koko

koko

Tuesday, May 28, 2013

တိုင်း သို့မဟုတ် သျှမ်း အမည်


BC – 3000 အလွန် ယခု တရုတ်ပြည်၏ နေရာ၌  တိုင်း သို့မဟုတ်သျှမ်း ဖြစ်လာမည်၊့ “ တိုင်း၊ ကတိုင်း၊ အင်ဒိုနီးရှမ်း ”လူမျိုးများ နေထိုင် ခဲ့ကြသည်။ မယ်ခူးခေးရှဲန် အဆိုရ BC- 3000 အလွန်ကပင် တိုင်းသူသော အမည်ကို သုံးစွဲနေပြီ ဖြစ်ကြောင်း တွေ့ရသည် ဟုဆိုသည်။ (မယ်ခူးခေးရှဲန်)

သျှမ်းတို့၏ အလွန် ထင်ရှားသော အမည်ကား TAI တိုင်း သို့မဟုတ် ထိုင်းဟူသော အမည်ဖြစ်သည်၊ သျှမ်းများသည် မိမိတို့ချင်းချင်း ပြောဆိုရာ၌ သျှမ်းဟူသော အမည်ကို မသုံးပဲ တိုင်း (TAI) ဟူသော အမည်ကိုသာ သုံးနှုန်းကြသည်။ ထိုင်းဟူသော အမည် ပညတ်နှင့် စပ်လျဉ်း၍ CAPTAINFORDS ဆိုသော ပုဂ္ဂိုလ်က ထိုင်းဟူသော စကား၏ အဓိပ္ပာယ်မှာ လွတ်လပ်ခြင်း လွတ်မြောက်ခြင်း ဖြစ်ကြောင်း TAI တိုင်းဟူသောပညတ်ကို ယိုးဒယား သျှမ်းများမှ တပါး အခြားသျှမ်း အမျိုးကွဲ အားလုံးတို့က လက်ခံ အသုံးပြုကြကြောင်း၊ ယိုးဒယား သျှမ်းတို့က မှုမိမိတို့ အမျိုးကို HTAI (Thai) ထိုင်းဟူ၍ ဟထိုးသံ ပါဝင်စေလျှက် ခေါ်ဝေါ်ကြ ကြောင်းဟု ဖော်ပြထားသည်။ (တို့သျှမ်းပြည် 47) 

တရုတ်ပြည် HAI မင်းဆက်တွင် PANG ထိုပန်လူမျိုးများ အကြီးအကျယ် အနှိမ်ခံကြရသည်။ ၎င်းတို့နှင့် အဆမတန်သော အခွန်ဘဏ္ဍာများကို ထမ်းဆောင်ကြရသည်၊ ထို့ကြောင့် ပန်လူမျိုးတို့သည် မခံမရပ်နိုင် ကြတော့သဖြင့် သွေးစည်း တော်လှန်ကြပြီးလျှင် တရုတ်ပြည် HAI (ဟီးယား) မင်းဆက်ကို ဖြုတ်ချကြလေသည်။ 

ထိုသို့ဖြုတ်ချ နိုင်သောကြောင့် မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များဟူ၍ အဓိပ္ပါယ်ရှိသည့် သျှမ်း ဟူသော အမည်သစ်ကို ရရှိခဲ့ကြသည်။ ကမ္ဘာ့သမိုင်းကို လေ့လာသောအခါ သျှမ်းတို့၏ အမည်များအလွန် များပြားသည်ကို တွေ့ရလေသည်၊ “ ချိယိုင်းဟူသော အမည် ပန်ဟူသောအမည်၊ ပူးဟူသောအမည်၊ စူဟူသောအမည်၊ ချိယားဟူသောအမည်၊ ချွန်းဟူသောအမည်၊ ဂျူးဟူသော”အမည်များသည် သျှမ်းကိုခေါ်ဝေါ်သော ရှေးဟောင်းအမည် များဖြစ်ကြသည်။ (မိုးမိတ်ရာဇ၀င်တော်သစ်-41)

တိုင်းခေါ် သျှမ်းလူမျိုးတို့သည် ခရစ္စနှစ်အစလောက်ပင် ယခုယူနန်နယ်၌ နေထိုင်ပြီးဖြစ်သည်ဟု  တွေ့ရသည်။  (ဒေါက်တာသန်းထွန်း၏ မြန်မာရာဇာဝင်စာတမ်း အမှတ်- ၁ )

AD- 3 ရာစုမှ တစ်ဆယ်တစ်ရာစုအတွင်း၌ ယွန်နန်တွင် တိုင်းတို့က လန့်စ၀်ဟုခေါ်သော နန်စော (နန်ကျောင် ) သို့မဟုတ် ဂန္စလရာဇ်ဟု ထင်ရှားသော တိုင်းပြည်တစ်ပြည် ပေါ်ထွန်းခဲ့၏။ တရုတ်ဘာသာ “မျောင့်ယှန်ကော” ဟုခေါ်သည်။ မဟာဂန္စရဌ ဟု အနက်ဓိပါယ်ရပါသည်။

ကျောက်စာဝန် တော်စိန်ခိုကမှု ထိုင်းဟူသော စကားမှာ ကန်တုံနိ သီးခြားဘာသာ စကားဖြစ်၍ (တာ) ဟူသော စကားနှင့် အဓိပ္ပါယ်တူညီပြီး ကြီးမြတ်ခြင်း၊ ကြီးကဲခြင်း ဟုဆိုလိုကြောင်း ဖော်ပြထားသည်။ 
သျှမ်းဟူသောဝေါဟာရ ကိုစမ္ပါမြို့ဟောင်း (ထိုင်းနိုင်ငံ) တွင်း AD 1052- ခုနှစ်က တူးဖော်ရရှိသော ကျောက်စာ၌ အထင်ရှား တွေ့ရှိရသည်။ သက္ကတဘာသာ စကားဖြစ်၍အဖြူ ဖြူစင်ခြင်းဟုအဓိပ္ပာယ်ရသည်။ (ကျောက်စာဝန် တော်စိန်ခို)

တစ်ဆယ့်နှစ်ရာစုက ခမေရ်ဘာသာဖြင့် ရေးထိုးထားရစ်သော အန်ဂေါရ်ဝတ် ကျောင်းတော်မှ အရုပ်စာတန်းတို့တွင်လည်း ထိုလူမျိုး၏ အမည်ကို သျှာမ် ဟူ၍ပင် ရေးသားထားပါသည်။ ထိုမှတစ်ဖန် သျှမ် သို့မဟုတ် သျှံ ဟူ၍  ပုဂံခေတ် မြန်မာကျောက်စာများတွင် AD 1120 မှစ၍ (ဓါတ်ပုံ ၁၁၂/၆) အကြိမ်နှစ်ဆယ်ထက်မနည်း ရေးသားထားကြောင်း တွေ့ရသည်။ 

AD- 13  ရာစု ယိုးဒယားအလယ်ပိုင်း၌  “ သုခေါဒယ ” နိုင်ငံကို တည်ထောင်၍ ထိုနိုင်ငံ ဘုရင် “ရာမဂါမှဲင်” ရေးထိုးသော ကျောက်စာသည်။ AD- 1283 ကဖြစ်၍ ထိုကျောက်စာသည် သျှမ်း သို့မဟုတ် ထဲတို့၏ ရှေးအကျဆုံးစာဟု ခေါ်နိုင်သည်။ 

မြန်မာကျောက်စာတိုအရ သျှံသံဗျင် (ဓါတ်ပုံ ၁၃၈/ ၁၈) သျှံပန်တျာ (ဓါတ်ပုံ ၁၁၃/၁၄) သျှံယန်သည် (ဓါတ်ပုံ ၃၉၁/ ၂၂) နှင့် သျှံပန်ပွတ် ရှိခဲ့ကြောင်းသိရသည်။ သို့သော် ထိုအမျိုးသားတို့၏ ဇာတိအရပ်ကို ဖော်ပြသည်ဟူ၍ မရှိခဲ့ချေ။ ရွာအမည်အဖြစ်ဖြင့် ခန်တီ (ဓါတ်ပုံ- ၆၅ ခ/၃၊  ၈၇/၁၀၊   ၉၂/၁၇၊  ၁၄၃ က/၉၊   ၂၁၊  ၁၄၃ ခ/၇၊  ၁၇ဝ ၁၄၄/၉၊ ၁၄၈ ခ/၃၊   ၁၅၃ ခ/၁၀၊  ၁၃၈ က/၂၊   ၁၈၆/၃၊  ၂၃၉/၂၊  ၂၈၃/၁၃ ) ကို မြန်မာကျောက်စာ များတွင် အခါခါ တွေ့ရှိဖူးရာ သျှမ်း ဘာသာ ခန်တီ ခေါ် ရွှေမြေကိုပင် ရည်ညွန်းသည်ဟု ဆိုရချေမည်။ ထိုရွာမျိုးတွင် သျှမ်းအမျိုးသား အများစုရှိမည်ဟု ခန့်မှန်းရ၏။ မင်းဘူးနယ် ခြောက်ခရိုင် အရပ်ဖြစ်သော ဆည်ရေသောက် လယ်စိုက်ရာတွင် ခန်တီ တစ်ရွာရှိ၏ နောက်ပိုင်းတွင် အထက်ချင်းနှင့် ပူတာအိုနယ်များ၌လည်း ခန်တီရှိကြောင်းတွေ့ရပါသည်။ (စာရင်း ၁၀၈၄  က/၅ နှင့် ရန်အောင်မြင် ဘုရားကျောက်စာ / ၈) တွင်ပါရှိသည်။ (ဒေါက်တာသန်းထွန်း၏ မြန်မာရာဇာဝင်စာတမ်း အမှတ်- ၁ )

AD- 1287 ခုနှစ်က ရေးသားသည်ဟု ဆိုရမည်ဖြစ်သော ယွန်ရာဇာဝင်တွင် သျှမ်းကို  “ ပိုင်ယီ” ခေါ်ကြောင်းတွေ့ရသည်။

မည်သည့်လူမျိုးက မည်သို့ပင်ခေါ်ဝေါ်သည်ဖြစ်စေ သျှမ်းလူမျိုးတို့သည် မိမိကိုမိမိ လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ကျော် မတိုင်မှီကစတင်၍ ယနေတိုင် တိုင်း (TAI) ဟုပင်ခေါ်ဝေါ် သုံးစွဲလျှက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

ယနေ့ သျှမ်းလူငယ်များသည် များသောအားဖြင့် ကမ္ဘာရေစီးကြောင်း နှင့်အတူ မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပျက်လျှက် ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အရေးပေါင်းစုံ တို့သည် မိမိတို့ မသက်ဆိုင်သလို ပြုမှုနေထိုင်ခြင်းသည် အနာဂါတ် သျှမ်းအမျိုးသားရေး အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးပင်ဖြစ်

ဒီနေ့ခေတ် လူငယ်နှင့် အထူးသဖြင့် သျှမ်းလူငယ်များ တို့သည် သမိုင်းစာအုပ်မြင်ရင် နှခေါင်းရှုံ့  ပြတတ်ကြသည်။ အဟောင်း အမြင်တွေ ပြန်လှန်နေလို့ ဘာအကျိုးရှိမှာလဲ၊ လက်ရှိဖြစ်နေ တာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်။ သူတို့က အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့် တာကိုလည်း မကြိုက်ကြပါဘူး။ စိတ်ကူယဉ်နေလို့ အိပ်မက်တွေ မက်နေလို့ဘာမှ ဖြစ်လာမှာမဟုတ်ဘူး၊ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာတွေကို ပဲလုပ်လို့ဆိုကြပါသည်။

သျှမ်း သမိုင်း၏တန်ဖိုး သျှမ်းသမိုင်း၏ ဧရိယာ သျှမ်းတွေရဲ့  ဖြန့်ကျက်နေထိုင်မှုများကို မသိသရွေ့  နောင်သားစဉ်မြေးဆက် ဂူထဲက ကျားများသာ ဖြစ်နေဦးမည်မှာ မလွဲကြောင်း တင်ပြလိုက်ရပါသည်။

“သမိုင်းဆိုတာကို မသိလေတုံးလေ ဖြစ်မယ်၊ အစိုးရကတုံးတဲ့ တိုင်းသူပြည်သားတွေ ဖြစ်အောင် ဖန်တီးတာပဲဖစ်တယ်။” (အငြိမ်းစား သမိုင်း ပါမောက်ခ ဒေါက်တာ အေးကျော်)

“ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအဘူးပေါ့။  (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)

ချစ်သော သျှမ်းညီနောင်အပေါင်းတို့အား လေးစားလျှက် ကျားပေါက်


 ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်