koko

koko

Monday, November 12, 2012

သျှမ်းကတူး၊ကနန်းတို့၏ လက်ထပ်မင်္ဂလာ


မင်္ဂလာဟူသည် ကြီးပွားချမ်းသာ စေကြောင်း   ကောင်းသော    အပြုမှု အဖြစ်သည့် အားလျော်စွာ   လောကီရေးရာ မင်္ဂလာသည် တစ်ဆယ့်နှစ်ပါး တွင် အာဝါဟ ၀ိဝါဟ မင်္ဂလာ ဟူ၍ ထမ်းမြားလက်ထပ်ခြင်း သည် မင်္ဂလာ ဖြစ်သည်ဟု အင်္ဂုတ္ထိုရ်  အဋ္ဌကထာတွင် လည်းကောင်း၊ ဧဇာတိသတ္တ ကျမ်းတွင် လည်းကောင်    ဖေါ်ပြထားပါသည်။

အာဝါဟ ဆိုသည်မှာ သတို့သမီးကို သတို့သားအိမ်သို့   ဆောင်၍ နေထိုင်စေသောငှာ ပြုသော မင်္ဂလာကို ဆိုလိုသည်။ ၀ိဝါဟ ဆိုသည်မှာ အပြန်အလှန်အားဖြင့်၎င်း အထူးအားဖြင့်၎င်း သတို့သားကို သတို့သမီးအိမ်သို့   နေထိုင်ရန်   ဆောင်အပ်သော မင်္ဂလာကို ဆိုပါသည်။
 လောကီလိုအရ ထိမ်းမြားခြင်းမင်္ဂလာ ဆယ်ပါးရှိပါသည်။

ကတူး၊ ကနန်းသျှမ်းတို့လည်း သျှမ်းနီများ နည်းတူ အင်္ဂလာကြီး မင်္ဂလာငယ်ဟူ၍ နှစ်မျိုးရှိကြသည်။ သျှမ်းကတူး၊ ကနန်းတို့၏ အထူးသတ်မှတ် ချက်မှာစေ့စပ်   ကြောင်းလမ်း မင်္ဂလာ မဆောင်ဘဲ တိတ်တဆိတ် လိုက်ပြေး ပြီးမှ နောင်မင်္ဂလာဆောင်လိုသည် ဆိုပါက မိဘများသည် ရှက်သည့်သဘောဖြင့် နောင်ထိုသို့ မပြုလုပ်ကြရန် ရွာအလယ်တွင် မြေပြင်၌ ဖျာခင်း၍ မင်္ဂလာဆောင် ကျင်းပပေးသည်။

မင်္ဂလာဆောင်ရာတွင် ဧည့်ခံစရိတ်နှင့် မင်္ဂလာ ကွမ်းဖိုး များကို တကြိမ်တည်း မတတ်နိုင်ပါက နှစ်ကြိမ်ခွဲ၍ မင်္ဂလာ ဆောင်ခွင့် ရှိလေသည်။ မင်္ဂလာကြီး မင်္ဂလာငယ်ကို တစ်ကြိမ်တည်း  ဖြင့်လည်း  ပြုလုပ်   နိုင်ကြသည်။ သားကို ယောက္ခအိမ်သို့ ထည့်ရိုး ထုံးစံမရှိပေ ချွေးမကိုသာ လက်ခံယူလေ့ရှိသည်။

ကတူး၊ ကနန်း တို့တွင် လူပျိုခေါင်းဆောင် အပျိုခေါင်းဆောင်သည် ရပ်ရွာ သူကြီးထက်ပင် လူငယ်များ အပေါ်၌ သြဇာအာဏာ ညောင်းလေသည်။ မင်္ဂလာပွဲပြီးလျင် လူပျိုခေါင်းကို  သီးသန့်ကန်တော့ပွဲ တစ်ပွဲပေးရသည်။

မင်္ဂလာဆောင်တွင် ဘိသိက်ဆရာကို ခေါ်ထားရလေသည်။ မင်္ဂလာဆောင်နေ့တွင် သတိုးသားဘက်မှ လူပျိုရံ အပျိုရံများ ရှေ့ဆောင်လူကြီးများ ကန်တော့ပွဲ၊ ဓော့ ခေါ်ဆေးကွမ်း လက်ဖက်လက်ဆောင်များ၊ အုန်းငှက်ပျောများ၊ သပြေပန်း၊ မြေဇာမြက်၊ ကံဆောင်ဖျာနှစ်ချပ်၊ ဆန် မိရာဘရာငွေကြေး၊ လူပျိုရံ အပျိုရံအတွက်ငွေကြေးများ စသည်တို့ကို ယူဆောင်သွားရလေသည်။ သတို့သားဖက်မှ ကံဆောင်ဖျာ ရက်လုပ်သူများမှာ မိစုံဘစုံ မိန်းကလေးများသာ ဖြစ်ကြရလေသည်။

သတို့သမီး အိမ်သွားရာတွင် မဂဏန်းဖြစ်သေရသည်။ သို့မှ မင်္ဂလာဆောင်မှအပြန် သတို့သမီး ပါလာသော အခါ စုံဖြစ်လာမည်၊ မင်္ဂလာဆောင်အပြန်တွင် စုံစုံလင်လင် ပါရှိသည် ဟူသောအတိတ် ကိုယူကြ   လေ့ရှိသည်။

သတို့သမီး အိမ်ခြေရင်းသို့ ရောက်သောအခါ ရှေ့ဆောင် ဘိသိတ်ဆရာက သတို့သားအဖွဲ့ အိမ်ပေါ်တက် ခွင့်ပြုရန် တောင်းပန်ဆိုရလေသည်။ အိမ်ပေါ်သို့တက်ခဲ့ပါဟု သတို့သမီး မိဘများက ခွင့်ပြုမှ အိမ်ပေါ်သို့ တက်ကြရလေသည်။ ထို့နောက် ဧည့်ပရိတသတ်များစုံလင်သဖြင့် မင်္ဂလာလက်ထပ်ရန် အချိန်ရောက်သော   အခါ သတို့သမီးသည် အခန်းအတွင်းမှ အပျိုရံများ ခြံရံလျက် ထွက်လာရလေသည်။ သတို့သမီးသည် သတို့သား၏ လက်ဝဲဘက် ကံဆောင်ဖျာပေါ်တွင် ဒူးတုပ်ထိုင်ရလေသည်။

ရိုးရာနတ်များကို ကန်တော့ရာတွင် သတို့သမီးဘက်မှ သက်ဆိုင်ရာနတ်များကို ကန်တော့ရသည် သတို့သားကိုလည်း ခေါင်တိုင်းသို့ခေါ်၍ နတ်ကိုပြသရသည်။   ခေါင်တိုင်နတ်ကို ပြသရာတွင် ကတူး၊ ကနန်းသျှမ်းတို့၏ အယူအဆအရ သံပြားပေါ်တွင် သတို့သား သတို့သမီး နှစ်ဦးစလုံး နင်းစေ၍ ရပ်နေစေသည်။ အဓိပ္ဗါယ်မှာ သံပြားကဲ့သို့ အကြင်လင်မယားသည် မည်သည့် အခါမျှ ခွဲမနေပါ ရိုးမြေကျသည်အထိ တစ်ဆက် တည်း  တစ်သားတည်း ပေါင်းသင်းကြ မည်ဟူသေား အဓိပ္ဗါယ်ဖြစ်လေသည်။
-----  ကတူးရိုးရာဝတ်စုံ

ခေါင်တိုင်နတ်ကို ကြက်ဖ၏အသား၊ အသည်း၊ အဆုတ်၊ ထမင်း၊ ရေတစ်မှုတ်ဖြင့် ပူဇော်ရသည်။ ငါးချဉ်၊ ငါးပိ၊ လက်ဖက်၊ကြက်ဥစသည်ဖြင့် ပူဇောပြီးလျှင် ခေါင်တိုင်ခြေရင်းတွင် ကံဆောင်ဖျာနှစ်ချပ်ကို တစ်ချပ်က ပက်လက်၊ တစ်ချပ်က မှောက်လျက် ထပ်ခင်းပြီးလျှင် ထိုဖျာနှစ်ချပ်ပေါ်တွင် သတို့သားက ဆောင့်ကြောင့် ထိုင်ရသည်။ သတို့သမီးက ဒူတုပ်ထိုင်ရသည်။

ရိုးရာနတ်ထိန်းက ခေါင်တိုင်နတ်ကို မင်္ဂလာအခမ်းအနားကို အသိအမှတ်ပြုရန် သားသမက်ကို အစစကူညီပါရန် တောင်းပန်ပသ၍ သားသမက်ကို နတ်အားပြသရသည်။ သတို့သားသည် လက်မပ်မီ ခေါင်တိုင်နတ်ရှိသော အိမ်ခန်းတွင်းသို့မ၀င်ရပေ။ အားလုံးကန်တော့ပြီး သောအခါ ဘိသိက် ဆရာက မင်္ဂလာ ဘိသိက် ရွက်ဆိုပြီးလျှင် စိမ့်ရေချ၍ လက်ထပ်ပေးရသည်။ သပြေ၊ မြေဇာများကို စိမ့်ရေချရာတွင် အသုံးပြုသည်။

ဤသို့ မင်္ဂလာဆောင်ပြီးနောက် ဧည့်သည်များကို ကျွေးမွေးရ လေသည်။   ကျွေးမွေးရာတွင် ငါးချဉ်နှင့် ကြိမ်ဖူးဟင်းချို ကျွေးနိုင်လျှင် ဂုဏ်ရှိသည်ဟု ယူဆကြသည်။ ဧည့်သည်ကို ငါးချဉ် အစိမ်းသုပ် မကျွေးနိုင်လျှင်သော်မှ ရိုးရာနှင့် မိဘများကို ပူဇော်ကန်တော့ရန်ကိုမှု ငါးချဉ်မပါလျှင် မရပေ။ မင်္ဂပွဲ၏ ထုံးစံ   တစ်ခု   မှာ မင်္ဂဆောင်ဖိတ်၍ မင်္ဂလာဆောင်သို့ လာသူတစ်ဦးသည် လမ်းတွင် အခြားအိမ်သို့ မ၀င်ရပေ၊ တင်မိလျှင် အ၀င်ခံရသူအိမ်မှာ လာဘ်တိတ်သည်။ ရိုးရာနတ်စိတ်ဆိုးသည်ဟု ယုံကြည်ကြသည်။ သို့အတွက် အိမ်ရှင်ကျေနပ်အောင်   တောင်းပန်ရသည်၊ အိမ်ရှင်၏ ရိုးရာနတ်ပွဲ ပြင်ဆင်ခပေးရသည်။
ကနန်းရိုးရာဝတ်စုံ ----->
မင်္ဂလာဆောင်သွားရာတွင် လမ်းခရီး၌ တခြားရွာတစ်ရွာ ခြားနေပါက ရွာထဲကဖြတ်သန်းမသွားရပေ၊ ထိုရွာကိုကွင်းရှောင်၍သွားရလေသည်။ ခရီးသွားစဉ် မင်္ဂလာဆောင်နှင့် ကြုံကြိုက်ပါက ရည်မှန်းချက် မအောင်မြင်ဟု ယူဆကြသည်။

မင်္ဂလာဆောင်မှ ပြန်လျှင်လည်း မိမိအိမ်ရောက်အောင် ပထမဦးစွာ ပြန်ရလေသည် လမ်းကြုံမ၀င်ရပေ။
ထိုအပြင် ကျေးရွာအတွင်းရှိ မုဆိုးအသင်းကို ငွေသားနှင့် ကြက်ဖိုကြကမပေးရသည်။ ရွာထဲတွင် မင်္ဂလာဆောင် ရှိက မုဆိုးလမိုင်းပျက်သည်ဟု ယုံကြည်ကြသည်။ မင်္ဂလာဆောင်ပြီး၍   သတို့သမီး သည်    သတို့သား နောက်သို့ လိုက်ရန်အတွက် ကွန် ဟုခေါ်သာ နောက်လွယ်အိတ်ထဲသို့ သတို့သမီး ပစ္စည်းများ ထည့်ပြီး လိုက်ရသည်။ ယခုအခါ ကွန်အစားသေတ္တာကို အသုံးပြုကြလေသည်။ ချွေးမသည် လင်အိမ်သို့   ရောက်လျှင် ယောက္ခမလုပ်သူက ထိုင်ခုံထိုးပေးရသည်။

ချွေးမကိုနေထိုင်တတ်ရန် နေရာပေးခြင်း၊ ခရီးဦးကြိုဆိုခြင်းသဘောဖြစ်သည်။ ကတူး၊ ကနန်းတို့ မင်္ဂလာပွဲ တွင် ရွာတွင်းသား ရွာတွင်းသူ မဟုတ်ဘဲ တခြားရွာသားက လက်ရောက် တောင်းပါက ရွာခံ အပျိုတစ်ဦး အခြားတစ်ရွာသို့ လိုက်သွားရမည့် အရေးကြောင့် ကွမ်းဖိုး၊ မိရာဘရာ ကျွေးမွေးခမ်း၊ လူပျိုရံ အပျိုရံကြေး   ငွေများ ပိုမိုတောင်းကြလေ့ရှိသည်။ မင်္ဂလာဆောင်ပြီး၍ တခြားရွာမှ အမျိုးသမီးကို မိမိရွာသို့   ခေါ်ဆောင်  လာ    သောအခါ ရွာအ၀င်ရာ၌ ရွာ၏ အရှေ့ပေါက်မှ မ၀င်ရ၊ သူကြီး (သို့မဟုတ်) ရွာလူကြီး ထံအုန်း ငှက်ပျော ကန်တော့ပွဲဖြင့် ရွာတွင်း ၀င်ခွင့်တောင်းရသည်။ ရွာ၏နောက်ပေါက်မှသာ ၀င်ခွင့်ပြုသည်။

မင်္ဂလာဆောင်သူကို ရွာတွင်းသို့ လည်းကောင်း၊ ရွာထိပ်မှ လည်းကောင်း မဖြတ်သန်းစေရ ရွာကိုခွင့် မတောင်းဘဲ ၀င်မိဖြစ်မိပါက ရွာသူကြီးက တရားစွဲဆိုနိုင်သည်။ တာဝန်ရှိသူများ ကျေနပ်အောင် လျော်ကြေး    ပေးပြီးလျင် တောင်းပန်ရလေသည်။

အထက်ပါသျှမ်းများသည် ရိုးရာမင်္ဂလာ အစီစဉ် ကျင်းပပုံမှာ တူညီကြပြီး အဓိက ခြားနားသည်မှာ ရိုးရာနတ် အရိုအသေပြုပုံသာ ခြားနားကွာခြားလေ့ရှိသည်။

ထုတ်နုတ် -တက္ကသိုလ်သျှင်သီရိ -  ပြည်ထောင်စုသားတို့၏ ရိုးရာလက်ထပ် မင်္ဂလာပွဲ ဓလေ့များ

အစဉ်အလာနှင့် ရိုးရာများမျက်ဖို့တွက် ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ ဆိုသည့် စကားအတိုင်း နှောင်သျှမ်းလူငယ်များအား တင်ပြလိုက်ရပါသည်။



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"