koko

koko

Monday, September 3, 2012

စတီးဝဲလ်ရဲ့ ငရဲလမ်း သို့မဟုတ်လီဒို


ကမ္ဘာကြီးကို စစ်ကြီး နှစ်ခုဖြင့် ပိုင်းခြားကြည့်လိုက်လျှင် ဒုတိယ ကမ္ဘာစစ်သည် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုများ  ပါဝင် ပတ်သက်ခဲ့ရပေသည်။

 

မြန်မာ့ သမိုင်း စာမျက်နှာတွေကို လှန်လော်ကြည့်လိုက်ရင်  ချန်လှပ်ထား သလိုဖြစ်ခဲ့တဲ့ လီဒိုလမ်းမကြီး အကြောင်းကို ယနေ့ခေတ် လူငယ်မျိုးဆက် တွေကတော့ ကောင်းကောင်း သိကြမှာမဟုတ်ပါဘူး။ ဒီလမ်း မကြီးဟာ   မြန်မာနိုင်ငံ   တောင်ပိုင်း က သေမင်းတမန် ရထားလမ်းလောက် နာမည်မကြီး ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်ကို ရွံရှာထိတ်လန့် စွာဖြတ်သန်းခဲ့ရတဲ့ ဌာနေ တိုင်းရင်းသား တွေကတော့ သေမင်းတမန် လမ်းမကြီးရယ်လို့ သိကြပါတယ်။ သေမင်းတမန် ရထားလမ်းကတော့ ဂျပန်ဘုရင့် တပ်မတော်အနေနဲ့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဂျပန်တပ်တွေအတွက် စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံကို မီးရထားဖြင့် ဆက်သွယ်ရန်ပြု လုပ်ထား သော စီမံကိန်းတစ်ခုဖြစ်ပါတယ်။


ဒါပေမယ့် လီဒိုလမ်းမကြီးကတော့ အဲဒီရထားလမ်းနဲ့ မတူပါဘူး။ ဒီလမ်းမကြီးကို အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဗင်နီဂါ စတီးဝဲလ်က အိန္ဒိယနိုင်ငံလီဒိုမှ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ဖောက်လုပ်ရန် စီမံခဲ့ခြင်းဖြစ်ပါတယ်။

သူ့အကြံအစည်ကတော့ တရုတ်ပြည်တွင်းကို ကျူးကျော်ရောက် ရှိနေတဲ့ ဂျပန်တပ်မတော်နဲ့ တိုက်ခိုက် နေတဲ့ တရုတ်ကူမင်တန် တပ်များကို အန္တရာယ်များတဲ့ လေကြောင်းလမ်းကို ရှောင်ရှားပြီး   မြန်မာပြည်မြောက် ပိုင်းတောင်တန်းများပေါ်မှ လမ်း ကြောင်းတစ်ခု ဖောက်လုပ်ပြီး ထောက်ပံ့ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် ကာလတွေ ဖြစ်တဲ့ ၁၉၃၀-၃၁ မှာ ဂျပန်က မန်ချူးရီးယားကို ၀င်သိမ်းပြီး တဲ့နောက် တရုတ်-ဂျပန် ဒုတိယ စစ်ပွဲကြီး စတင်ခဲ့ပါတော့သည်။ ၁၉၃၇ မှာတော့ စစ်ဟာပိုမို အရှိန်မြှင့်လာခဲ့သလို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်း တော်တော်များများကို ဂျပန်က သိမ်းယူ နိုင် ခဲ့တာကြောင့် ဂျပန်တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တရုတ်ကူမင်တန် တပ်များကို အင်္ဂလိပ်တို့က  လိုအပ်နေတဲ့ စစ်အထောက်အပံ့ တွေကို ပေးပို့ရာမှာ အဟန့်အတား တွေ ဖြစ်နေ ခဲ့တယ်။ ဒါကြောင့်၊ ကူမင်းမြို့ကနေ လားရှိုးမြို့ ကိုဆက်သွယ်တဲ့ ရထားလမ်းတစ်ခုကို တရုတ် အလုပ်သမားတွေနှင့် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၃၈ မှာအပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း (Burma Road) လို့ခေါ်တယ်။ လားရှိး- ရန်ကုန်ရထားလမ်းရှိနေ တာကြောင့်၊ ရန်ကုန်မှာရှိနေတဲ့ စစ်အထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း၊ ကံဆိုးချင်တော့ ၁၉၄၂ မှာ ဂျပန်က ဗမာပြည်ကို ၀င်သိမ်းလိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါတော့တယ်။ ဒါကြောင့်၊ တရုတ်တပ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြရာကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ကူမင်းကို ဆက်သွယ်နိုင်မယ့် လမ်းသစ် ဖောက်လုပ်ဖို့ကို အကြံ ပြုခဲ့ကြရာက လီဒိုလမ်း ဆောက်လုပ်ရေးကြီး ပေါ်ပေါက်လာခဲ့တယ်။

အဲ့ဒီချိန်မှာ အာရှပစိတ်ဖိတ်ဒေသရဲ့ အိန္ဒိယ-ဗမာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ်ဖြစ်သူ အမေရိကန် စစ်ဗိုလ်ချူပ် ဂျိုးဇက်(W) စတီးလ်ဝဲလ် က ဒီလမ်းဆောက်လုပ်ရေးကို ကွပ်ကဲခဲ့ရတယ်။ ရန်ကုန်က အထောက်အပံ့တွေ ရပ်ဆိုင်းသွားတာကြောင့်၊ အစီအစဉ် အရ အိန္ဒိယနိုင်ငံ ကချာဒေသနှင့် ဘုံဘေမှာရှိနေတဲ့ စစ်အထောက် အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်း တင်ပို့ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီလမ်းမကြီး ကိုဖောက်လုပ်တဲ့ အမေရိကန်အင် ဂျင်နီယာတွေဟာ သားရဲတိရစ္ဆာန်များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များနဲ့ ပြည့်နှက်နေတဲ့ မြန်မာပြည် မြောက်ဘက်ပိုင်း တောနက်ကြီးတွေကို ရင်ဆိုင် ကျော်လွှားခဲ့ရ ပါတယ်။ အင်ဂျင်နီယာတွေရဲ့ တာဝန်ကတော့ အိန္ဒိယနိုင်ငံနယ် စပ်အနီးလီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင် တောင်ကြားကို ဖြတ်ပြီးဗန်းမော်မှ တဆင့် တရုတ်နိုင်ငံ ဝမ်တိန်နှင့် တရုတ်နိုင်ငံ ကူမင်းသို့ ဖောက်လုပ်ရန် ဖြစ်ပါတယ်။

နဂိုလမ်းမရှိရာ (သျှမ်းပြည်မှာရှိတဲ့) မုံယူလမ်းဆုံအထိ ၄၆၅ မိုင်ရှည်တဲ့ လီဒိုလမ်းဆောက်လုပ်ရေးကို ၁၉၄၅ အစောပိုင်းမှာပြီးတယ်။ ဒီလမ်းပိုင်းကိုတော့ လီဒိုလမ်းမ ကြီးလို့ခေါ်ပါတယ်။

အမေရိကန် တပ်မတော် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၄၈ သန်းကုန်ကျပြီး အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နိုင်င်ငံသားတွေ၊ မြန်မာနိုင်ငံမှ နာဂ၊ ကချင်နဲ့ သျှမ်းနီ တိုင်းရင်းသားတွေ၊ တရုတ် အလုပ်သမားတွေ စုစုပေါင်း အင်အား ၂၅ဝဝဝ လောက်နဲ့ မိုင်တစ်ထောင်ခန့် အရှည်ရှိတဲ့ လမ်းမကြီးကို ၂နှစ်ကြာ အောင် ဖောက်လုပ်ခဲ့ရပါတယ်။ အဲဒီငရဲ လမ်းမကြီးဟာ တစ်ထောင်ဆစ် ချိုးအကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့  ၊ ပေတစ်သောင်းကျော် နက်တဲ့ ချောက်ကမ်းပါး တွေနဲ့ တောင် အသွယ်သွယ် ပေါ်မှာ ဖောက်လုပ် ထားခြင်းဖြစ်ပါသည်။

သိမှီလိုက်သော ဘိုးဘွားများ ပြောကြားချက်အရ လမ်းဖောက်လုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့ရသော ဌာနေတိုင်းရင်းသားများအား ဒေသအခေါ် ကမ်နီ သို့မဟုတ် ခတ်ပုံ လို့ခေါ်တဲ့ ငှက်ပျောရွက်နဲ့ ဘိမ်း ကပ်ထားပြီး သော်ပါလို့ခေါ်တဲ့ ၀ါးပြောင်းနဲ့ရှုစေပြီး ငှက်ဖျား၊ အညှောင်းအညာများ ပြေတယ်ဟုဆိုကာ သုံးစွဲလာစေခဲ့ကြရာမှ ယနေ့ချိန်ထိ ရိုးရာ အစဉ်အလာပုံစံ လိုလို ကျန်ရှိ နေခဲ့ကြသည်ကိုလည်း ၀မ်းနည်းဘွယ် တွေ့မြင်ကြရသည်။

ယင်းကိုလိုနီစနစ်၏ ဆိုးမွေများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများဖို့ ယနေ့ချိန်ထိ နလန်မထူ နိုင် အောင်ပင်ဖြစ်သည်။

၁၉၄၂ ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့လမ်း ဖောက်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပြီး ၁၉၄၅ ဇန်နဝါရီ ၂၈ ရက်မှာ ပထမ ယာဉ်တန်း အနေနဲ့ ဝမ်တိန်မြို့ကို အောင်မြင်စွာသွားနိုင်ခဲ့ပါတယ်။

ကူမင်းကိုဆက်သွယ်တဲ့ မုံယူလမ်းပိုင်းကနေ မိုင်ပေါင်း ၆၀၀ ကျော်ခန့်ရှိတဲ့ ဗမာပြည်လမ်းပိုင်းကို စစ်ဘက် အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အား တွေနှင့် ပြန်လည်မွမ်းမံ တည်ဆောက် ခဲ့ကြပြန်ပါတယ်။ ဒီလမ်းဆုံ ဖြစ်တဲ့ မုံယူကနေ ကူမင်းအထိ ဆက်သွယ်ထားတဲ့ ဗမာပြည် လမ်းပိုင်းကို ဗိုလ်ချူပ်ကြီး စတီးဝဲလ်ကိုဂုဏ်ပြု တဲ့အနေနဲ့ စတီးဝဲလ် လမ်းမကြီးလို့ အမည်ပေးခဲ့တယ်။ နောင်မှာတော့၊ လီဒိုကနေ-ကူမင်းအထိ မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကို စတီးဝဲလ်လမ်းမကြီးလို့ လူသိများလာကြပါတယ်။


၁၉၄၅ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ထောက်ပံ့ရေး ပစ္စည်းတန်ချိန် ၃၄ဝဝဝ ကို ဒီလမ်းမကြီးကို အသုံးပြုပြီး ပို့ဆောင်ပေးနိုင်ပါတယ်။


 ၁၉၄၇ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့သော လန်ဒန်မြို့ ဗြိတိသျှ နိုင်ငံခြားရေး ရုံးမှ ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း (၈၀၀၀၀) ကျော် သေကြေပျက်စီးခဲ့ကြောင်း ခန့်မှန်းခြေ ထုတ်ပြန်ခဲ့သည်။

ဒါပေမယ့် လီဒိုလမ်းမကြီးကို ၁ဝလ ကြာအသုံးပြုပြီး တော့ သြဂုတ်လအတွင်းမှာ မြန်မာပြည်တွင်းရှိ ဂျပန်တပ်များ လက်နက်ချခဲ့ပြီး တစ်လအကြာမှာ လုံးဝတရားဝင် လက်နက်ချ အရှုံး ပေးခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက၊ နှစ်ပေါင်း ခြောက်ဆယ်ကျော်အထိ မွမ်းမံမှုမရှိပဲ တိမ်ကောနေတဲ့ ဒီလမ်းမကြီး လမ်းမကြီးရဲ့တချို့အစိတ်အပိုင်းတွေကိုတော့ အသုံးပြုနေဆဲ ပင်ဖြစ်ပါတယ်။

ဒီစတီးဝဲလ်လမ်းမကြီး သို့မဟုတ် လီဒိုလမ်းမကြီးဟာ ဗမာပြည်အပိုင်းမှာ အနောက်မြောက်ပိုင်းက နာဂဒေသတွေဖြစ်တဲ့ ပန်ဆောင်မြို့၊ နန်းယွန်းမြို့နှင့် ရှင်ဘွေယံမြို့တွေကိုဖြတ်သွားပြီး၊ ကချင်ပြည်နယ် ထဲမှာတော့ တနိုင်းမြို့ကနေတဆင့်  မြစ်ကြီးနား၊ နမ္မတီး စတဲ့မြို့ကြီး တွေကိုပါ ဖြတ်သွားပါတယ်။ ဟူးကောင်းလွင်ပြင်ဒေသရဲ့အလယ်ဗဟို ကနေဖြတ်သွား တဲ့လမ်းမကြီးပါ။

ယနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလည်း ချိန်မှာ တရုတ်နဲ့ အိန္ဒိယ ကုန်စည်ဆက်သွယ်ရန် အရေးပါလှသလို ဒေသခံတွေရဲ့ ဒီဒေသတွေဖွံ့ဖြိုးအရေးအတွက် အရေးပါတဲ့လမ်းမကြီးဖြစ်ခဲ့ပါတယ်။

 ဟူးကောင်းလွင်ပြင်သည် သဘာဝ သယံဇာတ နှင့် သစ်တောထွက် ပစ္စည်းများအပြား ထွက်ရှိတဲ့အပြင် ယခုအခါ ကျားဘေးမဲ့တော တခုဖြစ်ပြီး ၈၄၈၄ စတုရန်းမိုင် ဧရိယာ ကျယ်ဝန်းကြောင်းသိရပါသည်။

အလင်းသင့်၍ ဟူးကောင်း ဟူသော ဘာသာစကားသည် သျှမ်းနီလို ဟိုကောင်းမှ ဆင်းသက်လာသော စကားဖြစ်သည်  AD. 1296 ခန့်တွင် မိုးညှင်းသို့ သံစေလွှတ်ခြင်းကို တရုတ်မှတ်တမ်း များသိရ သည်။ ဟိုကောင်းမှ ဟူးကောင်း ဖြစ်လာခြင်းဖြစ်သည်။ ဟိုဆိုသည်မှာ ဦးခေါင်းဖြစ်ပြီး၊ ကောင်း ဆိုသည်မှာ (ဗုံ ) စည်တော်ကိုခေါ်သည်။ ဒုတိယ မိန်းကောင်းခေါ် မိုးကောင်းမြို့တည် မင်းတရားကြီး စ၀်ဆမ်လုံဖှ၏ ဗဟိုစည်တော် ခေါင်းလည့်ရာ အရပ်ဖြစ်သောကြောင့် ဟိုကောင်းမှ ကာလကြာရှေ လာသောအခါ ဟူးကောင်းဖြစ်လာခဲ့သည်။ ရှေးသျှမ်းနီခေတ်ဖြစ်တဲ့ မိုးကောင်းခေတ်တွင်   ဆားထွက်သောကြောင့် အားထားရာ နေရာလည်းဖြစ်သလို့  ပယင်းနှင့် ရွှေများလည်း ထွက်ရှိသောကြောင့် အချက်အခြာကြကာ စည်ကားခဲ့သော နေရာလည်းဖြစ်သည်။

အထက်မြန်မာပြည် မြောက်ပိုင်း နှင့် ဟူးကောင်းလွင်ပြင်ကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လီဒိုကနေ - ကူမင်းအထိ မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ ဒီလမ်းမကြီးမှာ ကျွန်ပ်တို့၏ ဘိုးဘေးများ အသက်သွေး ခြွေးများဖြင့် ပေးဆပ်ခဲ့ရသော သမိုင်းဝင် လမ်းကြီးပင်ဖြစ်သည်။ ထိုလမ်းမကြီးအား အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ကြပါစေလို့ တင်ပြလိုက်ရပါသည်။ .. ကျားပေါက်

ရွှေအမြုတေ- မဂ္ဂဇင်း, ဦးစိန်မျိုးမြင့်
ဘလော့ကာ - စုမောင်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"