koko

koko

Monday, June 24, 2013

မြန်မာနှင့် သတင်းမီဒီယာ

လူသားတွေ နေထိုင်ကြသော ကမ္ဘာကြီးပေါ်ရှိ လူအဖွဲ့စည်း တိုင်းတွင် သတင်းစာ ဆရာများ၏ အခန်း ကဏ္ဍသည် အမှန်တကယ် အရေးကြီး နေသည်ကို တွေ့ရပါသည်။ ခေတ်အလိုက် နိုင်ငံအလိုက် အနေထားချင်း ကွာတာ မျိုးတော့ ရှိလျှင် ရှိနေပေမည်။ နိုင်ငံတချို့  တွင်အစိုးရ၊ ဒါမှမဟုတ် နိုင်ငံရေး ပါတီများက သတင်း မီဒီယာကို ပိုင်ဆိုင်ထား တတ်ကြပါတယ်။ အချို့ မှာတော့ လူတစ်ဦး တစ်ယောက်၊ ဒါမှမဟုတ် ကုမ္ဗဏီ အဖွဲ့စည်းများ ပိုင်ဆိုင် တတ်ကြပါတယ်၊ များသော အားဖြင့်တော့ အဲ့ဒီနှစ်မျိုးစလုံး ဒွန်တွဲနေတတ်  တာလည်း ရှိပါသည်။ မည်သို့ပင် ရှိစေကာမှု သတင်းစာ ဆရာကောင်း တို့ရဲ့  အခြေခံတာဝန် ကတော့ အတူတူ ပင်ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း၌ သတင်းစာ ပေါ်ပေါက် ရောက်ရှိလာပုံ မတင်ဆက်မှီ လျှာလေးတော့ အနည်းငယ် ရှည်လိုက်ပါရစေ.. သတင်ဆိုတဲ့ အခြေခံအကြောင်း ကတော့ လူထုအနေနဲ့  သိဖို့လိုအပ် နေတဲ့ အဖြစ်အပျက် အကြောင်းချင်း ရာများကို သိရှိနားလည်ပြီး သူတို့ဘ၀ နေထိုင် စားသောက် ရေးအတွက် ဆုံးဖြတ် လုပ်ဆောင်နိုင်အောင် သတင်းအချက် အလက်တွေကို ပေးပို့ခြင်းပင်ဖြစ်သည်။

ပြည်သူတွေဟာ သူတို့ရဲ့ လူ့အသိုက်အ၀န်း၊ အစိုးရ၊ စီးပွားရေးလုပ်ငန်း၊ အားကစား၊ ကျန်းမာရေးစတဲ့ သတင်း အချက်အလက်တွေကို သတင်းစာ ဆရာတွေပေါ်မှာ အားထားရခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သတင်းစာ သမားကောင်းတို့၏ ကြန်အင်လက္ခဏာများဖြစ်ကြသော မျှတမှုရှိရန်၊ တိကျရန်နှင့် တစ်ဖက်စောင်းနင်း မဖြစ်ရန် အထူးအရေးကြီးပေသည်။

မြန်မာနိုင်ငံ၏ သတင်းမီဒီယာသည် ၁၈၂၄ ခုနှစ် ပထမအင်္ဂလိပ်- မြန်မာစစ်ပွဲအပြီး ရခိုင်နှင့် တနသာင်္ရီတိုင်း တို့ကို ဗြိတိသျှတို့ ပထမဦးဆုံးအကြိမ် သိမ်းပိုက် ကိုလိုနီပြုပြီး အစောပိုင်းကာလ အတွင်းမှာပင် စတင်ပေါ်ပေါက် လာခဲ့သည်။ ပထမဦးဆုံး သတင်းစာဖြစ်သော The Maulmain Chronicle သတင်းစာကို ၁၈၃၆ ခုနှစ်တွင် တနင်္သာရီ တိုင်းမင်းကြီးက စတင်ထုတ်ဝေခဲ့သည်။ ဤသတင်းစာမှာ ဗြိတိသျှအစိုးရပိုင် သတင်းစာ တစ်စောင်ဖြစ်သည်။

 ၁၈၄၁ ခုနှစ်တွင် ပထမဦးဆုံး ကရင်သတင်းစာဖြစ်သော Morning Star သတင်းစာထွက်လာခဲ့သည်။ ၁၈၅၃ ခုနှစ်တွင် ဗြိတိသျှရှေ့နေတစ်ဦး ထုတ်ဝေသော The Rangoon Chronicle သတင်းစာပေါ်ထွက် လာခဲ့ပြီး ၎င်းသည် ဗြိတိသျှအစိုးရကို ဝေဖန်သော ပထမဦးဆုံးသတင်းစာ ဖြစ်သည်။ မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ်တွင် မြန်မာ - တရုတ်ကပြားတစ်ဦးက ရတနာပုံနေပြည်တော် မန္တလေး ဂေဇက် (Yadanabon Nay Pyi Daw Mandalay Gazette ) သတင်းစာကိုထုတ်ဝေခဲ့သည်။

- ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ် ကာလတွင် သတင်းစာများ အများအပြားထွက်ပေါ်လာခဲ့ရာ သတင်းစာပေါင်း ၂၆ စောင်ထိထွက်ရှိခဲ့လေသည်။
- ဒုတိယ ကမ္ဘာစစ်ကာလ ဂျပန်အုပ်စိုးမှု အောက်တွင် သတင်းစာ သုံးစောင်သာရှိသာရှိခဲ့ပြီး အားလုံးသည် အစိုးရ၏ အာဘော သတင်းစာများသာ ဖြစ်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် မြန်မနိုင်ငံ သတင်းမီဒီယာသည် ပြန်လည်ရှင်သန်လာခဲ့သည်။ သတင်းစာစောင်ရေသည် ၁၂ စောင်ထိတိုးလာခဲ့သည်။

၁၉၄၀ ပြည့်လွန် နှောင်းပိုင်းနှစ်များနှင့် ၁၉၅၀ ပြည့်လွန် အစောပိုင်း နှစ်များတွင် မြန်မာနိုင်ငံ၏   ကျေးလက်ဒေသများ၌ ဖယောင်းစက္ကူ  စာကူးစက်များဖြင့် ထုတ်ဝေသော သတင်းစာ အမျိုးမျိုးလည်း ပေါ်ထွက်ခဲ့သေးသည်။ ဤဂျာနယ်များသည် မြန်မာနိုင်ငံ၏ လူနည်းစု လူမျိုးစုအချို့တို့၏ အသံကို ကိုယ်စားပြု ဖော်ပြသောကြောင့် ၎င်းသတင်း ဂျာနယ်တို့ကို သူပုန်သတင်းစာများ ဟုလည်းခေါ်ကြသည်။ ဘသာစကားပေါင်း ၁၀၀ ကျော်ဖြင့် ထုတ်ဝေသည်။

၁၉၅၀ ပြည့်လွန်နှစ်များ၌ မြန်မာ့စာနယ်ဇင်းလောကသည် အာရှတွင် အလွတ်လပ်ဆုံးဟု ဆိုနိုင်ပြီး နိုင်ငံရေးအမြင် အမျိုးမျိုးကို ကိုယ်စားပြုလျှက် ဘာသာစကားပေါင်းများစွာဖြင့် ထုတ်ဝေသော နေ့စဉ်သတင်းစာပေါင်း ၃၀ကျော် ထွက်ရှိခဲ့သည်။ ဤသတင်းစာ အတော်များများသည်  နိုင်ငံရေး ပါတီတခုခုကို အားပေးထောက်ခံဖော်ပြခဲ့ကြသည့် အတိုင်း အစိုးရချုပ်ကိုင်မှု ကင်းလွတ်နေခဲ့ကြပြီး ဆင်ဆာတည်းဖြတ်ရန် ကြိုးပမ်းမှုများလည်း အကြီးအကျယ် မရှိခဲ့ချေ။

၁၉၆၂ ခုနှစ်တွင် ဗိုလ်နေ၀င်း ဦးဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တွင် နိုင်ငံတွင်း တစ်ခုတည်းသော သတင်းစာသင်တန်းကိုလည်း ပိတ်ပင်ခဲ့သည့်အပြင် ဗိုလ်နေ၀င်းသည် သတင်းစာ အယ်ဒီတာများကို ထောင်အသွင်း အကျဉ်းချခဲပြီး အစိုးရပိုင် သတင်းစာများ အဖြစ်တည်ထောင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကို ပြဌာန်းခဲ့ပြီး ဤဥပဒေအရ အစိုးရက စာနယ်ဇင်းများကို ဆင်ဆာတည်းဖြတ်ရန် အခွင့်အာဏာများ ပေးအပ်ခဲ့သည်။ ဤဥပဒေကို ကြိမ်ဖန်များစွာ ပြင်ဆင်ပြဌာန်းလာခဲ့ရာ နောက်ဆုံး ၁၉၈၉ ခုနှစ်တွင် ဆင်ဆာတည်းဖြတ်မှု နယ်ပယ်နှင့် ပြစ်ဒဏ် အတိုင်းအတာကို ပိုမိုချဲ့ ထွင်ပြဌာန်းခဲ့သည်။

ဤဥပဒေအရ မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိသမျှ စာအုပ်၊ စာနယ်ဇင်းများ၊ သီချင်း၊ ရုပ်ရှင်မှန်သမျှသည် စာပေစီစစ်ရေး ထံမှခွင့်ပြုချက်ရယူပြီးမှ ထုတ်ဝေဖြန့်ချီကြရမည်ဖြစ်သည်။

၁၉၆၄ ခုနှစ်သည် ဗိုလ်နေ၀င်၏ သတင်းစာများအပေါ် ချုပ်ကိုင်မှုကြောင့် ရှင်သန်နေဆဲ မြန်မာ့သတင်းစာ   လောကကြီးသည် နှစ်အနည်းငယ်အတွင်းမှာ ချုပ်ငြိမ်းသွားခဲ့ရသည်။ ဦးနေ၀င်းခေတ် အစဦးတွင် သတင်းစာပေါင်း ၃၀ ကျော်ရှိနေခဲ့ရာမှ ၁၉၈၈ ခုနှစ်အရောက်တွင် သတင်းစာ ၆ စောင်သာ ထွက်ရှိနိုင်တော့သည်။

ဦးနေ၀င်းခေတ် မြန်မာ့မီဒီယာ လောကသည်    ၎င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းပါတီ အာဘောများနှင့် ၀ါဒဖြန့်မှုအတွက်သာဖြစ်ခဲ့ရသည်။ ထိုသို့ သတင်းစာများကို ပိတ်ပင်လာမှုကြောင့် အခြားသော စာစောများက သတင်းစာများ၏ နေရာကိုအစားထိုး ၀င်ရောက်လာခဲ့ပါတော့သည်။ ၀တ္ထု၊ မဂ္ဂဇင်းများနှင့် စာပေအနုပညာဆိုင်ရာ ပုံမှန်ထုတ် စာစောင်များ ပေါ်ထွက်လာခဲ့သည်။ ဘာသာရေးဆိုင်ရာ သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်ဆိုင်ရာ မဂ္ဂဇင်းများလည်း လူကြိုက်များ ခေတ်စားလာခဲ့သည်။

မြန်မာနိုင်ငံသည် ရုပ်မြင်သံကြား ထုတ်လွှင့်ရာ၌ အရှေ့တောင်အာရှ နိုင်ငံများအနက် နောက်အကျဆုံး   နိုင်ငံဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်အတွင်းမှ စတင်ထုတ်လွှင့်နိုင်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် အီလက်ထရွန်းနစ် စာပို့စနစ် အီးမေးလ် ( E- mail ) ၀န်ဆောင်မှု လုပ်ငန်းကို လူအများအသုံးပြုနိုင်ရန် ခွင့်ပြုခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအဖို့ အင်တာနက် အသုံးပြုစေနိုင်မည့် သတင်းနည်းပညာ စီမံကိန်းကြီး ( Information Technology Master Plan) တရပ်ကို ချမှတ်ကြောင်း အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်ကကြေညာခဲ့သည်။ နှစ်နှစ်ခံအကြာတွင် အင်တာနက်သုံးစွဲမှုတွင်လည်း ဆင်ဆာတည်ဖြတ်မှု လုပ်ငန်းကို ကျင့်သုံးလာခဲ့လေတော့သည်။     

လက်ရှိမြန်မာ့မီဒီယာနှင့်ပတ်သက်၍လည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့  (RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

၂၀၁၁ ခုနှစ်အတွက် အဆင့်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ၁၇၉ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ်မှာ ယခင်နှစ်ကထက် ၁၈ ဆင့် တိုးလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ငါးဆယ်နီးပါး ပုံနှိပ်စာအားလုံးကို စာပေစိစစ်ရေးသို့ တင်ပြပြီးမှ ထုတ်ဝေခွင့်ရခဲ့ရာမှ ၂၀၁၂ ခုနှစ် သြဂုတ် ၂၀ တွင် အစိုးရက ပုံနှိပ်စာများကို ကြိုတင်စိစစ် ဖြတ်တောက်ခြင်း လုပ်ငန်းစဉ်များကို စတင်ဖျက်သိမ်းပေးခဲ့သည်။ ကာလရှည်ပိတ်ထားခဲ့သော ၀က်ဘ်ဆိုက်များစွာကိုလည်း ပြန်ဖွင့်ပေးခဲ့သည်။

"မြန်မာနိုင်ငံအစိုးရထောင်တွေထဲမှာ ဖမ်းဆီးထားတဲ့ ဂျာနယ်လစ်တွေ အင်တာနက်ပေါ်တက်ရေးတဲ့သူတွေ မရှိတော့ပါဘူး"ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောသည်။

ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် တရုတ်နိုင်ငံမှာ ၁၇၃၊ ဗီယက်နမ်မှာ ၁၇၂ ရှိ၍ မြန်မာနိုင်ငံက တရုတ်နှင့် ဗီယက်နမ်တို့ထက် မီဒီယာလွတ်လပ်မှုတွင် အဆင့်ပိုမြင့်သည်။

ညွန်းကိန်းတွင် မီဒီယာလွတ်လပ်ခွင့်အနည်းဆုံး နိုင်ငံများမှာ အီရီထရီယား အဆင့် ၁၇၉၊ မောက်ကိုရီးယား ၁၇၈၊ တာ့ခ်မင်နစ္စတန် ၁၇၇၊ ဆီးရီးယား ၁၇၆ တို့ ရပ်တည်နေသည်။

ပုံနှိပ်မီဒီယာ၊ ရုပ်/သံမီဒီယာ၊ Online မီဒီယာနဲ့ သတင်းအေဂျင်စီ ကိုယ်စားပြု  သတင်းသမားပေါင်း ၄၀ လောက်နဲ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်တွေက နိုင်ငံတကာ စံနှုန်းနဲ့အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိရေး၊ စာနယ်ဇင်း ကျင့်ဝတ်တွေကို မြှင့်တင်ပြီး အင်အား တောင့်တင်းတဲ့ စတုတ္ထမဏ္ဍိုင် ပီသရေးအတွက်ကိုလည်း ကတိသစ္စာပြုခဲ့ကြပါတယ် ဟုဆိုကြသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၅ မှ ၂၇ ရက်ထိ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဦးသောတိုင်းရင် မီဒီယာကွန်ဖရင့်ကို BNI ဦးဆောင်ကာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

လက်ရှိကမ္ဘာရေစီးချောင်းနှင့်အတူ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင်လည်း မီဒီယာသည် မရှိမဖြစ် လိုအပ်လှသည်ဖြစ်၍ မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသလို တိုင်းရင်းသား မီဒီယာများလည်း ဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းသားမီဒီယားသမားတိုင်း မိမိလူမျိုးတို့၏ ဘာသာနှင့် ထုတ်ဝေသော ပုံနှိပ် ရုပ်/သံမီဒီယာ၊ Online နှင့် သတင်းအေဂျင်စီများအား အလေးထားလုပ်ဆောင်ပေးကြပါရန်  မေတ္တာရပ်ခံ တိုက်တွန်းရင်း… မီဒီယာသမားတိုင်းအား လေးစားလျှက် ချစ်သော.. ကျားပေါက်







                                                                                             ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်