koko

koko

Monday, May 20, 2013

သျှမ်းတွေမှာရော အင်းမြှုပ်လေ့ရှိတလော


ရှေးမြန်မာတို့  မြို့သစ်နန်းသစ် တည်ထောင်တော်မှုသည့်အခါ မြို့တံခါးနှင့် မြို့ရိုးများ၌ ဘုရင်များသည် သမ္ဗုဒ္ဓေအင်းကိုမြှုပ်နံသည့် အစဉ်အလာ ရှိကြောင်းသိရသည်။ ပဉ္စမသင်္ဂါယနာ တင်တော်မှုခဲ့သည့် မင်းတုန်းမင်းကြီးသည် မန္တလေးရတနာပုံ မြို့သစ်ကို တည်ဆောက်စဉ်က မြို့ရိုးတံခါး၌ သမ္ဗုဒ္ဓေအင်းကို မြှုပ်နှံခဲ့ဖူးသည်။ 

ထိုအကြောင်းကို ဆာရစ်ချက်တင်ပယ် ၁၉၂၃ ခုနှစ် ဒီဇင်ဘာလထုတ် အင်ဒီယင်း အင်တီကေရီ မဂ္ဂဇင်း၌ မန္တလေးမြို့တော်၏ အကာအကွယ်အင်း ဟူသည့်အမည်နှင့် ကိုတွေ့ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့သည်။

 AD 1887 မှ 1889 အခုနှစ်ထိ ဆာရစ်ချတ်သည် မန္တလေးမြို့တွင် စစ်ဘက်ဆိုင်ရာ တာဝန်ဖြင့် အမှုထမ်းခဲ့သူဖြစ်သည်။ ဆာရစ်ချက်၏ တာဝန်မှာ နန်းမြို့ တော် နယ်မြေအတွင်း၌ ဗြိတိသျှစစ်တပ်နှင့် ဗြိတိသျှအမျိုးသားတို့ နေထိုင်နိုင်ရေးနှင့် အထက်မြန်မာနိုင်ငံ အုပ်ချုပ်ရေးအတွက် ဗြိတိသျှ ကန်တော်မင် တပ်မြို့  တည်ပေးရန် ဖြစ်သည်။ ဆာရစ်ချတ်၏ ရုံးကို ရွှေတိုက်ဆောင်၏ အနောက်ဘက်တွင် ကပ်လျက်ရှိသော တောင်အယ်ဆောင်၌ ဖွင့်ထားသည်။

ထိုစဉ်အခါက အုပ်မြို့ရိုးကြီးအတွင်း ဧကတစ်ထောင်မျှ ကျယ်ဝန်းသည့် ရွှေမြို့တော်၌ လူဦးရေစုစုပေါင်း ခြောက်သောင်းငါးထောင်ခန့် နေထိုင်ခဲ့ကြသည်။ တိုင်းပြည်ငြိမ်သက်လာသောအခါ ဆာရစ်ချတ်သည် ရွှေမြို့တော်အတွင်းမှ လူများကို မြို့ပြင်လေးရပ်သို့ ထုတ်ရန် စီမံဆောင်ရွက်ရလေသည်။ ပြီးသည့်အခါ သစ်တပ်အတွင်း ဧကနှစ်ရာခန့် ကျယ်ဝန်းသော နန်းမြို့တော်ဒေသကို ရှင်းလင်းရပြန်သည်။


နန်းမြို့တော်အတွင်း အဆောင်ဆောင် အခန်းခန်းပြည့်ညှပ်နေသည်ဟု ယူဆသည့်အတွက် ဖြိုစရာရှိသည် တို့ကို ဖြို၍ ဖျက်စရာရှိသည်တို့ကို ဖျက်လေတော့သည်။ ရှေးဦးစွာ အချင်း ၁၂ လက်မ၊ အမြင့် ၁၂ပေ ရှိသော သစ်တပ် တိုင်များကို ဖြိုသည်။ ထို့နောက် သစ်တပ်တံခါးများကို ဖျက်သည်။ အမှတ်အသား အဖြစ် ကျန်ရစ်စေရန် သစ်တပ်တိုင်အချို့ ကိုသာ ချန်ထားခဲ့သည်။ သစ်တပ်တိုင် တံခါးများကို ဖြိုဖျက်ပြီးသည့်အခါ မြေနန်းတော် အရှေ့မျက်နှာ အုတ်ဝင်းကို ဖျက်ပြန်သည်။ 

၁၈၈၉  ခုနှစ်တွင် အုတ်ဝင်း၏ ရှေ့တံခါးဖြစ်သော တံခါးနကို မဖျက်ခင် ဆာရစ်ချတ်သည် တံခါးနီတပ်ဆင် ထားသော ၀ဲယာအုတ်တိုင် တခုခု၏ အောက်၌ နန်းမြို့တော်တည်စဉ်က အင်းမြှုပ်နှံခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် ဆာရစ်ချတ်သည် အုပ်တိုင်ကို ဖျက်သည့်အခါ သတိဝီရိယဖြင့် ဖျက်ကြရန် လည်းကောင်၊ တခုခုကိုတွေ့လျှင် ရုတ်တရက် မပြောင်းမရွေ့ကြရန် လည်းကောင်း မှာကြားထားသည်။ အုတ်တိုင်ကို ဖျက်နေခိုက်တွင် မြန်မာ အရာရှိတစ်ဦးသည် ဆာရစ်ချတ်ရှိရာသို့ အပြေးအလွှားလာ၍ တောင်ဘက် အုတ်တိုင်အောက်၌ ကျောက်သေတ္တာ တစ်လုံးတွေ့ရသည့် အကြောင်း သတင်းပို့လာသည်။ ဆာရစ်ချတ်လည်း ထိုနေရာသို့ ချက်ချင်းလိုက်သွား၍ ကြည့်က (၄) ပေခွဲခန့် နက်သည့် နေရာတွင် ကျောက်သေတ္တာကို မြင်တွေ့ရသည်။

ယင်းကျောက်သေတ္တည၏ အရွယ်မှာ စတုရန်း (၁၈) လက်မရှိ၍ ဇောက် (၁၂) လက်မနက်အနက်ရှိသည်။ ကျောက်သားအဖုံးပါသည့် ကျောက်သေတ္တာ၌ စာထွင်းထားသည်။ အဖုံးကိုဖွင့်ကြည့်လိုက်သောအခါ စတုရန်း (၈) လက်မရှိသော ငွေပြားတစ်ချပ်ကိုရရှိသည်။ 

ငွေပြားပေါ်တွင် သမ္ဗုဒ္ဓေဂါထာတော်အင်း ကိုထွင်းထားသည်။ ကျောက်သေတ္တာ၌ ထွင်းထားသည့်စာတွင် (သာသနာတော် ၂၄၀၁၊ ကော်ဇာသက္ကရာဇ် ၁၂၁၉  ခု၊ ဘ၀ရှင်မင်းတရားကြီး ဘုရားနန်းစံ ခြောက်နစ်မြောက်တွင် မန္တလေးအရပ်၌ ရွှေမြို့တော်ကြီး ပန်းကုံးကနက်စိုက်မှတ်၍ ရွှေနန်းမြို့တော် တည်လုပ် စံနေတော်မှုရာ တံခါးနီတော် မြို့ရိုး လက်ဝဲအရပ် (၃) တောင်ခန့်တွင် အင်းထည့်သွင်းမြှုပ်နှံသည့် ကျောက်သေတ္တာ) ဟုပါရှိလေသည်။ 

ထုတ်နုတ် - Revenue Journal
 16 Dec 2012

သမ္ဗုဒ္ဓေဂါထာတော်ဆိုသည်မှာ သမ္ဗုဒ္ဓေစေတီ တည်ထားရာမှ စတင်လာခဲ့တယ်လို့ ဆိုရမှာပါ။ သမ္ဗုဒ္ဓေ စေတီတော်ကြီးကတော့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ တည်ရှိနေတာပါ။
  
သမ္ဗုဒ္ဓေ အစ မိုးညှင်းသျှမ်းကလို့ ဆိုရင် ယနေ့ သျှမ်းလူငယ်တွေ ယုံချင်မှယုံကြပေလိမ့်မည်…
ယုံချင်ယုံမယုံရင်ပုံပြင်လို့မှတ်.. 

မုံရွာမြို့ကို တချိန်က သျှမ်းတို့ တည်ခဲ့သော မြို့ဖြစ်သည် သျှမ်းလို မိုင်းယိုင် မှ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ မိုင်းသည် - မြို့ဖြစ်ပြီး။ ယိုင်သည် - ကြီးသည်။ ထို့ကြောင့် မိုင်းယိုင်၊ မြို့ကြီးဟု သျှမ်းတို့ကဆိုသည်။

မည်တို့ပင်ရှိစေကာမှု  သမ္ဗုဒ္ဓေစေတီတော်ကြီးမှ သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် မြန်မာနိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် လူမျိုးတိုင်းလိုလို ရွတ်ဖတ်လေ့ရှိကြောင်းသိရသည်။ နဲ့ပါတ်သက်လို့

 မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်နဲ့ ပတ်သက်လို့  (ကေအမ်တီ) ကတော့ အခုလိုဆိုထားပါတယ်....

ဟို တစ်လောက …… မိုးညှင်းသမ္ဗုဒ္ဓေ နဲ့ ပတ်သက်ပြီး သားအငယ်ကောင် ကမေးတယ် ...
မုံရွာက မြေနဲရွာအနီးမှာ ရှိနေတဲ့ဟာကို ဘာဖြစ်လို့ သျှမ်းပြည်မှာရှိတဲ့  မိုးညှင်း .. မိုးကောင်း တို့လို့ ဝေးတဲ့အရပ်က နာမည်ကို ယူပြီး မိုးညှင်း သမ္ဗုဒ္ဓေလို့ ခေါ်ဆိုရသလဲ ဆိုတဲ့ မေးခွန်းပါ ..

ကျနော်ဒီလိုရှင်းပြလိုက်ပါတယ် …

မိုးညှင်းသမ္ဗုဒ္ဓေ ဆိုတဲ့ ဘွဲ့တော် ဟာ မိုးညှင်းဆရာတော် ဦးသုမန က သမ္ဗုဒ္ဓေ စေတီတော်ကြီး တည်ထားပူဇော်ပြီးမှ ဖြစ်ပေါ်လာတာပါ ။ အဲဒီ အရင်က မိုးညှင်းတောရ လို့ ခေါ်ပါတယ်။ ဒီထက်စောစောရှေးကျကျကတော့ မြေနဲတောရလို့ ခေါ်ခဲ့ကြပါတယ်။ မြေနဲ ကျေးရွာအနီးမှာ ရှိလို့ပါ။

မိုးညှင်းသမ္ဗုဒ္ဓေ မှာ မိုးညှင်း နဲ့ မိုးကောင်း ဆိုတဲ့ ဘွဲ့တော်နဲ့ စေတီနှစ်ဆူရှိပါတယ်။ ဒါယကာကတော့ အင်းဝမိုးညှင်းမင်းတရားကြီး လို့ခေါ်တဲ့ မင်းနန်စီ ဖြစ်ပါတယ်။ မြေနဲစောဒိကာ၊ ညောင်ရမ်းစောမွန်နှစ်ကြီး သမီးတော်တို့ ကနေဖွားမြင်သူပါ ဘုရင်မင်းခေါင်ကြီးလက်ထက်မှာ မင်းရဲကျော်စွာနဲ့အတူ လက်တွဲပြီး သူရသတ္တိပြနိုင်ခဲ့သူမို့ မင်းကြီးရဲ့ ချီးမြှောက်မှု ခံရသူပါ။ မိုးညှင်းမင်းတရား အဖြစ်ရောက်တော်မူတဲ့ အခါမှာ မြေနဲအရပ်မှာ စည်းခုံစေတီ နဲ့ ရွှေကျောင်းတော် ဆောက်လုပ်ပူဇော်ခဲ့ပါတယ်။ (မှန်နန်းရာဇ၀င်)

သက္ကရာဇ်(၇၈၈)ခုနှစ်၊ အင်းဝ မိုးညှင်းမင်းတရား၏ ကုသိုလ်တော်ဖြစ်ပြီး ယခင်က သံဃာ(၂၀၀) ခန့် သီတင်းသုံးရာနေရာလည်းဖြစ်သည်။ မိုးညှင်းတောရ ဆရာတော်လျောင်းလျာ ဦးသုမနသည် လယ်တီဆရာတော်၏ ၀ိပဿနာဓူရကို အားထုတ်ရန် ဆရာတော်၏ ဥပဒေသ(၆) ချက်ကို လိုက်နာလျက် သင့်လျော်မည် နေရာဌာနကို တောင်းပန်လျှောက်ထားသော် လယ်တီဆရာတော်ကြီး၏ လမ်းညွှန်မှုအရ မြေနဲတောရသို့ တောထွက်ကျင့်ကြံရာ ရှေးဘုရား၊ ကျောင်း၊ ရေကန် တို့ကို မြေနဲအောင်သာ စသည့် အနီးနားရွာသားများက ရှင်းလင်း ကုသိုလ်ပြုကြလေသည် ။ မူလ ဒါယကာ မိုးညှင်းမင်းတရားကြီးအား ချီးမြှောက်တော်မူသော အားဖြင့် မိုးညှင်းတောရ ဟုခေါ်တွင်စေခဲ့ရာမှ ဆရာတော်သည်လည်း မိုးညှင်း ကိုယ်တော်လေး ဟု ဘွဲ့တော်တွင်ခဲ့ရလေသည်။ ( ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့်ပုဂ္ဂိုထူးများ ..မှ)

သည်နှစ်ခုကို ထုတ်နှုတ်ကိုးကားပြလိုက်တော့မှ ..မြေနဲ တောရမှသည် …မိုးညှင်းတောရ ..မိုးညှင်းတောရ မှသည် …မိုးညှင်းသမ္ဗုဒ္ဓေ …ခေါ်ဆိုလာကြကြောင်း ရှင်းပြမိပါတော့သည်။ 

သမ္ဗုဒ္ဓေတီတော်ကြီးသည် အခြားစေတီတော် များနှင့်မတူသည်မှာ စေတီဝင်ပေါက်တွင် ခြင်္သေ့ရုပ်ကို ထုလုပ်ထားခြင်းမရှိပဲ ဆင်ဖြူရုတ်နှစ်ရုပ်ကိုသာ ထုလုပ်ထားခြင်းဖြစ်ပြီး။ ဘုရားစေတီအတွင်းပိုင်း မျက်နှာကြက်တော်တွင် မြန်မာနိုင်ငံတွင်ရှိသော အင်းကွက်၊ ဂါထာ ပေါင်းစုံတို့ ရေးထိုးခြင်း၊ ဗုဒ္ဓဘုရား ဆင်းတုတော်ပေါင်း ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈) တို့တည်ထား ကိုးကွယ်ထားခြင်းတို့ ဖြစ်သည်။

သျှမ်းလူမျိုးတို့နဲ့ ဆက်စပ်ခဲ့တဲ့ သမ္ဗုဒ္ဓေဂါထာတော်ကြီးဟာ သျှမ်းလူမျိုးတို့ရဲ့ မြို့ရွာတည်ရင်ကော အင်းအဖြစ်မြှုပ်လေ့ မြှုပ်ထရှိကြပါသလောဟု တွေးတောရင်း လေ့လာရင်း ဝေဖန်ဖို့အတွက် ဝေငှလိုက်ရပါသည်။ ချစ်သောစာဖတ် ပရိသတ်အပေါင်းအား လေးစာလျှက်…ကျားပေါက်…

အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။


အနက်အဓိပ္ပာယ် ဂါထာ အနက် အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊
သမ္ဗုဒ္ဓေ အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊

အဟံ - ဘုရားတပည့်တော်သည်၊
သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏။

ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊
အပ္ပကာ - နည်းသေး၏။
နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊
ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊
အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊
အဟံ - ဘုရားတပည့်တော်သည်
တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏
ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊
သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊
အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊
နမာမိ - ရှစ်ခိုးပူဇော်ပါ၏
နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊
သဗ္ဗေ - ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ - ပယ်ဖြတ်၍၊
အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊
အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊
( အကျိုးမပေးနိုင်သောအားဖြင့် )
 
ဝိနဿန္တု - ပျောက်ပျက်ပါစေကုန်သတည်း။

--- မြို့တိုင်းရွာတိုင်း ရွတ်ဖတ်ကြစေ သမ္ဗုဒ္ဓေ…. လို့ တင်ပြရင်း ချစ်သောစာဖတ် ပရိသတ်ကြီးအား လေးစားလျှက် ... ကျားပေါက်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"