koko

koko

Thursday, October 18, 2012

စစ်သူကြီး သတိုးမဟာဗန္ဓုလ

စစ်သူကြီး သတိုးမဟာဗန္ဓုလ (၁၇၈၀ – ၁၈၂၅)
စစ်သူကြီး မဟာဗန္ဓုလသည် ဘိုးတော်ဘုရားနှင့် ဘကြီးတော်တို့ လက်ထက် ပထမ အင်္ဂလိပ် – မြန်မာစစ် အတွင်း ထင်ရှားကျော်ကြားခဲ့သော ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုပမ်း အမူတော် ထမ်းခဲ့သော   မြန်မာစစ်သူကြီး   ဖြစ်သည်။ မဟာဗန္ဓုလ၏ ဘွဲ့အပြည့်အစုံကား ‘စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ’ ဖြစ်သည်။

မဟာဗန္ဓုလ၏ အမည်ရင်းမှာ မောင်ရစ်ဖြစ်ပြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ပန်းယင်းရွာ (ငပယင်းရွာ) ၌ ဦးပေါက်တော၊ ဒေါ်မိငြိမ်းတို့က သက္ကရာဇ် ၁၁၄၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ (ခရစ်နှစ် ၁၇၈၂၊ အောက်တိုဘာ ၇) တွင် မွေးဖွားသည်။

ဆင်းရဲသား တောင်သူလယ်သမားမျိုးရိုးဖြစ်သည်။ မွေးဖွားစဉ် ကိုယ်တွင် အချင်း ရစ်သိုင်း ထွေးပတ်   နေသဖြင့် ‘မောင်ရစ်’ ဟု အမည်မှည့်ခေါ်ခဲ့ကြောင်း အဆိုရှိ၏။ မောင်ရစ်သည် သားဦး ဖြစ်ပြီး   မွေးချင်း   မောင်နှမ ၃ ဦး ရှိသည်။ ငယ်စဉ်က ငပယင်းရွာဦးကျောင်း ဆရာတော်ထံတွင် ပညာဆည်းပူးခဲ့သည်။ အရွယ် ရောက်လာသောအခါ ‘ရှင်မင်းဘူး’ အမည်ရှိသော အမျိုးသမီးနှင့် အိမ်ထောင်ပြုခဲ့ပြီး၊ သား မောင်ကျန်းကြီး ထွန်းကားခဲ့သည်။

မိဖလက်ငုတ် ဖြစ်သော နှမ်းခင်းအလုပ်မှာ ဝင်ငွေ မမှန်သဖြင့် ဘိုးတော်ဘုရား နန်းစိုက်ရာ အမရပူရ နေပြည်တော်သို့ မင်းမှုထမ်းရန် ရွှေ့ပြောင်းလာခဲ့သည်။ သာမန် အရပ်သားဘဝမှ နေပြည်တော်ရှိ အဘိုးဖြစ်သူ တံခါးနီတော်မှူး ဦးအောင်ရ၏ အဆက်အသွယ်ဖြင့် နန်းတွင်းသို့ ရောက်ရှိ အမှုထမ်းခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်ရစ်သည် ဘိုးတော်ဘုရား လက်ထက်တွင် သားတော် အိမ်ရှေ့မင်း အိမ်တော်၌ အမှုထမ်းရွက်ခဲ့ရာမှ အိမ်ရှေ့ကိုယ်ရံတော် ဖြစ်လာခဲ့သည်။ အိမ်ရှေ့မင်း နတ်ရွာစံသော် (ကွယ်လွန်သော်) အိမ်ရှေ့အရာ ဆက်ခံသည့် စစ်ကိုင်းမင်းသားထံတွင် ဆက်လက် အမှုထမ်းခဲ့သည်။

 သို့သော် စစ်ကိုင်းမင်းသားက မောင်ရစ်အား အရေးတယူ မရှိချေ။ ထို့ကြောင့် တခုသော ညီလာခံတွင်   မောင်ရစ်သည် အမှုထမ်း နန္ဒဗလအား ထုထောင်းသဖြင့် ညီလာခံ ရုတ်ရုတ်သဲသဲ   ဖြစ်ရလေသည်။ အိမ်ရှေ့မင်းလည်း အမျက်ရှာကာ မောင်ရစ်အား ချုပ်နှောင် စစ်ဆေး၏။ ထိုအခါ မိမိအား အရေးတယူပြုခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အရေးတယူပြုရန် ထုထောင်းရကြောင်း မောင်ရစ်က ရဲဝံ့စွာ လျှောက်ထား၏။ အိမ်ရှေ့မင်းလည်း မောင်ရစ်၏ ရဲဝံ့မှုကို သဘောကျ နှစ်ခြိုက်ပြီး ဘိုးတော်ဘုရားအား လျှောင်တင်ရာက ဘိုတော်ဘုရားလည်း နှစ်သက် အားရတော်မူသဖြင့် ဗြဲတိုက်သံဆင့် (ဗြဲတိုက်သံတော်ဆင့်) အရာ ခန့်ထားတော်မူသည်။

သက္ကရာဇ် ၁၁၇၅ ခုနှစ် (ခရစ်နှစ် ၁၈၁၃ ခု၊ ဇွန်လ) တွင် ဗြဲတိုက်သံဆင့် အရာမှ နေမျိုးသူရရဲခေါင်ဘွဲ့ခံ ဒီပဲယင်းမြို့ဝန်အရာသို့ တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရသည်။

ဘိုးတော်ဘုရား လက်ထက်မှာ မဏိပူရ၌ သားတော်အကြီး ချောဂျစ်ဆင်း (မဟာရာဇာ) နဲ့ သားငယ် မာဂျစ်ဆင်း (ဇူပရာဇာ) တို့ ထီးနန်းဆက်ခံရေး အရှုပ်အထွေး ဖြစ်လာပြီး နန်းလုကြရာတွင် မာဂျစ်ဆင်းက မြန်မာမင်းထံ ခိုလှုံ အကူအညီ တောင်းရာမှ မဏိပူရနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်။ ထိုအခါ နေမျိုးသူရရဲခေါင် ဒီပဲယင်း မြို့ဝန် (မောင်ရစ်) သည် ဗိုလ်ချုပ် အတွင်းဝန် နေမျိုးမင်းလှမဟာနော်ရထာ နှင့်အတူ မဏိပူရတိုက်ပွဲတွင် ပါဝင် အမှုထမ်းခဲ့ပြီး၊ သူ၏ စွမ်းရည်သတ္တိနှင့် တိုက်ရေးခိုက်ရေး ကျွမ်းကျင်မှုတို့ကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့သည်။

သက္ကရာဇ် ၁၁၇၈ (ခရစ်နှစ် ၁၈၁၆) တွင် အာသံ၌လည်း အလားတူ နန်းလုကြရာမှ မြန်မာတို့နှင့် အာသံတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ ထို အာသံတိုက်ပွဲ၌လည်း နေမျိုးသူရရဲခေါင်သည် တပ်ဦးမှနေ ချီတက် အမှုထမ်းခဲ့ရပြီး၊ သူ၏ အရည်အသွေးမှာ ပေါ်လွင်၍ နာမည်ရခဲ့သည်။

ဘိုးတော်ဘုရား နတ်ရွာစံပြီး (ကွယ်လွန်ပြီး) နောက်၊ စစ်ကိုင်းမင်း (ဘကြီးမင်း) နန်းတက်လာသော အခါ ဒီပဲယင်း မြို့ဝန် နေမျိုးသူရရဲခေါင်အား အလုံမြို့ကို စားစေပြီး မဟာဗန္ဓုလဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာတို့ နန်းတင်ပေးခဲ့သော မဏိပူရနှင့် အာသံ စော်ဘွားတို့က ပုန်ကန်သည့် အရေးအခင်းများ ထပ်မံ ဖြစ်ပွားခဲ့ပြန်ရာ၊ အလုံမြို့ဝန် မင်းကြီး မဟာဗန္ဓုလအား စစ်ကဲအဖြစ် တိုးမြှင့်ခန့်အပ်ပြီး ချီတက် တိုက်ခိုက်စေခဲ့သည်။ ထိုစစ်ပွဲများ၌ မဟာဗန္ဓုလ၏ အမှုထမ်းရည်ကို သဘောကျ နှစ်ခြိုက်သဖြင့် စစ်ကိုင်းမင်း (ဘကြီးတော်) က (၁၈၂၃၊ ဖေဖော်ဝါရီ ၂၁ ရက်) တွင် အဂ္ဂမဟာသေနာပတိ ဝန်ကြီးရာထူးသို့ တိုးမြှင့် ခန့်ထားလိုက်သည်။

သက္ကရာဇ် ၁၁၈၅ ခုနှစ်တွင် ဗြိတိသျှတို့နှင့် မြန်မာတို့ ရခိုင်နှင့် စစ်တကောင်းနယ်စပ်၊ နတ်မြစ်ဝရှိ ရှင်မဖြူကျွန်း သူပိုင် ငါပိုင် ပဋိပက္ခ ဖြစ်ပွားရာမှ ဗြိတိသျှတို့က ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မြန်မာဘုရင်အား စစ်ကြေညာခဲ့သည်။ ထိုအချိန်တွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလနှင့်အတူ မြန်မာစစ်တပ် အတော်များများသည် ရခိုင် ဓညဝတီသို့ ပို့ထားပြီး ဖြစ်သည်။

မဟာဗန္ဓုလသည် ဓညဝတီမှ စစ်တကောင်းဘက်သို့ စစ်ချီခဲ့ပြီး၊ ဂေါတော့ပလ္လင်နှင့် ပန်းဝါ (ရာမူး) အရပ်တို့တွင် လည်းကောင်း၊ ပင်လယ်ဝ နတ်မြစ် (Naaf River) တွင် လည်းကောင်း ဗြိတိသျှ တပ်များနှင့် ရင်ဆိုင် တိုက်ပွဲ   ဖြစ်ပွားခဲ့ရာတွင် ဗြိတိသျှတပ်များအား ချေမှုန်းနိုင်ခဲ့သည်။

ထိုအတောအတွင်း ဗြိတိသျှတို့သည် ရေကြောင်းမှနေ ရန်ကုန်မြို့သို့ ချီတက် သိမ်းပိုက်လိုက်ရာ၊ ဘကြီးတော် ဘုရားလည်း ဓညဝတီရောက် မဟာဗန္ဓုလအား   နေပြည်တော်သို့ ပြန်လည် ဆင့်ခေါ်ခဲ့ပြီး၊ ‘သတိုးသုဓမ္မ မဟာဗန္ဓုလ’ ဘွဲ့ဖြင့် အစွမ်းကုန် ချီးမြှင့်ပြီးလျှင် စစ်သူကြီး၏ နေရာ အစီးအနင်း အဆောင်အရွက် များနှင့် တကွ စစ်တောင်းမြို့ကို ပေးအပ် ချီးမြှောက်တော်မူခဲ့သည်။

ဤကဲ့သို့ ရခိုင်မှ အင်းဝနေပြည်တော်သို့ တောတောင် အထပ်ထပ်ကို ဖြတ်ကျော်ကာ စစ်သူကြီး မဟာဗန္ဓုလနှင့် သူ့၏ စစ်တပ်တို့ အလျင်အမြန် ဆုတ်ခွာလာနိုင်မှုကို ရန်သူ ဗြိတိသျှတို့ကပင် ချီးကျူးခဲ့ကြရသည်။

မိုးရာသီ အထွတ်အထိပ်ကာလတွင် ဗန္ဓုလသည် သူ၏ တပ်သားပေါင်း ခြောက်သောင်းကို ရခိုင်ကမ်းခြေသို့ တပ်နှင်လာပြီး မျှော့၊ ငှက်ဖျားပိုးနှင့် ခြင်ပေါသော လူသူမနေ တောတောင်များကို ဖြတ်ကျော်ကာ ပြည်မသို့ ယူဆောင်လာသည်။

ဤအံ့ဖွယ် သူရဲစစ်ချီခြင်းမှာ [ရှေးခေတ်သမိုင်း တွင်ရစ်သော] ဟယ်နီဘောလ် (Hannibal) အဲ့လပ် (Alp) တောင်များ ဖြတ်ကျော်ခြင်းနှင် နှိုင်းယှဉ်အပ်ပေသည်။ (စေတီပုထိုးစစ်ပွဲ၊ နှာ ၂၅)
ထို့နောက် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ ကိုယ်တိုင် ဦးစီးသော မြန်မာစစ်တပ်သည် ရွှေတိဂုံ ဘုရားကုန်းမြေကို ဌာနချုပ်လုပ်ကာ ရန်ကုန်မြို့ကို သိမ်းပိုက် တပ်စွဲထားသော နယ်ချဲ့ ဗြိတိသျှတို့အား မောင်းထုတ်နိုင်ရန် အစွမ်းကုန် ကြိုစား အားထုတ်ခဲ့သော်လည်း လက်နက် အင်အားချင်း မမျှသဖြင့် ဓနုဖြူမြို့ဘက်သို့ တပ်ဆုတ်ခဲ့ရသည်။ မဟာဗန္ဓုလသည် ဓနုဖြူမြို့တွင် ခံတပ် အခိုင်အမာ တည်ကာ ဗြိတိသျှ စစ်တပ်ကို ရင်ဆိုင်ရန် ပြင်ဆင်ခဲ့သည်။

ဆာအာချီဘောလ် ကင်ဘဲလ် (Sir Archibald Campbell) ဦးစီးသော ဗြိတိသျှ စစ်တပ်သည်လည်း အင်းဝ နေပြည်တော်ကို သိမ်းပိုက်ရန်အတွက် စစ်ကြောင်း ၂ ကြောင်းခွဲကာ ချီတက်ခဲ့သည်။ တကြောင်းမှာ ကင်ဘဲလ်ကိုယ်တိုင် ကွပ်ကဲ၍ ကုန်းလမ်းမှ အတွင်းသို့ ချီတက်ရန်ဖြစ်ပြီး၊ ကျန်တကြောင်းကို ဗိုလ်ချုပ် ကော်တွန် ဦးစီးပြီး ရေကြောင်းမှ ချီတက်ရန် ဖြစ်သည်။

ကော်တွန်က ဓနုဖြူသို့ အရင်ရောက်ပြီး စစ်သူကြီး မဟာဗန္ဓုလအား လက်နက်ချခိုင်းရာ မြန်မာဗိုလ်ချုပ်၏ အဖြေကား ခန့်ညားလှပါသည်ဟုပင် ဗြိတိသျှ အင်္ဂလိပ်တို့က မှတ်တမ်း တင်ခဲ့ရသည်။

"ကျွန်ုပ်တို့ နှစ်ဦးသည် မိမိတို့ တိုင်းပြည် ကိုယ်စီအတွက် တိုက်နေခြင်း ဖြစ်သည်။ အသင်သည် အသင်၏ ဂုဏ်သိက္ခာ ထိန်းသိမ်းရာတွင် တည်ငြိမ်စွာ ရှိသကဲ့သို့ အကျွန်ုပ်လည်း ကျွန်ုပ်၏ တပ်လုံရန် ကာကွယ်ရာ၌ တည်ငြိမ်စွာရှိကြောင်း အသင် တွေ့မြင်ရမည်။ ဓနုဖြူမြို့ကို ကြည့်လိုသော် အကြည်တော်များ အဖြစ် လာခဲ့ပါ။ အကျွန်ုပ် ပြမည်။ အသင်သည် ရန်သူကဲ့သို့ လာပါက ကုန်းပေါ် ချီတက်ခဲ့" (စေတီပုထိုးစစ်ပွဲ၊ နှာ ၂၈)

ထို့နောက် ဗိုလ်ချုပ်ကော်တွန် ဦးစီးသည့် ဗြိတိသျှ စစ်တပ် ကုန်းပေါ်သို့ ချီတက်လာခဲ့ရာ မဟာဗန္ဓုလနှင့် မြန်မာ စစ်တပ်က အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။ ခရစ်နှစ် ၁၈၂၄ ခု၊ မတ်လ ၂၅ ရက်နေ့တွင် ကင်ဘဲလ်တပ် ရောက်လာပြီး၊ ဧပြီ ၁ ရက် နေ့တွင် တိုက်ပွဲကြီး ဆင်တော့သည်။ အလွန်ပြင်းထန်ခဲ့သော ထိုတိုက်ပွဲတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလသည် ဓနုဖြူခံတပ် အတွင်း၌ပင် နယ်ချဲ့ ဗြိတိသျှတို့၏ အမြောက်ဆံ ထိမှန်ကာ ခရစ်နှစ် ၁၈၂၄ ခု၊ ဧပြီ ၁ ရက် (သက္ကရာဇ် ၁၁၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၄ ရက်) နေ့တွင် ကျဆုံးခဲ့ရသည်။
မဟာဗန္ဓုလ ကျဆုံးသော နေရာ၌ အထိမ်းအမှတ် ပြုထားသော အုတ်ဂူသင်္ချိုင်းသည် ဓနုဖြူမြို့တွင် ယခုတိုင် ရှိပေသေးသည်။


မြန်မာ့ စွမ်စုံကျမ်း အတွဲ – ၈ (ဘ – မဟောဂနီ)၊ အပိုင်း-ခ၊ ပဌမနှိပ်ခြင်း၊ ၁၉၆၃၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း။
စေတီပုထိုးစစ်ပွဲ (The Pogoda War by A.T.Q. Stewart)၊ ရန်ကုန်လှသိန်း ဘာသာပြန်သည်၊ ပထမအကြိမ်၊ ၁၉၈၀ ပြည့်နှစ်၊ အောက်တိုဘာလ၊ မြန်မာစာပေတိုက်။
ဗမာ့တော်လှန်ရေး သမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ)၊ သတ္တမအကြိမ်၊ ဇန်နဝါရီလ ၂၀၀၉၊ ရာပြည့်စာအုပ်တိုက်၊



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"