၊ ကချင်တော်လှန်ရေး အင်အားစု နှင့် အင်္ဂလိပ်တို့ တိုက်ပွဲဖြစ်ရာ အင်္ဂလိပ်တို့ ဘက်မှ တပ်သား ၂ယောက်ကျပြီး ၁၀ ယောက်ပြင်းထန်စွာ ဒဏ်ရာရှိ သွားကြသည်။ အင်္ဂလိပ်တပ်များ ဆုတ်ခွါသွားရာ ယင်းတို့ထံမှ လက်နက် ရိက္ခာ အမြောက်အများကို တော်လှန်ရေး တပ်များက ရရှိလိုက်ကြသည်။

ဖေဖေါ်ဝါရီလ ရ ၇က်နေ့ ၌ ဗိုလ်ကြီး စမစ် ဦးစီးသော အမြောက်တပ်၊ ခြေလျင်တပ်အင်အား ၂၀၀ ကျော်ပါသည့် စစ်ကြောင်းသည် မန့်လင်ရွာကို ထပ်မံ တိုက်ခိုက်ပြန်သည်။ ယင်းတိုက်ပွဲတွင် ဗိုလ်စတော့ဒတ် နှင့်တပ်သား ၄ ဦး ကျဆုံးပြီး တပ်သား ၁၇ ဦး ဒဏ်ရာရရှိကာ ဆုတ်ခွါသွားကြသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အင်္ဂလိပ်တို့သည် တုံဟုံးဒူဝါ၊ စောရန်ပိုင်နှင့် စ၀်ခမ်းလှိုင်တို့ခေါင်းဆောင် တိုက်ခိုက်လျက်ရှိသော နယ်မြေသို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ကြပြန်သည်။ ယင်းစစ်ကြောင်းများတွင် ဗိုလ်မှူး ဘလန်ဒယ် ဦးဆောင်သော ဗန်မော် စစ်ကြောင်း၌ မြောက်တပ် ခြေလျက်တပ် အင်အား ၅၀၀ ပါဝင်၍ ဗိုလ်မှူး ဂရင်းဝေး ဦးဆောင်သော မိုးမိတ် စစ်ကြောင်း၌ အင်အား ၃၀၀ ပါဝင်သည်။

လွယ်ဆိုင်းသို့ မရောက်မီ ၁ မိုင်ခန့်တွင် အင်္ဂလိပ်တို့၏ မိုးမိတ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ချုံခိုတိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ အရာရှိ ၁ ဦး ကျဆုံးပြီး တပ်သား ၇ ဦး ဒဏ်ရာရရှိသွားသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် တုံဟုံးနယ်မြေအတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး နှစ်ဘက်စလုံး အများအပြား ထိခိုက် ဒဏ်ရာရရှိကြသည်။

ထိုအချိန်က သျှမ်းနီ၊ ကချင် တော်လှန်ရေး တပ်များသည် အင်အား ၂၀၀၀ ကျော်ဖြင့် တစ်ကြိမ်တည်းစုစည်း တိုက်ခိုက်ကြသဖြင့် အင်္ဂလိပ်တို့ အလွယ်တကူ နှိမ်နှင်းနိုင်စွမ်းမရှိခဲ့ကြချေ။

ထိုတိုက်ပွဲများတွင်  ကျဆုံးသော အင်္ဂလိပ်နယ်ချဲ့ သမားများ၏ စစ်င်္သချိုင်းကို ဗန်မော်မြို့ သံတဲအနီး၌ ကျောက်တိုင် ကဗျည်းစာများ ပြုလုပ်ခဲ့သည်။

ထက်ပါသမိုင်းဖြစ်ရပ်မှန် တိုက်ပွဲများသည် ဌာနေသျှမ်းနီးနှင့် ကချင်တိုင်းရင်းသားတို့ ရဲ့ ဘိုးဘေးများ ပါဝင်သက်ခဲ့သော ဖြစ်များပင်ဖြစ်သည်။

ဆက်လက် သမိုင်းအထင်ကရ သူရဲကောင်းများ  အပိုင်း (၂) သို့  *"۩"*

ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ် အကြောင်းတစေ့ တစောင်း *"۩"* 

ကျေးဇူးရှင်- ခန္တီးဆရာတော်ဘုရားကြီး ရေး ၀န်းသို ရာဇ၀င်သစ်   

ထုတ်နုတ်- ရွှေဥသြရဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'  
တပ်မတော် သမိုင်း ၁၈၂၄-၁၉ ၄၅ ပထမတွဲ

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"