koko

koko

Monday, December 10, 2012

အထင်ကရမှ မမြင်ရတော့တဲ့ ဟော်နန်းကံကြမ္မာ

အရှေ့ပိုင်း သျှမ်းပြည်ရဲ့ သမိုင်းအထင်ကရ ဖြစ်တဲ့ ကျိုင်းတုံမြို့  ( သျှမ်းလို ကိန်းတုန်) ကို ရှေးယခင်က စန္ဒာရကွမ်း၊ ခေမရဋ်၊ တုံဂပူရိ စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသလို ခေမာဝရ တိုင်းဂုံပြည်ဟုလည်းခေါ်ခဲ့ကြသည်။   ကောဇာသကရာဇ် ၆၀၅ ခုနှစ် AD -1243 မှစ၍ ကောဇာသကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉) ပါးရှိတယ်လို့ မှတ်တမ်းများအရ သိရပါသည်။

ဌာနေသျှမ်းများက  နမ့်ခိင်မြစ်ကိုအစွဲ၍ နေထိုင်လာခဲ့သောကြောင့် ယင်းသျှမ်းလူမျိုးတို့ကို  သျှမ်းတို့က တိုင်းခိင် ဟုခေါ်ဆိုခဲ့ရာ အခြားသူများက ခေါ်ဆိုသော အသံမပိသသောကြောင့်    ခိင်ကို ဂုံ ဟုထွက်ခါ ဂုံသျှမ်းလူမျိုးဟု မြန်မာ့သမိုင်းတွင် ရေးသားထားကြောင်း   တွေ့ရသည်။

တိုင်းခိင်ခေါ် ဂုံသျှမ်းလူမျိုးများသည်  ကိုယ်ပိုင်စာပေ ယဉ်ကျေးမှာ   ရှေးယခင် ကပင် ရှိခဲ့သည်။ ဂုံသျှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit အက္ခရာတို့ မှ တဆင့် ပလ္လ၀ အက္ခရာ အဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ လာအို၊ ဇင်းမယ်၊ ကျိုင်းတုံတို့ မှတဆင့် ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။ လိတ်တိုင်းခိင် သို့မဟုတ် ဂုံသျှမ်းစာဟုခေါ်သည်။

တိုင်းခိင်ခေါ်ဂုံသျှမ်းလူမျိုး  နေထိုင်ရာ ဒေသတခုလုံးအား ကျိုင်းတုံမြို့ကို  ဗဟိုထား၍ သျှမ်း စော်ဘွား အဆက်ဆက် အုပ်ချုပ် လာခဲ့သည်။

တချိန်က ကိုယ်မင်း ကိုယ်ချင်းနဲ့ ကျိုင်းတုံဈေး  ----



1887 ခုနှစ်တွင် သျှမ်းပြည်တ၀ှမ်းလုံးကို အစောင့်ရှောက်ခံနိုင်ငံ (Protectorate State) အဖြစ် အင်္ဂလိပ်တို့ လာရောက် သတ်မှတ်ခြင်း မပြုမှီ 19ရာစု နှောင်းပိုင်းမှစ၍ 1880 ကျော်အထိ သီးခြား လွတ်လပ်သော နယ်ပယ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်၊
---- တချိန်က ကိုယ်မင်း ကိုယ်ချင်းနဲ့ ကျိုင်းတုံဈေး


 ကျိုင်းတုံမြို့သည် နောင်တုံကန်ဟုခေါ်သော ကြည့်လဲ့လဲ့ရေပြာကန်ကြီးတည် ရှိပြီး လှပတင့်တယ် လှသော အရှေ့ပိုင်း သျှမ်းပြည်ရဲ့ အတိတ်သမိုင်းတွေ   ပြည့်နက်နေတဲ့  တောင်ပေါ်သျှမ်းမြို့လေး တမြို့ပင်ဖြစ်သည်။

AD- 1903 ခုနှစ် ကျိုင်းတုံမြို့ကို စော်ဘွားကြီး- စ၀်ကွဏ်းကျောက် အင်းတလဲန်း (Kawn Kiao Intaleng  ) အုပ်ချုပ်စဉ်ကာလ စော်ဘွားကြီးသည်။ အိန္ဒိယနိုင်ငံသို့  ဒါပါလို့ခေါ်သည့် အစည်းအဝေ သွားရောက်စဉ် တပ်(ဒ်)မဟာကို တွေ့မြင်၍   ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကျိုင်းတုံ ဟော်နန်းဟောင်းအား အစားထိုးပြန်လည် တည်ဆောက်ရန်  အိန္ဒိယမှ ဗိသုကာ အင်ဂျင်နီရာ များခေါ်ဆောင်က1905 ခုနှစ်တွင် ဟော်နန်းကြီးကို စတင်တည်ဆောက်ခဲ့သည်။


ကျိုင်းတုံ ဟော်နန်းကြီး တည်ဆောက်ရန် ကျိုင်းတုံ နယ်ပယ် တစ်ဝှမ်းလုံးရှိ   ပြည်သူများ အလူငွေများထဲ့ဝင်ကာ စိတ်အား၊ လူအား၊ ငွေအား၊ ပစ္စည်းအားတို့ဖြင့် တည်ဆောက်ခဲ့ ကြခြင်းဖြစ်သည်၊ ဟော်နန်းဆောက်လို့ ကျန်ရှိငွေကို ယခုရဲစခန်း ဆောက်လုပ်သည်ဟု သိရသည်။ တည်ဆောက်ချိန် သုံးနှစ်ကြာမြင်ခဲ့သည်ဟု သိရသည်။  အိန္ဒိယဗိသုကာ အင်ဂျင်နီရာ၏ သားသမီးမျိုးဆက်များ ယနေ့တိုင်ကျိုင်တုံမြို့မှာ တည်ရှိနေသည်ကို   ထောက်ရှုခြင်းဖြင့် သူ့ခေတ်သူ့အခါ အလိုက် ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကျငှန်းနှင့် စော်ဘွားများသည် တရားတဖြင့် အုပ်စိုးကြောင်း သိသာထင်ရှားသည်။
သျှမ်းလူမျိုးများသည် တရုတ်ကိုစစ်ရှုံး၊ မြန်မာဘုရင် ဘုရင်နောင်ကို စစ်ရှုံးကာ ဘုရင်စနှစ်များ ပျက်သုန်း ခဲ့ပြီးနောက် မောကိုးပြည်ထောင်ဟူသော သျှမ်းစော်ဘွားနယ် အငယ်များ ပေါ်ပေါက်ခဲ့ရသလို ဒေသတိုင်းရှိ သျှမ်းစော်ဘွားများသည် လူထုပေါ် တရားတဖြင့် အုပ်ချုပ်ခဲ့သော စော်ဘွားများရှိခဲ့သလို  ညှင်းပန်း နှိပ်စက်ခဲ့သော စော်ဘွားများလည်း ရှိပါသည်။ သို့ပေမဲ့ သျှမ်းမဟုတ်သော် အခြား တိုင်းရင်းသားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ မရှိခဲ့သည်ကိုတွေ့ရသည်။

ကျိုင်းတုံနယ် အကျယ်ဝန်းမှာဖြင့် 12000 စတုရန်းမိုင်ရှိ၏ စော်ဘွားများ   ခေတ်တွင် ကျိုင်းတုံ စော်ဘွာနယ်ဟာ သျှမ်းစော်ဘွား များနယ်ထဲမှာ   တော့ အကျယ်ပြန့်ဆုံးဖြစ်ပြီး ဟော်နန်းတော် ဟာလဲ ခေတ်အမှီဆုံး   ဟော်နန်းလို့ ပြောလို့ပြောရပေမည်ဖြစ်သည်။

ဟော်နန်းတွေနှင့် ပတ်သက်လို့ သျှမ်းသမိုင်း သုတေသီ မယ်ခူးခေးရှဲန် ကအခုလိုဆိုပါသည်။ ဟော်နန်းကို ဆောက်တာ နေဖို့သက်သက် မဟုတ်ပါဘူး ညီလာခံသို့မဟုတ် အစည်းဝေးခန်းမ ဧည့်ဆောင်ခန်းမ  စသည့် ခန်းမအသီးသီးများ ထားရှိပါသည်။ အုပ်ချုပ်ရေးစနှစ်မှာဆိုလို့ရှိရင် စစ်ကဲရုံး၊ ၀န်ကြီးများရုံးနဲ့ စော်ဘွားရုံး ဆိုပြီးရှိပါသည်။ စစ်ရေးနဲ့ပါတ်သက်လို စစ်ကဲရုံးကို တက်ရပါသည်။ စစ်ကဲရုံးက ဟောနန်းရဲ့ အနောက်ကြောဖက်မှာရှိပါသည်။ ၀န်ကြီးများရုံးကတော့ ဟော်နန်းရဲ့ အရှေ့မျက်နှာစာမှာ ရှိပြီး ၀န်ကြီးလေးဦး ထိုင်ပါသည် ဟောနန်းအတွင်း မှာတော့ စော်ဘွားရုံး ထိုင်ပါသည်။

 ပြည်သူ့ရေးရာကိစ္စ ပြည်သူပြည်သားများကိစ္စ ၀န်ကြီးများကနေ တဆင့်တက်ပါသည်။ ၀န်ကြီးတွေ ကနေတဆင့် စစ်ကဲရုံးကမှတဆင့် တက်လာတဲ့ကိစ္စ မှန်သမျှ စော်ဘွားရုံးကို ရောက်ပါသည် စော်ဘွားရုံး ထဲမှာတော့ စော်ဘွားနဲ့အတူ ၀န်ကြီးများနဲ့ အပါဝင် စစ်ရေးဆိုင်ရာ ဆိုရင် စစ်ကဲတွေနဲ့ တိုင်ပင်ညှိနိုင်းပြီးတော့ ဆုံးဖြတ်ချက်ချကြပါသည်။

ပြည်သူအရေးနှင့် ပတ်သက်လျှင် ၀န်ကြီးကနေတက်လာတဲ့ ကိစ္စအ၀၀ကို ၀န်ကြီးလေးဦးအပါဝင် စော်ဘွားများနဲ့ အကြံပေးပုဂ္ဂိုလ် ပညာရှင်များ အားလုံးဆုံးဖြတ်ချက်ယူပြီးတော့ လုပ်ငန်းများကို တည်ဆောက်ပါသည်

ထို့ကြောင့် ဟော်နန်းဆိုသည်မှာ စော်ဘွားတွေ နေဖို့သက်သက် အဆောင်အရောင် မဟုတ်ဘဲနှင့် တိုင်းပြည်ကို အုပ်ချုပ်ကွပ်ကဲတဲ့ အရေးပါ အရာရောက်တဲ့နေရာ ဖြစ်ကြောင်းသိရသည်။ ....မယ်ခူးခေးရှဲန်

ကျိုင်းတုံမြို့သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကျငှန်းနှင့် ကိုယ့်မင်း ကိုယ့်ချင်းဖြင့် နေထိုင်ခဲ့ကြောင်း သမိုင်းထင်ရှားခဲ့သည်။ ဤသို့ဖြင့် ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နေချိန် မန္တလေး နန်းတော်၊ ဘုရင်နောင် နန်းတော်ကြီးများ ပြန်တည်ဆောက် ပြုပြင်နေချိန် ခွေးစိတ်ဝင်နေသူ သမိုင်းတန်ဖိုး နားမလည်သူ အာဏာရှုးတဦး၏ အမိန့်အရ 9 November 1991 ရက်နေ့က သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းမြို့တော် သမိုင်းအမွေ အနှစ်ဖြစ်သည့် စော်ဘွား ဟော်နန်းကြီးကို န၀တ စစ်အုပ်စုက ဖြိုခွဲဖျက်ဆီးခဲ့သည်။


ဟိုအရင် တချိန်က ရာဇပလ္လင်ပေါ်၌ စော်ဘွား (စ၀်ဖှါ့) နှင့် မဟာဒေ၀ီ (နန်းဖှါ့)တို့ မင်းမြောက်တန်ဆာ များဝတ်ဆင်၊ ရွှေသဖူဆောင်း ထိုင်လျောင်းရင်း ဒေါင်းမြီး ယပ်တောင်ယပ်၊   အောင်စည်တော တီးခတ်ပြီး မြို့စားနယ်စားတို့၏ ဂါဝရပြုကန်တော့ပွဲ ညီလာခံသဘင်   နှစ်စဉ်ကျင်းပမြဲ   ဖြစ်သည်။

 ယင်းအဆောက်အဦးသည် ကျယ်ပြောလှသော ခရိုင်တခုလုံး၏ အုပ်ချုပ်ရေးဌာန တခု ဖြစ်သကဲ့သို့   စော်ဘွား  ၏ ဇနီး (6)ယောက်၊ သားသမီး (19) ဦးနှင့် အတူနေထိုင်ခဲ့သော အိမ်တော်ယာလည်း   ဖြစ်ခဲ့သည်။- ဟု ချင်းမိုင်အခြေစိုက် သက်တော် 90 ကျော်ရှိ စ၀်ကွဏ်းကျောက်၏ 19 ယောက်မြောက် သမီးတော်က ပြန်ပြောင်းပြောပြခဲ့ဘူးသည်။ သူ၏မြေးတော်သူ မင်းသား စ၀်စိုင်းလုံ (Sao Sai Long) သည် သျှမ်းပြည်နယ် အစိုးရထံသို့ ဟော်နန်းကို အလွဲပြောင်းမပေးခင် ၁၉၅၉ ခုနှစ် အထိ ဟော်နန်း၏ နောက်ဆုံး ပိုင်ရှင်ဖြစ်ခဲ့သည်။

အဆိုပါဟော်နန်းကို စိုးစံသွားခဲ့သူ နောက်ဆုံးစော်ဘွားမှာ 1962 ခုနှစ် နေ၀င်းဦးဆောင်သော ဗမာစစ်တပ်မှ အာဏာသိမ်းသည့် အချိန်  နှိင်ငံရေး သမားများနှင့် သျှမ်းပြည် စော်ဘွား   ခေါင်းဆောင်များ အစုလိုက် အဖမ်းခံရစဉ် စော်ဘွားကြီး စ၀်စိုင်းလုံ (ကွယ်လွန်) နှင့် သူ၏ အကိုဖြစ်သူအား အများ နည်းတူ  အင်းစိန်တွင် 6 နှစ်ထောင်နန်းစံခဲ့ရသူ ဖြစ်သည်။

၎င်းပြန်လွတ်လာသောအခါ၌ ကျိုင်းတုံတွင် နေထိုင် ခွင့်မပြုတော့ပေ၊ ထိုအချိန်မှစ၍ ဗမာအာဏာရှင် အစိုးရ အဆက်ဆက်က ၎င်းတို့၏ ဌာနပေါင်းစုံ အုပ်ချုပ်ရေး ယန္တရားရုံး အဖြစ် ဟော်နန်းကြီးကို တလျှောက် လုံး မောင်ပိုင်စီးလာ ခဲ့ကြတော့သည်။
ယနေ့ချိန်ထိ မန္တလေး နန်းတော်ကြီးအား အင်္ဂလိပ်များ ၀င်ရောက် သိမ်းပိုက် ပုံကို မြန်မာ့ စာနယ်ဇင်း ရုပ်ရှင်လောများတွင် ကြည့်လို့မကုန် ဖတ်လို့မကုန် ဖြစ်နေသည်ကိုလည်း မြင်ခဲ့ဖတ်ခဲ့ရပေသည်။

ကျိုင်တုံဟော်နန်းကြီးအား ဗိုလ်မှူးကြီး ကျော်ဝင်းက ဆင်ခြေပေးပြီး ဟော်နန်းကြီး ဟောင်းနွမ်း အိုမင်း ဆွေးမြေ့ လှပြီဟုလည်း ပြန်ပြောလိုက်၏ ထိုအခါ.. ရန်ကုန်စစ်ရုံးချုပ်က 1991  November လတွင် ဖြိုဖျက်ပစ်ရန် အမိန့်စာများထွက်လာခဲ့သည်။ ဟော်နန်းကြီး ဖြိုချပစ်ခါနီး၌ ကိန်းတုန်တမြို့လုံးရှိ ထေကြီးဝါကြီး သံဃာတော်များနှင့် မြို့မိမြို့ဖများက နအဖ အာဏာပိုင်များထံ အတန်တန် တောင်းပန်ဟန့်တား ခဲ့ကြသော်လည်း လာတမျှအရာမထင် ရန်ကုန်စစ်ရုံးချုပ်က 9 November 1991 ရက်နေ့တွင် စတင်ဖြိုဖျက်ပစ်ရန် တိုက်ရိုက်ညွန်ကြားလာသည်။  ဗိုလ်မှူးကြီး ကျော်ဝင်း ဟောင်းနွမ်းအိုမင်း ဆွေးမြေ့ လှပြီဟုလည်း ပြန်ပြောလိုပေမဲ့လည်း ဟော်နန်းကြီးမှာ လုံးဝကောင်းမွန်ခိုင်ခံ့နေသေးသည်။

ဗမာပြည်မှ ဆင့်ခေါ် လာသော ဗမာအလုပ်သမားများနှင့် ကျိုင်းတုံထောင်ကျ အကျဉ်းသမား များဖြင့် ဟော်နန်းကြီ ကို ထုခွဲဖြိုချခဲ့ကြသည်။ ဒေသခံလူထုများ အနားကပ်မကြည့်ရှုနိုင်စေရန် လေးဘက်   လေးတန် အမိုးအကာများဖြင့် အစောင့်စစ်သားများ ချထားကာ တစ်လနီးပါး ကြာမြင့်သည်အထိ ထုခွဲဖြိုဖျက် ရှင်းလင်းပြီး ကျောက်၊ သဲ ကွန်ကရစ် အစအနများကို မြို့အ၀င် လေးဘက်လေးတန်ကားလမ်း များဆီသို့ သွားရောက်သွန်ချ ဖို့ခင်းပြီး သစ်တုံး၊ သစ်လုံးများကိုမှု မြို့အ၀င်တံတာများ ပြုလုပ်စေခဲသည်၊   ခြေထောက်ကို လူ့ ခန္ဓာကိုယ်၏ အနိမ့်ကျဆုံးအပိုင်းဟု ယူဆသတ်မှတ်ထားသော ယဉ်ကျေးမှုတခုတွင် ယခုကဲ့သို့ သမိုင်းဝင် အဆာက်အအုံ တခု၏ အပိုင်းအစများအား လူအများခြေချရာ နေရောအောက်သို့ ထားရှိလိုက်ခြင်းက သျှမ်းလူမျိုးများ တန်ဘိုး ထားသည့် သမိုင်းအမွေအနှစ်ကို ပြောင်ပြောင်တင်းတင်း   စော်ကားလိုက်ခြင်းပင် ဖြစ်သည်။




ဌာနေတိုင်းရင်းသားတို့၏ သမိုင်းအစစ်၊ ယဉ်ကျေးမှုအမွေ အနှစ်များ သင်္ကေတအမှတ်အသားမှန်သမျှ ဆိတ်သုဉ်းပျောက်ပျက်စေရန် န၀တ ၊ နအဖ၊ တို့တမင်တကာဖေါက်ဖျက်ပစ်လိုသည်ဟု ဒေသခံပြည်သူများ ယုံကြည်ကြသည်။ အားမတန်မာန်လျှော့နေကြရသဖြင့် ရုပ်ဝတ္ထုအချင်းအရာများကို ဗမာစစ်အာဏာပိုင်တို့ ဖျက်ဆီးနိုင်သော်လည်း ကျိုင်းတုံ ပြည်သူပြည်သားများ၏ မျိုးချစ်ပြည်ချစ်စိတ်ဓါတ်နှင့် မျှော်မှန်းချက်ကိုမှု ဘယ်သောအခါမျှ ဖျက်ဆီးနှိင်လိမ့်မည်မဟုတ် ဟုခံယူအားခဲထားသူများ ဒုနှင့်ဒေး ရှိနေပါသည်။


ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသော သျှမ်းလူမျိုးတို့၏ ရိုးသားဖြူစင်ခြင်းနှင့် ရောင့်ရဲတင်းတိမ်ခြင်းကို အခွင့်ကောင်း ယူကာ သူခိုးက လူဟစ်တော့ အမွေအနှစ်တွေ ဆုံးခဲ့ပြီပေါ့

 ဟော်နန်ကြီးကို 1994 ခုနှစ်တွင်မြန်မာ့ ဟိုတယ်နှင့်  ခရီးသွားလာရေး ၀န်ကြီးဌာနက ဟော်နန်း   နေရာဟောင်း တွင် ကျိုင်းတုံဟိုတယ်ဟု အမည်ပေးကာ ခေတ်မှီ   ဟော်တယ်တခုကို စတင်ဆောက်ခဲ့သည်။ 1996 ခုနှစ်တွင် အပြီးသတ် တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ်ငွေ သန်း- 500 ကုန်ကျခဲ့သည်၊ တစ္ဆေခြေက်သည် ဟူသော ကောလ ဟာလ သတင်းများကြောင့် ဟိုတယ်တခုလုံး တည်းခိုသူကင်းမဲ့လျက်ရှိသည်။

မည်သို့ပင်ရှိစေကာမှု ဟော်နန်းကြီးကိုဖြိုချဖျက်ဆီးဖို့ အမိန့်ပေးခဲ့သူ အာဏာရှင် စစ်ဘီလူးနှင့် မိသားစု သည်လည်း ဟော်နန်းကြီး၏ ကံကြမ္မာလို အစိတ်စိတ် အမွာမွာ ဖြစ်ပြီး လမ်းခင်းကျောက်ခဲ့ ဘ၀လို သမိုင်းပျောက်ခဲ့ရတဲ့ အဖြစ် မျိုးနှင့် မကြုံပါစေနှင့်လို့တော့ ဆုတာင်းပေးလိုက်ပါသည်။

ဖျက်ဆီးခြင်းခံလိုက်ရသော ဟော်နန်းကြီးကို ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ စော်ဘွားဆက် ဂှုဗိမာန်များဟာလည်း ကျိုင်းတုံ မြို့လည်လမ်းဘေးတွင် ကျန်ရှိနေပါသေးသည်။ ထိုသို့ သမိုင်း အမွေအနှစ်ဖြစ်တဲ့ ဂူဗိမာန်များအား ခွေးစိတ်ဝင်သူ မျိုးမစစ်များ ဖျက်ဆီးခြင်းမှ ကာကွယ်ကြပါဆို့လို့ မြန်မာ့တိုင်းရင်းသား များနှင့် တောင်ပေါ် တိုင်းရင်းသားများအား ပြောကြားရင်း လာမည့် သျှမ်းနှစ်သစ်ဖြစ်တဲ့ မြွေနှစ်မှာ ကျားများ ရွှေဖြစ်နိုင်ကြပါစေ။

ကျိုင်းတုံဟော်နန်းတော်






ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"