koko

koko

Wednesday, October 24, 2012

မြန်မာအစ ဘယ်ကလာ

မြန်မာရာဇာဝင် ဆရာတို့သည် မြန်မာနှင့် အိမ်းနီးချင်များ ဖြစ်သော တရုတ်၊ ကုလား၊ ယိုးဒယား ဆက်ဆံရေး များကို ရေးကြရာတွင် မျိုးချစ်စိတ်ကို ဦးစားပေး၍ မဖြစ်ဘူးဘဲ ဖြစ်လေဟန် ဇွတ်ဖြည့်စွက်ရေး သည်လည်း ရှိ၏။ ဖြစ်ဖူးပါလျက် မဖြစ်လေဟန် တမင်ချန်ရစ် ခဲ့သည်လည်းရှိသည်။

ထင်ရှားသော သာဓကများကို ပြပါမည်။ မဖြစ်ဘူးဘဲ ဖြစ်လေဟန်   ရေးသည် များမှာ
(၁) သာကီဝင်မင်း အဘိရာဇာ မြန်မာနိုင်ငံသို့ ၀င်လာ၍ တကောင်းတည်ခြင်း၊
(၂) နောက်ထပ်သာကီဝင် ဓဇရာဇာရောက်လာပြန်ခြင်း၊
(၃) အနော်ရထာ မင်းစောက တရုတ်ဥတည်မင်းကို သွားရောက် ခြိမ်းခြောက်ခြင်း၊
(၄) အလောင်းစည်သူ ဇမ္ဗုသပြေပင်အနီးသို့ ရောက်သွားခြင်း၊
(၅) သမိန်ဗရမ်း နှင့် ဂါမဏီ သက္ကရာဇ်- ၇၇၅ AD -1415 လောက်က စီးချင်းထိုးခြင်းဖြစ်ရသည့် တရုတ်တို့ လာရောက် တိုင်ခိုက်ခြင်း၊
(၆) တမိန်ဗရမ်းနှင့် စလုံကျော်ခေါင် သက္ကရာဇ်- ၈၃၉ (AD -1477) လောက်က စီးချင်းထိုးခြင်း ဖြစ်ရသည့် တရုတ်တို့လာရောက် တိုက်ခိုက်ခြင်း စသည်တို့ဖြစ်ပါသည်။

ဤတွင် အဘိရာဇာနှင့် ဓမရာဇာ အကြောင်းကို ရေးကြသည်မှာ ငါတို့ သာကီဝင် မျိုးဖြစ်သည် ဟုဘုရား မျိုးနှင့်     ဆက်ခြင်းဖြစ်ပါသည်။ ကုန်းဘောင်းခေတ် အလောင်းမင်းတရား လက်ထက်လောက်မှ ထွင်သော ဇတ်လမ်းသစ်မျှသာ ဖြစ်သည်ဟု ယူဆရန် ကြောင်းရှိပါသည်။

အနော်ရထာနှင့် ဥတည်ဘွား အကြောင်းမှာလည်း မုချဧကန် ဖြစ်ရသော ကြောင်းထက် ပိုကဲ၍   ရေးမိခြင်း   ဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော အနော်ရထာသည် မြောက်ဘက်သို့ နယ်ချဲ့သည်ကာမှန်၏။ သို့သော ဧရာဝတီနှင့် ရွှေလီ ဆုံဆည်းရာ အရပ်ထက် မြောက်ကျသော နေရာကို မရာက်ဟု ထင်မိပါသည်။ စင်စစ်ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်ကုန်အောင်မျှ ထိုအခါက မြန်မာ့ လက်အောက်တွင် မရှိချေ။

အနော်ရထာ လက်ထက်တွင် မြန်မာနိုင်ငံတို့ စည်းလုံးမိ၍ အကျေအညာ နယ်ချဲ့သည်ကားမှန်၏ သို့သော တရုတ်ကို စစ်ပြုနိုင် လောက်အောင်လည်း အင်အားမရှိသေးဟု ယူဆပါသည်။

ထိုစဉ်က ယွန်နန် မြန်မာနယ်စပ်တွင် ရှိနေသော နန်ကျောင်သည် ယခု မြန်မာနိုင်ငံ၏ မြောက်ပိုင်း တစ်စိပ်တစ်ဒေသကို လွှမ်းမိုးနေဆဲဖြစ်၍ ယင်းတို့ကို တိုက်ခိုက်ခြင်း ဖြစ်မည်ဆိုက ဖြစ်နိုင်စရာ
အကြောင်းရှိပါသေးသည်။

အလောင်းစည်သူ မင်းကြီးသည် တိုင်းခန်းလှည့်လည်ရင်း ဇမ္ဗုသပြေပင်အနီးကို ရောက်သွားသည်ဟု ဆိုရာ၌လည်း အကဲပိုများ ပါ၍နေသည်။ ထို့ထက် တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညိုလို ပုဂ္ဂိုလ်က တိုင်းခန်းလှည့်သူမှာ အလောင်းစည်သူမဟုတ် နရပတိစည်သူ သာလျှင်ဖြစ်သည်ဟု ငြင်းချက် ထုတ်ခဲ့ဖူးပါသည်။

သက္ကရာဇ် ၇၇၅-နှင့် ၈၃၉ ခုများတွင် တရုတ်စစ်ရောက်၍ သူရဲကောင်း တယောက်ချင်း စီးချင်းကစားရာတွင် အနှစ် ၆၄- နှစ်သာ ခြားလျက် ဇတ်လမ်းတူ၍ မြန်မာဘက်မှ ဇတ်လိုက်မှာ နှစ်ကြိမ်စလုံး သမိန်ဗရမ်း ဖြစ်နေသည်မှာ တစ်နေရာရာတွင် မှားအံ့လောဟု သံသယဖြစ်စရာ ကောင်းနေပါသည်။

ထို့ကြောင့် တရုတ်မှတ်တမ်းများ၌ ရှာဖွေကြရာ ထိုအခါက မြန်မာနှင့် ရန်ဖြစ်သည်ဟု မတွေ့ရချေ။ ဤသည်လည်း မဖြစ်ဘူးဘဲ ဖြစ်လေဟန် ရေးခြင်းမျိုးဖြစ်ပါသည်။ မည်သည့်အကျိုးကို လို၍ ရေးသည်ဟု မသိရသော်လည်း ယခု ပြည်ထောင်စု ခေတ်တွင် တချို့ ရာဇ၀င်ဆရာတို့ အလွန်နှစ်သက်သော ဇတ်ကွက် တခုဖြစ်ကြောင်း တွေ့ရပါသည်။

အဘယ့်ကြောင့်ဆိုသော် သမိန်ဗရမ်းနှင့် ဂါမဏီ သို့မဟုတ် သမိန်ဗရမ်းနှင့် စလုံကျော်ခေါင်ဇတ်တွင် မွန်မြန်မာ ရန်စစ်ဖြစ်ဆဲ မြန်မာကို တရုတ်လာတိုက်လျှင် မွန်-မြန်မာပေါင်း၍ တရုတ်ကိုခု ခံသည်ဟူ၍   တွေ့ရသောကြောင့် ယင်းပင်လျှင် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ချေ၏ဟု အားပါးတရရေးကြ၏ ပြည်ကျော် ပန်းချီဆရာကို ဆီဆေးကားရေးခိုင်းသည်။ ရေးသူ၊ ဆွဲသူကို ကျေနပ်ကြသည်။ သို့သော် မည်သူမျှ ထို ဇတ်လမ်း သည် ရာဇ၀င်ကြောင်းအားဖြင့် မှန် မမှန် (Historicity) ရပ်၍ မစဉ်းစားကြချေ။ မဖြစ်ဘူးသည်ကို အဖြစ်လုပ်ခဲ့သလို ဖြစ်ဖူးသည်ကိုလည်း မသိမကြားဘူးသကဲ့သို့ ချွင်းချန်၍ ထားခဲ့သည် များကို တွေ့ရ ပါသည်။

အချုပ်အားဖြင့် မျိုးချစ်စိတ်အကဲပိုနှင့် မိမိရာဇ၀င်ကိုဖြစ်စေ၊ သူတစ်ပါး ရာဇာဝင်ကိုဖြစ်စေ၊ မရေးသင့်ဟု ဆိုပါသည်။ ဒုတိယ နိဂုံးအနေဖြင့်လည်း မြန်မာရာဇ၀င်ကို မြန်မာများကပင် အကဲအပိုမပါစေဘဲ ရေးသား၍ ကမ္ဘာကို တင်ပြချိန်ရောက်ပြီဟု ဆိုချင်ပါသည်။ တတိယ နိဂုံးအနေဖြင့် အင်္ဂလိပ်၊ ကုလားစသည်တို့က မဟုတ်မမှန် လီဆည်၍ မြန်မာအဆိုးဟု ရေးလေသည်တို့ကိုလည်း ဖော်ထုတ်ပြင်ဆင်၍ ဟုတ်သလောက်မူ ၀န်ခံပါဟု တိုက်တွန်းလိုပါသည်။
ဤနိဂုံး၌ပါသာ စကားသုံးချက်ကား ကျွန်တော်များ အစဉ်တစိုက် ဆက်လက်ထုတ်ဝေရန် ရည်သန်သော   မြန်မာရာဇ၀င်စာတန်း များ၏ ၀ါဒပင် ဖြစ်ပါသည်။

မြန်မာရာဇ၀င်စာတမ်း အမှတ်-၁
ဒေါက်တာသန်းထွန်း


မြန်မာအစ ဘယ်ကလာ


အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည်ဟု အတည်ပြုထားကြသည်။

တရုတ် မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက် ကုန်းမြင့်ဒေသ တ၀ိုက်သို့ ပြောင်းသွားကြသည်။ တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်နယ်သို့ ပြောင်းကြ သည်။

တရုတ်ပြည်ကို AD- 618 မှ 907 အုပ်စိုးခဲ့သော ထန်မင်းဆက်သည် တရုတ်တို့၏ သမိုင်းတွင်  ခေတ်   ကောင်းကြီး တခုဖြစ်၏။ နိုင်ငံတွင်း စီးပွားရေး၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများ တိုးတက်သည်။ အာရှ အနောက်နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှု တိုးတက်တည်တံ့စေရန် အာရှအလယ်ပိုင်းသို့ နာယ်ချဲ့ ၍ ကုန်သွယ်လမ်းများကို ထိန်းသိမ်းခဲ့သည်။ ဤသို့ဖြင့် ထန်အင်ပါယာသည် နောက်ဘက် အာရှအလယ်ပိုင်း တွင်များစွာ ကျယ်ပြန့်ခဲ့သည်။ သို့ပင်ဖြစ် လင့်ကစား ယန်စီမြစ်၏ တောင်ဘက် ယခုခေတ် ယူနန်၊ လွေချို၊ လွှမ်စီ၊ ကွမ်တုန်စသည့် ဒေသများကိုကား လက်အောက်ခံ နိုင်ငံများဟု သဘောထားရုံသာ ထားနိုင် သည်။   စစ်ရေးနိုင်ငံရေးတို့ဖြင့် တိုက်ရိုက်လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပေ။

ထိုစဉ်က တရုတ်ပြည် ယန်စီမြစ်တောင်ပိုင်းနေ လူများစုမှာ တရုတ်များမဟုတ်ကြချေ။ တိဗက် မြန်မာ အနွယ်ခွဲဝင် ဘာသာစကား ပြောသူများနှင့် သျှမ်းအစုဝင် ဘာသာစကား ပြောသူများမှာ ထိုဒေသတို့၏ လူများစု တိုင်းရင်းသားများဖြစ်ကြသည်။

ထိုဒေသတို့တွင် ထန်တရုတ်တို့၏ လက်အောက်ခံ မဟုတ်သော တိုင်းရင်းသားတို့၏ နိုင်ငံငယ်များ   ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံတို့အနက် “အားဟိုင်” (အားပင်လယ်) ပတ်ဝန်းကျင်တွင်   ပေါ်ပေါက် ခဲ့သော နိုင်ငံ- ၆-နိုင်ငံတို့ ထင်ရှား၏ ယင်းနိုင်ငံငယ်တွင် နေထိုင် သူတို့တွင် မောစောများ      (နန်ကျောက်သျှမ်း)၊ ရှေးဟောင်းမြန်မာများ၊ လောလောများ စသည့် တိဗက်မြန်မာ အနွယ်ဝင်များနှင့် သျှမ်းအစုဝင် များပါဝင်ကြသည်။

ယင်း ၆ နိုင်ငံအနက် တောင်ဘက်စွန်ကျသော မုင်ရှေစော (နန်ကျောင်)သည် အင်အား အကောင်းဆုံး   ဖြစ်သည်။ AD- 739 တွင် မုင်ရှေစောနိုင်ငံသည် ကျန်နိုင်ငံငယ် ၆ ခုကို သိန်းသွင်း၍ အင်အား  တောင့်တင်း   သော ပြည်ထောင်စုကို တည်ထောင်သည်။ မြို့တော်ကို အားဟိုင်အနောက်ကမ်း ယခု (ယူနန်နယ်) တာလီဖူမြို့ တောင်ဘက်အနီးတွင် တည်ထောင်ခဲ့သည်။

တရုတ်တို့က တောင်ဘက် “ဆောဘွဲ့ခံ သူအုပ်ချုပ်သောလူမျိုး (ဆောဆိုမှာသျှမ်းလို ဆေ- ဆိုသောကျားကို ခေါ်ဆို   ခြင်းဖြစ်သည်။) “နန်ဆောနိုင်ငံ” သို့မဟုတ် (နန်ကျောင်-နန်ချို -  နောင်ချယ် သျှမ်းတို့က လန့်ကျောက်  ဟုခေါ်သည်။  လန့် - သည်သျှမ်းလို သန်း၊ ကျောက် - သည် အသျှင်သခင် အသျှင်သခင်ပေါင်း သန်းနဲ့ချီပြီး အာဏာတည်ပါစဟုသော အတိနမိတ်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒါကိုအစွဲပြု၍ ယနေ့ ထိုင်းနိုင်ငံတွင် လန့်နား၊ လန့်ပန်း ဟူသော သန်းကိုအစွဲ၍ တည်ထောင်ခဲ့သော နိုင်ငံများရှိသည် ( မယ်ခူးဆေးရှဲန် - သျှမ်းသမိုင်းသုတေသီ )  ရေးသားခဲ့ခြင်းဖြစ်သည်။

လန့်ကျောက်-ပြည်ထောင်စုကို တည်ထောင်သော လန့်ကျောက် “ဧကရာဇ်ကြီး ရှဲင့်လော်ဖီ” ၏နောက် ဆက်ခံသော မြေးတော် “ကောလော်ဖှဲင” လက်ထက်တွင် လန့်ကျောက်၏ အင်အား လွန်စွာတိုးတက် ခဲ့သည်။ထန်တရုတ်နိုင်ငံ၏ လေးစားခြင်းကိုပင်ခံခဲ့သည်။

ထိုစဉ်က တရုတ်ပြည် အနောက်ဘက်ရှိ တိဗက်နိုင်ငံ မှာလည်း အင်အားကြီး နိုင်ငံတခုဖြစ်ခဲ့သည်။ အာရှအလယ်ပိုင်းကို ကြီးစိုးရေးအတွက် တိဗက်နှင့် ထန်တရုတ်တို့သည် အပြန် အလှန်စစ်ဆင်နွဲ   နေကြဆဲ ဖြစ်သည်။

ယခု အင်အားကြီးနိုင်ငံ တစ်ခုပေါ်လာသဖြင့် တိဗက်နှင့် တရုတ်တို့သည် လန့်ကျောက်နိုင်ငံ ဖြစ်သော ထိုအင်အားကြီးနိုင်ငံနှင့် ပူးပေါင်း၍ အချင်းချင်း တိုက်ခိုက်ရန် အခြေနေများ ဖြစ်ပေါ်ခဲ့သည်။
လန့်ကျောက်ကလည်း မိမိ၏ အကျိုးကို ကြည့်၍ တစ်ခါတရံ ထန်တရတ်နှင့်ပေါင်း၍ တိဗက်ကိုတိုက်သည်။ တစ်ခါတရံ တိဗက်နှင့်ပေါင်း၍ ထန်တရုတ်ကို တိုက်သည်။ ဤသို့ဖြင့် ပဒေသရာဇ် ၃ နိုင်ငံ၏ ၃ပွင့်ဆိုင် စစ်သည် ဖြစ်ပေခဲ့သည်။ ဤစစ်များကို အကြောင်းပြု၍ လန့်ကျောက်သည် စွီကျိုနှင့် ဝှေ့ထုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အနောက်ဘက်တွင် ယခုပေါင်ရှန်မှ မေခ မြစ်အထိ ယင်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်စွန်   ရေခဲ   တောင်ကြီး   များအထိ ခံတပ်မြို့ကို ဆောက်နိုင်ခဲ့၏ ပျူနိုင်ငံနှင့်လည်း အဆက်သွယ်ရခဲ့၏ ဤ စစ်တို့တွင် ရှေးဟောင်းမြန်မာတပ်များ ပါဝင်ဆင်နွဲခဲ့၏။ ရှဲင့်လော်ဖီမင်းကြီး လက်ထက်မှ စ၍ ရှေးဟောင်း   မြန်မာတို့သည် လန့်ကျောက် ပြည်ထောင်စုနိုင်ငံတွင် ပါဝင်ခဲ့ကြသည်။ ထိုရှေးဟောင်း မြန်မာတို့မှာ မည်သူတို့နည်း။ သူတို့၏ အကြောင်းကို ခေတ်ပြိုင်ရေးခဲ့သော တရုတ်ကျမ်းတို့တွင် တွေ့နိုင်သည်။
(မန်ရှုကျမ်း၊ ထန်ရာဇ၀င်ကျမ်းဟောင်းနှင့် ထန်ရာဇ၀င်ကျမ်းသစ် )

“ဖန်ချို-အမည်ရှိသူက AD-863” ခုတွင် မန်ရှူခေါ် တရုတ်ဘာသာရေး ကျမ်းတစ်စောင်ကိုရေးခဲ့၏ ထိုကျမ်း၌ နောင်အခါ မြန်မာဖြစ်လာမည့် မူလမြန်မာ တို့ကြောင်းကို အတန်ငယ်ပြည့်စုံအောင်   ရေးသား ခဲ့ပါသည်။

မူလမြန်မာသည် ယုန်ဂ်ချန်င် (ပ၀်ရှန်) ပန်ဝန်းကျင်၌နေ၏။ ထိုအရပ်ကား စင်စစ်အားဖြင့်   မြောက်နမိုင်ခ၊   ရှေ့မဲ့ခေါင်၊ တောင်သိန္နီအတွင်း ရှိသောဒေသပင်ဖြစ်ပါသည်။


ထိုသူတို့သည် မိမိတို့ သရှင်သခင်ကို မင်းသို့မဟုတ် မင်းစောဟုခေါ်သဖြင့် ဖန်ချိုက ယင်းတို့ကို “မင်းသို့မဟုတ် “မင်းစော”လူမျိုး ဟုပင်ခေါ်ပါသည်။ ထိုသူတို့သည် “ယွန်နန်၏ အကျော်ဆုံးမြင်းမျိုးကို   မွေးသူများဖြစ်၏။” ထို့ကြောင့်လည်း ယင်းတို့ပင် မြင်းသည်ကျော်များ ဖြစ်ကြသည်။ ပိုးစားရိုင်းပင်၏ အသားနှင့်လေးကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်နိုင်၏။ စစ်ရေးစစ်ရာ၌ ပထမတန်းစားများ   ဖြစ်ပါသည်။

“ရှေးဟောင်းမြန်မာများဟု” ဖေါ်ပြခဲ့သော “မင်း သို့ မင်းစော” လူမျိုးတို့သည်။ ခြေတံရှည် အိမ်များနှင့်   နေကြောင်း၊ အနီရောင်ပိုးစဖြင့် ဦးခေါင်းကို ရစ်ပတ် တန်ဆာဆင်က ခေါင်းပေါင်းစကို နောက်တွင် ချကြောင်း၊ အမျိုးသီးတို့သည် အရောင် ၅မျိုး ပါသော လဲပိုးထည်ကို ၀တ်ကြောင်း၊ ယင်းအ၀တ်ကို   ခေါင်းပေါ်ထိ ခြုံနိုင်ကြောင်း၊ စပါးကြီးမြွေသွားများ၊ ခရုခွံများ၊ ပုလဲစစများနှင့် ကုံးထားသော ပုတီးများကို ကိုင်တွယ်နည်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် သိုင်းကြသည်။ ဆွဲထားကြသည်။ အိမ်ထောင်မရှိသေးသူသည် ထိပ်တွင် ဆံထုံးတစ်ထုံးသာ ထုံး၍ အိမ်ထောင်ရှိသူသည် ချိုစောင်းနေရာတွင် တစ်ထုံးစီခွဲ၍ နှစ်ထုံး ထုံးသည်။

သူတို့သည် အိမ်အနီးသစ်ပင်များပေါ်တွင် ဒေါင်းများကို မွေးမြူထားကြောင်းစသည်ဖြင့် ဖော်ပြထား၏။ ပိုးခေါင်းပေါင်းနီကို အစနောက်ချ၍ ပေါင်းခြင်း၊ ခြေတံရှည်အိမ်များပေါ်တွင် နေခြင်း၊ မြန်မာတို့ အလေး အမြတ်ထားသော အလံတွင် ဒေါင်းရုပ်ပါခြင်းတို့မှာ ဤရှေးဟောင်းလူတို့၏ အစဉ်အလာ အဆက်ပင်   လောဟု တွေးထင်ဖွယ်ရာရှိ၏ မင်းလူမျိုးစု အားလုံးလိုပင် “ဘောင်းဘီပြာဝတ်၍ ကြိမ်ခွေ၊ ၀ါးနှီးများဖြင့် ခါးကိုပတ်ထားကြသည် ဟုလည်းဆို၏” ကုန်းမြင့်သားများဖြစ်ကြောင်း ထင်ရှားပေသည်။

တိုက်ခိုက်ရေးတွင် ၀ါသနာထုံသူများဖြစ်သည်။ ပေါ့ပါးလျင်မြန် ဖျတ်လတ်သည်။ မြင်းစီးစဉ် လှံကို ကျင်လည်စွာ သုံးတတ်သည်။ စီးရာတွင် ကုန်းနှီးမပါ အပြင်းတိုက်ရန် ဒုန်းစီးသောအခါ များတွင် ပျံနေသည်ဟု ထင်ရသည်။ သူတို့၏ အမျိုးသမီးပျိုတို့သည်လည်း မြင်းရေးတွင် အလားတူစွမ်းရည် ရှိသူများဖြစ်၏ နန်ကျောင်မြို့နှင့် တပ်မြို့ အသီးသီးမှ စစ်သူကြီးများ တပ်ထွက်ကြသော အခါ တပ်ဦးမှပါရလေသည်။

ထိုသူတို့သည် လှံရှည်၊ ကာရှည်ကြီးများကို ကိုင်ဆောင်သည် သူတို့ချီတက်လာပြီဆိုလျှင် မည်သူမှ မခုခံနိုင်၊ မြားတို့နှင့် သစ်သားလေး(ဒူးလေး) ကိုလည်းသုံးသည်။ မြှားသွားကို အဆိပ်လူးထား သဖြင့်   မြှားချက်ထိသူ ရုတ်ခြသည်းသေသည်။ ၀ါးချွန်အပစ် အလွန်ကျင်လည်သည် တောနက်အတွင်း လင်းနို့ကိုပင် ထိအောင်ပစ်နိုင်သည်။ အလွန်လက်ဖြောင့်၍ လွဲသည်မရှိ သူတို့သည် ငှက်ပျောရွက်တွင် အစာပုံ၍ စားသည်။ ခွက်ယောက်မရှိ မြောက်ဘက်အကျဆုံးလူစုဖြစ်သည်။

 ဇွဲ၊ သတ္တိနှင့် သစ္စာရှိမှုတို့တွင် အံ့ဖွယ်သရဲ ရှိလှသည်။ တရုတ်တို့နှင့် ဖြစ်ရသော စစ်ပွဲတွင် မိသွားရာ အမျိုးမျိုး နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးသည်၊ စကားတစ်ခွန်းမျှ မဟချေ၊ လက်ကောက်ဝတ်မှ လက်ကိုဖြတ်ပစ်၍ စစ်မေးပြန်သည်၊ မပြော၊ အော်ဟစ်ခြင်းပင် မပြုကြပေ။ ဤသည်မှာ ရှေးမြန်မာတို့၏ နန်ကျောက်ခေတ် စစ်ပွဲကြီးများတွင် ပါဝင်ပတ်သက်ခဲ့သော ရဲစွမ်းသတ္တိနှင့် သစ္စာရှိမှုများသာပင် ဖြစ်လေသည်။

ထိုသူတို့သည် ဖန်ချို မှတ်တမ်းတင်ချိန်၌ မြန်မာနိုင်ငံတွင်းသို့ သျှမ်းပြည် မြောက်ပိုင်းမှစ၍ ၀င်ရောက်ချိန်   ဖြစ်ပါသည်။ အဘယ့်ကြောင့် နောက်ထပ် တောင်ဘက်သို့ တိုးဝင်ရပြန်ပါသနည်းဟု မေးလျှင် နန်ကျောင်၏ ဖိစီးနိုပ်စက်ခြင်း ဘေးမှ ရှောင်ရှားခြင်း ပင်ဖြစ်သည်ဟု ဖြေရမည်။ နန်ကျောင် (သျှမ်း) အမျိုးတွင် “ရှဲန်လောဖိမင်းက AD- 713” ခုအလွန်တွင် သံလွင်နှင့် မဲခေါင်ကြားနေ မင်းစော အမျိုးတို့ကို ပထမဆုံး အောင်နိုင်သည် ဟုဆိုပါသည်။

 AD- 755 ခုနန်ကျောင်တို့ လွှမ်းမိုးချိန်ဖြစ်၍ နန်ကျောင်မင်းကြီး ကော်လော်ဖန်က တိဗက်ကို မဟာမိတ်ပြု၍ တရုတ်ကို စစ်ကြီး နှစ်ကြိမ်နိုင်လိုက်၏။ မဟာမိတ်ဖြစ်သော တိဗက်သို့ သွားရန်လမ်းနှစ်သွယ်ရှိရာ ထိုလမ်းနှစ်ခုစလုံး မြန်မာနိုင်ငံမှ ဖြတ်၍သွား၏ ထိုလမ်းအတိုင်း နန်ကျောင်တို့လိုက်လာလျှင် ပျူတို့နှင့်   တွေ့တော့သည်။ ရောက်လာသော နန်ကျောင်ကို ပျူတို့က လက်သင့်ခံရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။ အကြည်တသာ လက်ခံရသည့်အပြင် နန်ကျောင်တို့ တိုက်သောစစ်များ၌ပင် ပျူစစ်သားတို့ လိုက်၍ တိုက်ရသေး၏ ပျူတို့မှာ နန်ကျောင်ကို ခံညားရိုသေလျက် အခွန်ဆက်သနေရပြီဖြစ်၏ ထိုကုလား တရုတ် လမ်းမကြီးနှစ်ခုကို တရုတ်အမတ် ကျာတန်က ရှစ်ရာစုကုန်ခါနီးတွင် အခန်းဆက်နှင့် တကွ အသေးစိတ်ရေးသားထားခဲ့သည်။
(ယှင်ထန်ရှု၊ အခန်း ၄၁ (၁) စာမျက်နှာ ၂၁၊ ယာနှင့်ဝဲ)

တရုတ်စစ်ကိုတိုက်နေသော လန့်ကျောက် အရှင်မင်းကြီး ကောလော်ဖန်၏ မြေးတော် ယိမိုရွန်း လက်ထက် AD- 794-ခုတွင် မင်း သို့ မက်းစော အမျိုးတို့ကို နှိပ်ကွပ်ပြန်သည်ဟုဆိုသည်။ လန့်ကျောက်တို့က ချဲန်င်တုမှ ဟနွိုင်သို့ဖြန့်၍ စစ်တိုက်ရာ၌ မင်း-တို့က အသေခံအဖြစ်ဖြင့် တပ်ဦးတပ်ဖျားက လိုက်ကြရ ရှာသည်။ ထိုသူတို့ စစ်တိုက်ရာ၌ ရဲစွမ်းသတ္တိရှိပုံ၊ စည်းကမ်းရိုသေပုံနှင့် ဆင်းရဲပင်ပန်း   ရောက်၍ သေပုံကို ဖန်ချိုက အသေးစိတ်ဖော်ပြခဲ့၏။ နန်ကျောင်ကိုလည်း ရွံ့မုန်း၍ လာကြမည်ဖြစ်ပါသည်။

 AD- 794-ခုနှစ် ကျော်တွင် မြေးတော်-ယိမိုရွန်း စစ်ကိုရပ်စဲလိုက်၏ ထိုနောက် လက်အောက်ခံ   ပြည်နယ် များစွာမှ သီဆိုတီးမှုတ် သူဆိုင်းသမား တို့ကိုစု၍ တရုတ်ဧကရာဇ်ထံသို့ AD- 800”-ကျော်တွင်   စေလွှတ်   ဖျော်ဖြေခိုင်းသည်။ ယင်းတို့တွင် ပျူသဘင်သည်တို့လည်းပါ၏ ထို့ကြောင့် ပျူနှင့် တရုတ် အဆက်သွယ် ရလာသဖြင့် ပျူမင်းဖြစ်သော ခွန်မော်ချန်မင်းမျိုးမှ ယုန်ချိယန်မင်းက AD-801-2-ခုနှစ် တွင် တရုတ်နိုင်ငံသို့ လန့်ကျောက်မှ တစ်ဆင့် သံစေလွှတ်ခဲ့သည်။

ညီတော် သို့မဟုတ် သားတော် ဂြိမြို့စား (ဗန်းမော် သို့မဟုတ် တကောင်းမြို့စား) သုနန္ဒကို သံအဖွဲ့တွင် ထည့်လိုက်၏ တရုတ်မှတ်တမ်းများ၌ ထိုသံအဖွဲ့နှင့်တကွ ပျူတူရိယာနှင့် တီးမှုတ်ပုံကို အသေးစိတ်   ရေးသားထားသည်။ တဖန် AD-832-ခုတွင် နန်ကျောက်တို့က “ပျူမြို့တော်” ကိုဖျက်ဆီးပြီးနောက် “လူ ၃၀၀၀-သုံ့ပန်း” အဖြစ် ဖမ်းယူသွားကာ “ကျေတုန်ခေါ် ယွန်နန်ဖု”အမည်ရှိ လန့်ကျောက်တို့၏ အရှေ့ဘက်မြို့တော်တွင် အစေအပါး ကျွန်ပြု၍ထားသည်။ စားသောက် နေထိုင်ရေးကို ဖြစ်သလို ယင်းတို့ဘာသာ စီမံနေထိုင်စေ၏ မသေမပျောက် ကျန်ရစ်သေးသည့် သားမြေးတို့ ယခုတိုင်ရှိ၍ သားငါးတိရိစ္ဆာန်ကို စားသောက်ကြသည်။
(မန်ရှူ၊ ၄၄ ယာ)

လန့်ကျောက်တို့သည် တခါတရံ “ရှေးဟောင်းမြန်မာလူစု” ကို ဖိနှိပ်ခြင်းရှိ၏။ စစ်ရေးကို အခြေခံသည့် ပဒေရာဇ်စနှစ် အောက်တွင်   နေရသည်မှာ   ပျော်မွေ့ဖွယ်မဟုတ်၊ ထို့နောက်   မြန်မာနိုင်ငံ မြေပြန့်၌ တခြားတန်းခိုးကြီး အင်အား တစ်ရပ်ဖြစ်သော မိချဲန်ကို AD-835 ခုနှစ်တွင် နန်ကျောင်ပင် ၀င်ရောက်သိမ်းရာ၌ ပါဝင်ခဲ့ရ၍ ရှေးဟောင်း မြန်မာတို့ သည် မြန်မာနိုင်ငံ၏ အခြေနေကို သိခဲ့ရသော အခါ တစ်ရွာပြောင်းမှ သူကောင်းဖြစ် မည်ဆို သည့်     သဘောလည်း   ပေါက်လာခဲ့ကြပေမည်။


မြန်မာနိုင်ငံ မြေပြန်တွင် အားကောင်းသော ပျူနှင့် မွန် နှစ်မျိုးစလုံး ပြိုကွဲလျှင် မြန်မာအဖို့ အလွယ်နှင့်ပင် ထိုအရပ်များ၌ ၀င်၍ အုပ်စီးရန်သာ ကျန်ပါတော့သည်။ မြန်မာတို့ AD-900 မှစ၍ “ကျောက်ဆည်နယ်ကိုမှ” ရွေးကာ ၀င်ရောက် နေထိုင်သည်ဟု “ပါမောက္ခလုစ်က” စွဲမြဲယုံကြည်၏။ ထိုသို့ ယုံကြည်ရန်လည်း “ကျောက်စာများ” အားကိုးရှိပါသည်။   ရှေးအကျဆုံး မြန်မာ   ကျောက်စာ  တို့၌ ပါသော ရွာအမည်များကို ရှာလျှင် ကျောက်ဆည်နယ်၌သာ တွေ့ရသည်။

ကျောက်ဆည်ကား မြန်မာမရောက်မီ ကပင် ဆည်မြောင်းနှင့် စပါးစိုက်ရာအရပ် ဖြစ်၍ “မွန်”တို့နေရာ    ဖြစ်ပါသည်။ “လ၀၊ ပလောင်” တို့လည်းရှိ၏။ ကန်တူ၊ သက်နှင့် စကြစ်(ကရင်) လည်းရှိပေမည်။   မြန်မာက ကျောက်ဆည်ကို ၀င်လါလျှင် မွန်အများစုသည် တောင်ဘက်သို့ ဆုတ်သွားရဟန်ရှိသည်၊ သို့သောမွန် တချို့မှာ ကျောက်ဆည်ဒေသ၏ မြောက်နှင့် အရှေ့မြောက် အရပ်များတွင် အစုလိုက် ကျန်ရစ်ပါသည်။ ထိုအရပ်ကို ရည်ညွန်း၍ ရှေးမြန်မာကျောက်စာတို့၌ တန်လိုင်ရွာမဟု ရေးသား   ဖော်ပြသည်ကို တွေ့ရပါသည်။

မိုန်ခရိုင်ဟု ရေးသားထားသည် ကိုလည်း တွေ့ရ၏။ မြန်မာတို့ဝင်လာပုံကို မှန်းဆဖော်ပြရာ၌ လန့်ကျောက် အန္တရာယ်ကို ရှောင်တိမ်းလိုသော မြန်မာသည် နမ်တူမြစ်ကို သီပေါတွင် မိမိတို့ စီးလာသည့် မြင်းများနှင့် တကွ ဖြတ်ကူး၍ ရပ်စောက်နှင့် ရေငန်ဘက်မှ မြေပြန့်ကို ချဉ်းကပ်လျက် နတ်ထိပ်လမ်းကြားမှ အလျင်အမြန် ဆင်းလာပြီးနောက် ကျောက်ဆည်အရပ်ကို ရှေ့တောင်မှ ဖောက်ဝင်၍ မွန်အများပင် မိမိတို့ အားကြီးရာ တောင်ဘက်သို့ ဆုတ်မပေးနိုင်မီ၊ ကျောက်ဆည် အရပ်တစ်ခုလုံးကိုဖြန့်၍ အလျင်အမြန် အုပ်စီးလိုက်ဟန်ရှိသည်ဟု “ပါမေက္ခ ဂျီ အိပ်ခ်ျလုစ်ကရေးသား” ဖော်ပြဖူးပါသည်။

မြန်မာတို့ ၀င်၍နေမိပြီဖြစ်သော ကျောက်ဆည်နယ်ကို ရှေးက မ္လစ်သာ ၁၁-ခရိုန် ဟုခေါ်မြဲဖြစ်၏။ “ဆယ့်တရွာ”   ဟုလည်း အလွယ်ခေါ်ပါသည်။   မြန်မာနိုင်ငံ မြေပြန့်တွင် မြန်မာ ထက်စော၍ ရောက်နေသူ များ ရှိသောေ ကြာင့် ကျောက်ဆည်ကို ၀င်လာသော မြန်မာများသည် အေးအေး နေရမည် မဟုတ်၊ နန်ကျောက်၏ ရန်ကို ရှောင်ခဲ့သော်လည်း လူမျိုးများစွာက ဆီး၍ တွန်းလှန်မည့် အန္တရာယ်ကိုနိုင်ငင်အောင် တိုက်ရချေမည်။

သို့ပေမဲ့ မြန်မာတို့သည် လန့်ကျောက်၏ စစ်ဦးတွင် ပါဝင်လျက် ကိုးရာစုဦးတွင် ပျူမြို့တော်နှင့် မိချဲန်မြို့ ကိုဝင်ရောက်သိမ်းပိုက် ဖျက်ဆီးကြစဉ်က မူလမြန်မာ အမျိုးသားတို့လည်း ပါလာကြသည်ဖြစ်ရာ ယခု မြန်မာမြေပြန်သို့ ၀င်လာကြရာ၌ စစ်ရေးအရ မည်သူ့ကို ဦးစွာတိုက်၍ မည်သည့်ဒေသကို အရင်သိမ်းရမည်ကို သဘောပေါက်ပြီး ဖြစ်ချေမည်။

ယခု ရန်ကုန်အနီးတွင် ရှိမည်ဟုထင်ရသော မနိ တွင် သက်ကျွန် ၈၅၀- ရှိကြောင်း ကျောက်စာ တစ်ခု တွင်တွေ့ရ၏ ထို့ကြောင့် မြန်မာနိုင်ငံ မြေပြန့်တို့ အုပ်စီးမိရန် ကြိုးစားရာ၌ အကြီးဆုံးခုခံသူကား ကန်တူ တို့ပင် ဖြစ်နိုင်၏ “ကန်တူကို အသက်တို့မဟုတ်” သက်ဟုလည်းခေါ်သည်။

AD-850 တွင် ပျဉ်ပြားမင်းက ပုဂံကိုတည်သည်ဟု မြန်မာရာဇာဝင် ကျမ်းကဆိုသည်။ “မူလမြန်မာ” တို့၏ နတ်နဂါးအယူနှင့် ယဇ်ပူဇော်ခြင်း အလေ့ရှိသည်ဟု ဆိုရမည် “မြင်းခုန်တိုင်” ဟူသော အမည်မျိုးက သားကောင်းကို ယဇ်ပူဇော်ရကြောင်း သက်သေခံပါသည်။ လန့်ကျောက်နှင့်တွဲဖက် နေရစဉ်က မှတ်သားမိသော တတ္ထုပုံပြင်မျာလည်း မြန်မာတို့တွင်ပါလာသည်။

ပျူစောထီးမှာ စင်စစ်အားဖြင့် လန့်ကျောက်ပုံပြင်မှ သူရဲကောင်းသာ ဖြစ်ပါသည်။ အဖ၏ နောက်ဆုံးအမည်ကို သားက အမည်အစတွင် ယူ၍မှည့်ခြင်းမှာလည်း “လန့်ကျောက်ဓလေ့”သာဖြစ်သည်။ ထင်ရှားအောင်ပြရလျှင် “ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်၊ ကြောင်ဒူရစ်” ဟူသော   ခြောက်မည်တွဲကို ကြည့်လျှင် ရှေ့အမည်၏ အဆုံးကိုယူ၍ နောက်အမည် စသည်ကို တွေ့ရသည်။

မြန်မာနှင့် အတူ မြန်မာတွင်းသို့ တစ်ပါးတည် မပါခဲ့သော မူလမြန်မာ များကား “မရူး၊ လရှီးနှင့် အတ်တစီတို”့ ဖြစ်ရာ ထိုသူတို့ကို သွားရောက်လေ့လာလျှင် ဗုဒ္ဓ၀ါဒီ လက်မခံမီက မြန်မာတို့ ယုံကြည်မှုဓလေ့ကို သိရှိနိုင်မည် ထင်ပါသည်။

သို့သော မြန်မာများ ဗုဒ္ဓ၀ါဒီိမဖြစ်မီက ပုဂံတစ်လွားတွင် နဂါးကိုးကွယ်ခြင်းမုချရှိ၏။ ဗုဒ္ဓသာသနာက   နောက်ဆုံးအနိုင်ရ၍ မင်းရော ပြည်သူပါ ဗုဒ္ဓ၀ါဒီများ ဖြစ်လာချိန်မှာ AD-1000 ခန့်ကဟု မှန်းဆပါသည်။ အဘယ်ကြောင့်ဆိုသော ဗုဒ္ဓတို့ အောင်မြင်သည့် အခါတိုင်း သိမ်သမုတ်သည်ကို   တွေ့ဖူးသဖြင့် “စောရဟန်မင်း”က “တုရင်”တောင်ထိပ်၌ သိမ်ဆောက်ခဲ့သည်။ ထိုသိမ်ကို AD-1212-ခုတွင် “နာတောင်များမင်း” ကစေခိုင်းသဖြင့် ပြင်ရကြောင်း ကျောက်စာရှိပါသည်။

မြန်မာတို့ သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် “သထုံပြည်မှ ရှင်အရဟံ” မည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရထာလည်း ကြည်ညို- ဆည်းကပ် သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။

အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ “ပိဋကတ်တော်” များရှိကြောင်း ကြားသိရသော လက်ဆောင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- “မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ အနော်ရထာမင်းသည် စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။ မြန်မာတို့ ယခုလက်ရှိ စာလုံးအက္ခရာ များကိုစ၍ အသုံးပြု- ရေးသားကြလေသည်။

ထိုစာလုံးတို့ကာ အိန္ဒိယ ပြည်တောင်ပိုင်းမှ အောက်မြန်မာနိုင်ငံ “မွန်”တို့ထံသို့ AD-500 -ခုလောက်တွင် သုံးစွဲသော (ပတ္ထိဝ) အက္ခရာ စာလုံးမျိုးဖြစ်၍၊ ပန်းရံ- ပန်းပဲ စသောအတတ် ပညာများလည်း တိုးပွါးလာတော့သည်။
 
ရှေးမြန်မာတွေဟာ မြန်မာဒေသကို ရှေ့မြောက်က ၀င်တယ်လို့ သေချာသလောက်ဖြစ်တယ်၊ လာလမ်း သျှမ်းပြည်မြောက်ကို ဖြတ်ဝင်မယ်။ အချိန်ကာလ ခရစ်ကိုးရာစုနှစ် ဖြစ်နိုင်တယ် ကရင်က ၀င်တာ ဒါထက်စောတယ် ကျွန်တော့်အထင် အရှေ့ယွန်းယွန်းက တောင်ပိုင်းသျှမ်းပြည်ကို ဖြတ်ဝင်မယ်၊

ရှေ့ကပဲ ဆက်သွယ်ကြမှာက မြောက်ဖက် ကရင် (ပအို့/တောင်သူ) နဲ့ မြန်မာနီးစပ်တယ် ဒီလိုပဲ တောင်ဖက် ကရင် (ပိုးနဲ့ စကော) နဲ့ ရှေးမွန်တွေလဲ နီးစပ်ကြပါတယ်။ ချင်းနဲ့ကရင် (အသံနေ အသံထားနဲ့ စကားဆက်ပုံ) တူတာများကို အခုတွေ့ရတော့ ကျွန်တော်သိပ်အံ့သြမိပါတယ်။ ဒေါက်တာသန်းထွန်း

သူတို့နှစ်မျိုးဟာ ရှေးရှေးအစဉ်အဆက် တူညီခဲ့ပုံရတယ်၊ ချင်း၊ မြန်မာ၊ ကရင်မှာ နာမည်၊ မှည့် ဆိုတာ အတူတူတွေ့ရင် ဘာအံ့သြစရာရှိလဲလို့ ပြောရမှာဖြစ်ပါတယ်။ ချင်း၊ ကရင်၊ မြန်မာ ဝေါဟာရတွေ ထပ်တူလို ရှိနေတာက နတ်၊ လင်၊ အကြီးအကဲ၊ မေးရိုး၊ ပခုံး၊ အူသိမ်အူမ၊ ဥ၊ ချွဲ၊သလိပ်၊ အော့အံ၊ ကျွဲ၊ ရှဉ့်၊ ပျား၊ မြှော့၊ သန်း၊ ကြိမ်၊ ထဘီ၊ ဖြစ်နိုင်တာက စကောကရင်က ဧရာဝတီမြစ် အနောက်ဘက် မင်းဘူးနယ်ကို   မြန်မာတွေ ပေါ်လာတဲ့ ၉ရာစု နှစ်ထက်စောပြီး ရောက်နေကြပါပြီ။

အဲဒီမှာ ကရင်မြန်မာ တွေ့ကြတော့မှာ မြန်မာက အထက်ပါစကားလုံးတွေကို ငှားသုံးတာတော့ မဖြစ်နိုင်ပါ။   ရှေးရှေးကပဲ အတူတူ နီးနီးစပ်စပ်နေခဲ့ကြတာ ဖြစ်လို့ အခုလို ဝေါဟာရတွေ တူတာဖြစ်ရမယ်။စကားသံ (အသံနေ အသံထား) ကလဲ သံနိမ့်သံမြင့်ဆင်တူနေပါတယ်။ အချုပ်ပြောရရင် တိဗက်မြန်မာလူမျိုးတွေထဲမှာ သံနေသံထား (အသံစဉ်ပုံ) ဘယ်လိုပဲ ကွာကွာ ၊ တစ်မျိုးထဲဖြစ်ရမယ်၊ ဒါကြောင့်ပြောစကား မှ ကျနော်တို့ တကယ်သိတာထက် ပိုပြီး ဆင်တူတာတွေရှိနေပါတယ်။

မှတ်ချက် - တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ၀တ်တယ်၊ ဘောင်ဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ်  ၆၀၀ လောက်ပဲရှိသေးတယ်။ ဘောင်းဘီဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက်၊ ဒါလောက်တော့ သိထားသင့်တယ်။ ( ဒေါက်တာသန်းထွန်း- ငါပြောချင်သမျှ ငါ့အကြောင်း)

အထက်ပါ သမိုင်းအထောက်ထားများအရ မြန်မာသည်လည်း မိုးကျရွှေကိုမျိုးမဟုတ် သကျသာကီဝင် မျိုးလည်း မဟုတ်ပါ ပြည်ထောင်စုဖွား တိုင်းရင်းသား တမျိုးပင်ဖြစ်ပါသည်။

ခေတ်သစ် ဖက်ဒရယ် ပြည်ထောင်စုတို့ တက်လှမ်းကြမည့်   ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကို   မောင်နှမ  များအားဝေငှ တင်ပြလိုက်ရပါသည်။ ကျားပေါက်

ထုတ်နုတ်
ဗိုလ်မှူး ဘရှင် -ရှေးမြန်မာများ ၀င်ခဲ့ပုံ
ဒေါက်တာသန်းထွန်း -မြန်မာရာဇ၀င်စာတမ်း အမှတ်-၁
အမျိုးသားပညာဝန် ဦးဖိုးကျား -ခေတ်မှီ မြန်မာရာဇ၀င်အကျဉ်း
 ဒေါက်တာသန်းထွန်း- ငါပြောချင်သမျှ ငါ့အကြောင်း

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"