koko

koko

Saturday, March 16, 2013

ကတ္တီပါဖိနပ်စီး ရွှေထီးလည်းဆောင်းခဲ့ဘူးသည်

**ကတ္တီပါ ဖိနပ်စီး ရွှေထီးလည်းဆောင်းခဲ့ဘူးသည် အပိုင်း (၁)**


မှုံပြာရီမိုင်း တိုင်းမြန်မာပြည် လင်းလက်တဲ့ကြယ်စင်တန်း မပွင့်လမ်းမှီ အရောင်ဖြိုးဖြိုးဖျက်ဖျက် မထွက်နိုင်သေးရှာ ပုဇွန်ဆီရောင် ကောင်းကင်က နုတ်ဆက်မည့် ညငြိမ်းချိန်အခါ သမရ မရောင်ခင် မှန်ကင်းတောင်လေအဝေ့ ကြေးငှက်တအုပ်က လန့်ကာပျံ မဟာနေမင်း ကြောခိုင်းမည်ပြုစဉ် ၀န်းသို   ဟောနန်းဦးသို့ ဖြာကကျ  နုတ်ဆက်သည့် နေမင်းအလှ လုပ်လုပ်ရွရွလူများသွားလာမရှိ၊ အချိန်က
AD-1886 မြန်မာသက္ကရာဇ် ၁၂၄၇ ခု  တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် (၁၇=၁၁ =၁၈၈၅)   သောကြာနေ့ည (၅) နာရီခွဲခန့် အချိန်  သျှမ်းလို ၀မ်းဆေဟုခေါ်သော ( ၀န်းသိုမြို့) သည်၊ တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။ မြို့သူမြို့သားများမှာ နေအိမ်တွင်းသို့ဝင်၍ တံခါးများကို လုံခြုံစွာပိတ်ဆို့သူသူငါငါ တီးတိုးဆွေးနွေးတိုင်ပင်လျက်ရှိကြသည်။ မိန်လဲ့လဲ့ ဆီမီရောင်များနှင့် မပြီဝိုးတ၀ါးတား လရောင်ကြား မှာတော့ ကင်းစောင့်တပ်သားများ၏ သွားလာလှုပ်ရှားသံ၊ အချက်ပေးသံနှင့်  လေချွန်သံများကို များနှင့် မြို့တော် ဘုန်းတော်ကြီးကျောင်းမှ ခွေများ၏ ရှည်လျားသော အူသံများကိုလည်းကြားနေရပေသည်။

စော်ဘွားကြီး စ၀်အောင်မြတ်သည် မနုဿသာလူသားတို့ သိသင့်သိအပ်သော ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ တိတ်နိမိတ်တိတ္တုံကျမ်း စသည်တို့ကိုလည်း လေ့လာထားသူဖြစ်သည်။ မန္တလေး နေပြည်တော်မှ   လောလောဆယ်   ရောက်ရှိနေသော တပ်လှန့်အမိန့်စာနှင့် စပ်လျဉ်း၍ တိုင်းရေးပြည်ရေးကို တွေးတော စဉ်းစားလျက်ရှိနေပေသည်။

ထိုစဉ်အရောင်အ၀ါတို့သည် ဟော်နန်းအတွင်းသို့ ၀င်းခနဲ၊ လက်ခနဲ၊ ထိန်ခနဲမကြာခဏ ၀င်ရောက်နေ သည်ကို စော်ဘွားကြီး စ၀်အောင်မြတ်သည် မဟာဒေ၀ီနှင့်အတူ ဟော်နန်း၏ လသာဆောင် ဘက်သို့ ထွက်၍ ကောင်းကင်ကို ကြည့်ရှုလိုက်ရာ မိုးကောင်းကင်တခုလုံး မီးရှူးမီးပန်းများ တင်လွတ်ထားသကဲ့သို့ ကြယ်တာရာအပေါင်းတို့သည် တဖြုတ်ဖြုတ်ကြွေကျနေသည်ကို လည်းကောင်း၊ ဥက္ကာပျံနေသည်ကိုလည်း အံ့ဖွယ်သရဲ ထူးထူးကဲကဲ တွေ့မြင်ရပေသည်။

စော်ဘွားကြီး စ၀်အောင်မြတ်သည် ထိုသို့ ထူးခြားမှုဖြစ်စဉ် များကြောင့် တိုင်းပြည်ကြီးသည် အန္တရယ် တခုခုနှင့်ကြုံရတော့ မည်ဟု တထစ်ချယုံကြည်ခဲ့လေသည်။ သုံးရက်ခန့်ကြာသောအခါ နေပြည်တော်သို့ စေလွတ်ထားသော အထောက်သော်များသည် ၀န်းသိုမြို့သို့  ဆိုက်ရောက်လာသည်။ အထောက်တော်များသည် ငယ်ထိပ်ကိုမြွေပေါက် ခံရသကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်နေကြသည်။
ထိုစဉ်စော်ဘွားကြီး စ၀်အောင်မြတ်နှင့်တကွ အမတ်ချုပ်၊ အမတ်ထောက်၊ စသော ပုဂ္ဂိုလ်များသည် အထောက်တော်များ၏ အခြေအနေကို အကဲခတ်လျက် ထောက်တော်များ လျောက်တင်သံကို အထူးအာရုံစိုက်နေကြသည်။

ထောက်တော်တစ်ဦးက အရှင်နှစ်ပါးကို ကုလားဖြူတွေ ဖမ်းယူသွားပါပြီဘုရား ဟုလျှောက်ထားလိုက်ရာ ဟင် ဟူသော သံပြိုင်ကြီးထွက်ပေါ်လာပြီးနောက် ဟော်နန်းတခုလုံး တိတ်ဆိတ်ငြိမ်သက် သွားလေသည်။
စော်ဘွားကြီးဦးအောင်မြတ်၏ မျက်နာသည် ချက်ခြင်းညိုးရော်လာပြီး မကြာမှီ နီမြန်း၍ တင်းမာလာပြန်သည် ထလိုက်ထိုင်လိုက် လမ်းလျှောက်ဖြင့် ငါတို့သမျိုးသားလုံး ကျွန်ဖြစ် ကုန်ပြီဟု နှုတ်မှလည်း အကြိမ်ကြိမ်   ရေရွတ်နေပေတော့သည်။ နောက်များမကြာမှီ စော်ဘွားကြီးစ၀်အောင်မြတ်သည် မြန်မာ့ထီးနန်းပျက်သုဉ်းရခြင်းနှင့် စပ်လျဉ်း၍ ရွှေမှုးနှင့် ရွှေဝန်သို့ ထံမှလည်းကောင်း၊ မြို့သူကြီးနှင့် မြို့ဝန်သို့ ထံမှလည်းကောင်း အချို့သော မင်းညီမင်းသားတို့ ထံမှရရှိသော သတင်းများကို စုစည်းလိုက်သောအခါ အဖြစ်ပျက်မှန်ကို သိရှိနားလည် ခဲ့ပါသည်။ မြန်မာတွေစည်းကမ်းဖေါက်လို့ ထီးနန်းပျောက်ခဲ့ရပုံကို သိရှိခဲ့လေတော့သည်။

စော်ဘွားကြီး စ၀်အောင်မြတ်သည် သံဓိဌာန်မှာ မြန်မာဘုရင်နှင့် နန်းနေပြည်တော်ကို အင်္ဂလိပ်တို့ လွယ်လင့်တကူ သိမ်းပိုက်ခဲ့သောညားလည်း မိမိနယ်မြေသို့ ကျုးကျော်ဝင်ရောက်လာမည် နယ်ချဲ့ အင်္ဂလိပ်တပ်များကို တားဆီးကာကွယ်ရန်မှတပါး အခြားနည်းလမ်းမရှိဟု ယူဆထားသူဖြစ်သည်။

ထိုအချိန်မှစ၍ စော်ဘွားကြီးစ၀်အောင်မြတ်သည် နယ်ချဲ့ ကိုလိုနီ အင်္ဂလိပ်များ ကျုးကျော်စစ် ၀င်ရောက်လာလျှင် အသင့်ရှိစေရန် ပြင်လေတော့သည်။  အားထားယုံကြည်လောက်သော ရွှေမှုးကြီးများ ခန့်ထားခြင်း၊ ဘွဲ့အမည်နှင့် အဆောင်အရောင်းများ အပ်နှင်းချီးမြင့်ခြင်း၊ စစ်သား၊ လက်နက်၊ စစ်ရိက္ခာ စုဆောင်းဖြင်း စသည်တို့ကို ပြုလုပ်ကြောင်းတွေ့ရသည်။

သီပေါမင်းလက်ထက် ၁၂၄၅ ခုနှစ်တွင် မှုရွှေအရှေ့ကြောင်းနှင့် ရွှေအလယ်ကြောင်းတို့သည် ရွှေဝင်းတော်မှုး ရသနာသိင်္ဃမြို့ဝင်ရဲဘက် မြင်းဝန်သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာ အုပ်ချုပ်သော န၀မဌာနရတနာသိင်္ဃ ခရိုင်တွင်ပါဝင်ခဲ့သော မိမိပိုင်နယ်မြေများမှ လက်ရုံးရည်နှင့် ပြည့်စုံသူ ယုံကြည်စိတ်ချရသူ ရွှေမှုး၊ မြို့ဝန် ရွာသူကြီး စသည်တို့ကို လူဟောင်းများနေရာတွင် အစားထိုးခန့်ထားခဲ့ကြောင်းတွေ့ရသည်။

မဟာရာဇဗျက္ခပူရတိုင်း ၀န်းသိုမြို့သခင် အရှင်စော်ဘွားကြီး ဘုရားမောရိယ မဟာဝံသသီရိသုဓမ္မရာဇာ အမိန့်တော်ရှိသည်၊ ဟူသောလက်ရေးမှုဖြင့်ပါသည်။ မဟာဝံသသီရိသုဓမ္မရာဇာ ဟူသော အဓိပါယ်မှာ   မြင့်မြတ်သော နေမျိုးနွယ်မှဆင်းသက်သော ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် တရားစောင့်သောမင်း ဟုဆိုလိုသည်။
 မဟာရာဇာဗျက္ခ ဟူသော အဓိပါယ်မှာ ဗျဂ္လ မှာ ကျားဟူဆိုလိုသည်။ ၀န်းသိုမြို့ကို ရှေးယခင်က ဗျဂ္လပူရတိုင်း၊ ဗျဂ္လနဂရတိုင်း၊ ဟူလည်းကောင်းခေါ်ဆိုကြသည်။ မဟာရာဇဗျဂ္လပူရ ဟူသည်မှာ ကျားတိုင်းကို အုပ်စိုးသောမှုသော  ပဒေရာဇ်မင်းမြတ်ဟု အဓိပါယ်ရသည်။ ဤသို့အားဖြင့် ထိုဒေသတွင်  နေထိုင်ခဲ့ကြ သူများသည် သျှမ်းမျိုးနွယ် ကျားဘွဲ့ခန်ယူသူများ သျှမ်းများသာဖြစ်ကြောင်း သမိုင်းခိုင်လုံလေသည်။

၁၂၄၇ ခုနှစ် နတ်တော်လဆန်း ၁၃ ရက် စနေနေ့ နောင်ကော်ကြီးကျေးရွာ အုပ်စု နယ်မြေများကို ငထွန်းစကို ရွေမှုကြီးခန့်တော်မှုသည်။  ဆက်လက်၍ စ၀်အောင်မြတ်သည် မက်တောင် ၅ ရွာရွှေမှုး ဦးပေါအိအားလည်းကောင်၊ ခေါက်စင်းရွှေမှုး ဦးရွှေသဲ၊ နောက်ကော်ကြီးရွှေမှုး ဦးထွန်းစ သို့အား စာချွန်တော်များ ပေးအပ်၍ အသိမှတ်ပြုခန့်အပ်လေသည်။၁၂၄၇ ခုနှစ် တပို့တွဲ လပြည့်ကျော် (၃) ရက်နေ့တွင် စက်တောကျေးရွာမှ ငသာကောင်းအား ရွှေမှုးခံအပ်စာချွန်လွာပါရှိသည်။ ရွှေအလယ်ကြောင်းရှိ စိမ်းနန်း၊ အင်းတိုင်း၊ နောင်ကောက်ကြီး၊ နောင်ကောက်ဆယ်ရွာ၊ ခေါက်စင်း အစရှိသော နယ်မြေများအား   ရွှေမှုးကြီးများနည်းတူ ဘွဲ့၊ နေအိမ်၊ ထီး၊ မြင်း၊ အစီးအနင်းစသော အဆောင်အယောင်များပါ ချီးမြင့်ခဲ့လေသည်။

စ၀်အောင်မြတ်သည် ၀န်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက် အစရှိသော နယ်မြေများအား အင်္ဂလိပ်နယ်ချဲ့ များအား ဆန့်ကျင်တော်လှန်ရန် အမာခံ နယ်မြေအဖြစ် သတ်မှတ်စည်းရုံးခဲ့လေသည်။ ထိုမှတဖန် ၀န်းသိုမြို့မ ခုရိုင်၊ မြေနီခရိုင်၊ ဗန်းမောက်ခရိုင်၊ မန်လောင်ခုရိုင်နှင့် ပင်လယ်ဘူးခရိုင်ဟူ၍ ငါးခရိုင်ခွဲကာ အသင့် အနေထားရှိအောင် ပြင်ဆင်ထားခဲ့သည်။ စ၀်အောင်မြတ်၏ မျိုးတပ်များတွင် သျှမ်းနီအမျိုးသား   ဖြစ်ကြသော ဒသခံသျှမ်းများ တိုင်းကတူး၊ တိုင်းကနန်းစသည့် ကျွနု်ပ်တို့ ဘိုးဘေးများ ပါဝင်သက်ခဲ့သော သမိုင်းဝင် နယ်ချဲ့ ဆန့်ကျင်ရေးပင်ဖြစ်သည်။ နယ်ချဲ့ဆန့်ရေး ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးအတွက် စီစဉ်ခဲ့ကြပုံကို ပုရပိုက်များဖြင့်ရေးမှတ် မှတ်တမ်းတင်ခဲ့ကြပုံများလည်း ယနေ့တိုင်သမိုင်း မဏ္ဍိုင်အဖြစ် ရှိနေခဲ့သည်။

ဝန်းသိုစော်ဘွား စ၀်အောင်မြတ်နှင့် မိုးကောင်းမြို့ဝန် စ၀်ဘိုးစော ခေါ် ဗိုလ်ဘိုးစောသည် သျှမ်းနီအမျိုးသားများ   ဖြစ်ကြသလို သျှမ်း၊ ဗမာ၊ ကချင်စသည့် အထက်မြန်မာပြည်မြောက်ပိုင်း တိုင်းရသားတို့၏ သမိုင်းအထင်ကရ   ခေါင်းဆောင်ကြီး  များလည်းဖြစ်ကြသည်။ ၀မ်းနည်းဘွယ်ကောင်းသည်မှာ ထိုသမိုင်းအထင်ကရ များ၏ မှတ်တမ်းများကို တပ်မတော်မောကွန်းတိုက် စာအုပ်မှ မိုးကောင်းမြို့ဝန် ဗိုလ်ဘိုးစောအား ဗမာလူမျိုးဟု ( မှားယွင်းစွာလား သမင်သကာလာတော့မပြောတတ်ပါ )   ရေးသားဖေါ်ပြခြင်းသည်  ကျွနု်ပ်တို့သျှမ်းနီလူမျိုးများအား စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ကျွနု်ပ်တို့သည် ဗမာကိုမုန်းတီလို့မဟုတ်ပါ ဗလူမျိုးသည်လည်း တိုင်းရင်းသားပင်ဖြစ်သည်၊ တကယ်တော့ ထိုခေတ်ထိုအချိန်က ထိုဒေသသည် သျှမ်းစကားပဲပြောကြပါသည်။ လင်းသင့်၍ ဗိုလ်ဘိုးစော၏သား သတိုးသုဓမ သီရိပျံချီ ဦးဘိုးချုံ ၏ သား ဦးဘတောင် ဦးဘတောင်၏ သားသမီးများသည် ၀ါဝါတောင် အေးအေးတောင် စိုင်းသီဟ ( တောင်ဟူသော စကားသည် လိပ်ဟု သျှမ်းလိုခေါ်ခြင်းဖြစ်သည်) ကျွနု်ပ်တို့သည် ဗမာလူမျိုးများမဟုတ်ပါ လွတ်လပ်ရေးရပြီးကာမှ ပြည်နယ်များခွဲခြားသတ်မှတ်ချိန် ကချင်ပြည်နယ်ထဲ ထည့်သွင်းခြင်း စစ်ကိုင်းတိုင်းထဲ ဖယ့်ထုတ်ခြင်း ခံရရှာသော  ခေတ်တခေတ်ရဲ့  အပယ်ခံဘ၀မှာ လူမျိုးပျောက်မတတ် အခွင့်အရေး ရှုံးခဲ့သူများဖြစ်သည်။

ကျနော်တို့သျှမ်းနီလူမျိုးများဖြစ်သည် သျှမ်းနီသည် စစ်တိုက်သောသျှမ်းဖြစ်သောကြောင့် သျှမ်းစစ်တိုက်ရာ တွင် ရဲရင့်သည်နီမြန်းသောသွေးရှိသူများဟု သျှမ်းလို တိုင်းလျဲန်ဟုခေါ်ဆိုရာ မြန်မာလို သျှမ်းနီဟု   ခေါ်ခြင်းဖြစ်သည်။ ကျနော်တို့လူမျိုးသည် မြန်မာပြည်မှာ ဘုရင်အဖြစ်လည်း အုပ်ချုပ်ခဲ့ဘူးသည်   စော်ဘွားအဖြစ်နှင့်လည်းနေခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလ များတွင် အသက်ပေါင်း များစွာ စတေးခဲ့သော လူမျိုးများဖြစ်သည့်အလျှောက် လွတ်လပ်ရေးရသောအခါ ထိုလူမျိုးများသည် ပြည်နယ် မပြောနှင့် ကိုယ့်ကိုကိုယ် သျှမ်းဟုနိုင်ငံသားစီစစ်ရေးကဒ်ပြား တွင်ထဲ့ခွင့်မရှိအောင် အခွင့်ရေးများ ဆုံးရှုံးခဲ့ရပေသည်။ မှတ်ပုံတင်ပဒ်ပြားတွင် သျှမ်းဗမာဟုထဲသွင်းဖေါ်ရာ ၁၉၉၃ ခုနှစ်တွင် ဗမာဟုပင်  ရေးသားဖေါ်ပြခြင်းခံခဲရပေသည်။ ပညတ်သွားရာဓါတ်သက်ပါ ဆိုသလိုနောင်မျိုးဆက်များသည် မိမိဘာသာ သျှမ်းစကားများ ပြောဆိုမှု မရှိသလောက်ပင်ဖြစ်သည်။

စော်ဘွားစ၀်အောင်မြတ်၏ တပ်ပေါင်းစု နှင့်တန့်ဆည်မြို့ရှိ နယ်ချဲ့ အင်္ဂလိပ်တို့၏ မြို့စောင်တပ်တို့ တိုက်ခိုက်ကြသော တိုက်ပွဲမှာ သမိုင်းမြုပ်ကွက်ဖြစ်လျက် လွန်လူသိနည်းလှသည်။

ကတ္တီပါ ဖိနပ်စီး ရွှေထီးလည်းဆောင်းခဲ့ဘူးသည် အပိုင်း (၂)   အင်္ဂလိပ်ဆန့်ကျင်ရေးတိုက်ပွဲများ အကြောင်းဖေါ်ပြပါဦးမည်။ ...လေးစားစွာဖြင့် ကျားပေါင်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"