koko

koko

Wednesday, July 10, 2013

ပြဒါးလင်းဂူက ကျောက်ခေတ်ပန်းချီ


မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ ၀င်ရောက် အခြေချ နေထိုင်မှုသည်  မည်သည့် လူမျိုးများ စောသည် မည်သည့် လူမျိုးက နောက်ကြသည်။ မည်သည့်လူမျိုး၏ ယဉ်ကျေးမှုကို မည်သူက လုယူသည်ဟု ဆိုသော်ငြားလည်း လက်ရှိ မြန်မာနိုင်ငံ တွင်သို့ သမိုင်းမတင်မှီ ခေတ်နေထိုင် သူများကို သက်သေပြ နေသော နေရာ တစ်ခုကို ပြပါဆိုပါက ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှာငံမြို့နယ်ရှိ ညောင်ချက်ရွှာ တွင်တည်ရှိသော ပြဒါးလင်းဂူပဲ ဖြစ်ပါသည်။

ပြဒါးလင်းဂူသည် ထုံးကျောက်ဂူဖြစ်ပြီး၊ ပင်လယ်ရေ မျက်နှာပြင် အထက် ၁၀၅၀ ပေ တွင်တည်ရှိပါသည်။ အဆိုပါဂူကို ၁၉၆၈ ခုနှစ်က ညောင်ချက်ရွှာမှ ကလေးငယ် ၂-ဦး ကနွားကျောင်းရင်း တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

ရှာဖွေတွေ့ရှိခဲ့သော ပြဒါးလင်းဂူနှင့် ပတ်သက်၍ ဘူမိဗေဒ ပညာရှင်များက ဆက်စပ်ဂူများကို ဂူအမှတ် (၁)နှင့် ဂူအမှတ် (၂)ဟူ၍ နှစ်ပိုင်း ခွဲခြားထားပြီး ဂူအမှတ် (၂)မှာ ဂူအမှတ် (၁)ထက်ပို ကြီးသောဂူဖြစ်ပါသည်။ သုတေသီများက ပြဒါးလင်းဂူအတွင်း လေ့လာခဲ့ရာ ဂူအတွင်း၏ မျက်နှာပြင်များတွင် ရေးဆွဲထားသည့် အနီရင့်ရောင် လူသားတို့၏ လက်ဝါးရာများ၊ နွားငယ်ရုပ်ပုံများ၊ နေထွက်သည့်ပုံများ၊ တိရစ္ဆာန်တို့၏ အရိုးအပိုင်းစများ၊ မီးသွေးခဲများ၊ ခရုခွံများ၊ ကျောက်လက်နက် များကိုပါတွေ့ရှိခဲ့ပါသည်။  တွေ့ရှိခဲ့သော တိရစ္ဆာန်တို့၏ အရိုးအပိုင်းစများ၊ မီးသွေးခဲများကို နယူးဇီလန်နိုင်ငံရှိ Necular Scientific Research Institute သို့ ပို့၍ carbon dating နည်းအရ စမ်းသပ်စစ်ဆေးခဲ့ရာ ကျောက်ခေတ်သစ် ကာလမှ ဂူတစ်ခု ဖြစ်ကြောင်းနှင့် ပြဒါးလင်းဂူ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၃၀၀၀ နှစ်ရှိပြီ ဖြစ်ကြောင်း ခိုင်မာသော အဖြေရရှိခဲ့ပါသည်။

မြန်မာ့မြေပေါ်တွင် ကျောက်ခေတ် နှောင်းပိုင်းက တည်းက လူသားတို့ နေထိုင်ခဲ့သည့် သက်သေ အထောက်အထား များကို ပြဒါးလင်းဂူက ခိုင်မာစေခဲ့သည်။
လူသားမျိုးနွယ် များနှင့် နှီးနွှယ်နေသည့် မြန်မာ့မြေပေါ်က ကျောက်ခေတ် လူနေမှုဘ၀၊ ယဉ်ကျေးမှု၊ အနုပညာများကို ကမ္ဘာ့ရှေးဟောင်း သုတေ သန ပညာရှင်များကလည်း အသိအမှတ်ပြု  မှတ်တမ်းတင် ခဲ့ကြသည်။ ဂူအတွင်း နေထိုင်ခဲ့သော ကျောက်ခေတ် လူသား များသည် သူတို့ နေထိုင်ရာ ပတ်ဝန်းကျင် တွင်မြင်တွေ့ရ သည်များကို ဂူမျက်နှာပြင် များတွင် ရေးဆွဲခဲ့ကြခြင်း ဖြစ်ကြောင်း သုတေသီများက ယူဆခဲ့ကြပါသည်။

ပြဒါးလင်း ဂူသည် ဂူနှစ်ဂူရှိပြီး နှစ်ဂူစလုံးမှာ တောင်ဘက်ကို မျက်နှာမူလျက်ရှိသည်။ တစ်ဂူနှင့်တစ်ဂူ ကိုက် ၂ဝဝ ကွာဝေးသည်။ အနောက်ဘက်ဂူသည် ပိုမိုကြီးမားပြီး ဂူတစ်ခုတည်းမဟုတ်ပဲ ဂူကိုးခုစီတန်းပြီး တစ်ခုနှင့်တစ်ခု ကျဉ်းမြောင်းသည့် ဂူများနှင့် ဆက်လျက်ရှိသည်။ အနောက်ဘက်ဂူမှာ ပေ ၈ဝဝ ရှည်လျားသည်။ အနောက်ဘက်ဂူမှာ မြေပြင်အထက်ပေ ၇ဝ အမြင့်တွင် တည်ရှိသဖြင့် ရန်သူများ ရုတ်တရက်လာရောက် တိုက်ခိုက်မည်ကို ကြိုတင်သိမြင်နိုင်သည့် အနေအထားတွင် ရှိသည်။ ထုံးကျောက်ဂူဖြစ်သည့် အားလျော်စွာ အနောက်ဘက်ဂူကြီး၏ အတွင်းပိုင်းမှာ သဘာဝအလျောက်   ကျောက်စက် ပန်းဆွဲများ၊ ကျောက်စက် မိုးမျှော်များနှင့် ဆန်းကြယ်စွာ တွေ့ရှိရသည်။

ထို့ပြင် ဂူအတွင်းရှိ ထုံးကျောက်သားများမှာ ပြဒါးကဲ့သို့ လက်လက် လက်လက်ဖြင့် တောက်ပ   နေသော       ကြောင့် ပြဒါးလင်းဂူဟု ယနေ့ ခေတ်တွင် ခေါ်ဆိုခဲ့ပုံရသည်။

ပြဒါးလင်းဂူ အမှတ်(၂)သည် ပေ ၈၀၀ အနက်ရှိကာ အခန်းခြောက်ခန်း ပါရှိသော ကျောက်လိုဏ်ဂူအဖြစ် တည်ရှိနေလေသည်။ ဂူခေါင်မိုးတွင် နေအလင်းပေါက်များသည် ဂူကြမ်းပြင်သို့ အလင်းတန်းများသဖွယ် ကျရောက်နေသည်။ အမြင့်ပေ ၆၀၊ ပေ ၈၀ အခန်း ကြီးများဖြင့်ဖွဲ့တည်ကာ နောက်ဆုံးဂူ မှာ ၁၅ ပေပတ်လည်ခန့် ရှိသည်ကို တွေ့ရသည်။

ကျောက်စက်ပန်းဆွဲ၊ ကျောက်စက် မိုးမျှော်များရှိသည်။ ကျောက်ခေတ် နှောင်းလူသားတို့ သူ့အခန်း၊ ကိုယ့် အခန်းဖြင့် အုပ်စုဖွဲ့ကာ နေထိုင်ခဲ့ကြ မည့်သဘောပင် ဖြစ်ပေလိမ့်မည် မြန်မာ့မြေပေါ်တွင် နေထိုင်ခဲ့သည့်၊ ဤပြဒါးလင်းလိုဏ်ဂူသည် လေ၀င်လေထွက်၊ အလင်းရောင် အားကောင်းမှု၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝဘေး အန္တရာယ် လုံခြုံမှု အစ ရှိသည်တို့ကို ကြည့်ရှုခြင်းဖြင့် ၎င်းတို့၏ နေထိုင်မှုအဆင့်အတန်း မနိမ့်ကြောင်း သုံးသပ်နိုင်သည်။

ပြဒါးလင်းဂူအမှတ်(၂)မှ ငါးမိနစ်ခန့် ခြေလျင်ခရီးဆက်လျှင် ပြဒါးလင်းဂူ အမှတ်(၁)သို့ ရောက်ရှိပေမည်။
မြန်မာ့ ကျောက်ခေတ်နှောင်း လူသားများအား လူရိုင်းများဟု ပြောဆို၍ မရလောက်သော ယဉ်ကျေးမှု၊ အနုပညာလက်ရာများကို ထိုနေရာတွင် လေ့လာနိုင်သည်။ ထိုဂူအတွင်းမှ ကျောက်လက်နက်များ၊ တောရိုင်း တိရစ္ဆာန် အရိုးစုများ၊ ကျောက်ခေတ်လူသား ကျောက်ဖြစ်ရုပ်ကြွင်း အရိုးများ၊ ရေနေ သတ္တ၀ါအခွံများ၊ ရွှံ့စေး မြေထည်များအပြင် ဂူမျက်နှာကြက် ပေါ်တွင် ရေးဆွဲခဲ့သည့် နံရံဆေးရေး များက လွန်ခဲ့သည့် နှစ်ပေါင်း ၁၃,၀၀၀ ခန့်က လူ့ယဉ်ကျေးမှုတစ်ခုကို ပြန်လည် ဖော်ထုတ်ပေးခဲ့သည်။
တစ်ဒါဇင်ခန့်ရှိ သော နံရံဆေးရေးပန်းချီများတွင် လက်ဝါးပုံ၊ နေပုံ၊ ငါး၊ သမင်၊ ပြောင်၊ နွားအုပ်ပုံ၊ ဆင်၏နောက်ပိုင်းပုံ၊ လူ့ အရိုးခေါင်းပုံ စသည့် ပုံများကို အနီ ရောင်များဖြင့် ရေးဆွဲခဲ့ကြသည်။
အရှေ့ဘက်ဂူမှာ အနောက်ဘက်ဂူထက် ပိုမိုသေးငယ်သည်။

အလင်းရောင်နှင့် လေကောင်း လေသန့်လည်း ကောင်းမွန်စွာ ရရှိသည်။ အရှေ့ ဘက်ဂူ၏ အလယ်မှာ ရှေ့ကို အစွန်း ထွက်နေသဖြင့် နှစ်ပိုင်းကန့် ထားသည့် အနေအထားမျိုး ဖြစ်နေသည်။ အင်္ဂလိပ်အက္ခရာ (E) နှင့် သဏ္ဌာန် တူသည်။ အရှေ့ဘက် ဂူနံရံတွင် ကျောက်ခေတ် ဂူနံရံပန်းချီလက်ရာများကို မြေပြင်မှ ၁၂ ပေ အကွာတွင် တွေ့ရှိ ရသည်။ နေပုံ၊ လူ၏လက်ပုံ၊ ငါးနှစ်ကောင်ဟု ယူဆ ရသည့်ပုံ၊   နွားနှစ်ကောင် ခွေ့နေ သည့်ပုံ၊ နွားမကြီး နောက်မှ နွားငယ်လေးများ လိုက်နေပုံဟု ယူဆရသည့်ပုံ စသည် တို့ဖြစ်သည်။ ဂူနံရံပန်းချီများ ကဲ့သို့ လူပုံမပါဝင် ပေ။ နေထွက် နေသည့်ပုံမှာ ပန်းချီလက်ရာ အားလုံးအနက် အပီပြင်ဆုံး ကျန်ရှိသည့် ပုံဖြစ်သည်။ စုစုပေါင်း ပန်းချီပုံ ၁၂ ပုံရှိပြီး ပန်းချီပေါ်မှာ ထုံးရည်ကြည်များ ဖုံးနေသည်ကို တွေ့ရ သည်က တစ်ကြောင်း၊ ၁၉၆၉ ခုနှစ် ဇန်နဝါရီလ တူးဖော်မှုမှ မြေနီခဲ (Red Ochre) များ တွေ့ရှိရသည်က တစ်ကြောင်း ၎င်းပုံများကို ရှေးဦးလူသားများ ရေးဆွဲခဲ့သည်မှာ ထင်ရှားကြောင်း တွေ့ရသည်။

ပြဒါးလင်းဂူနှစ်ဂူအနက် အရှေ့ဘက်ဂူကို ၁၉၆၉ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ လမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တူးဖော်ခဲ့သည်။ ၁၉၆၉ ခုနှစ် တူးဖော်မှုမှ   ကျောက်လက်နက် အကောင်း၊ အကျိုးစုစုပေါင်း ၁၆ဝဝ ကျော်၊ တိရစ္ဆာန် အရိုးအပိုင်းအစများ၊ မီးသွေး များ၊ မြေနီခဲများ စသည်တို့ရရှိခဲ့ပါသည်။ ကျောက်လက်နက် အကောင်း ၄၂၂ ခုကို ဆက်လက်လေ့လာ မှုပြရန် ရန်ကုန်မြို့သို့ ယူဆောင်လာပြီး ကျန်ကျောက်လက်နက်များကို အရှေ့ဘက်ဂူတွင် မြှုပ်နှံထားခဲ့ သည်ဟု သိရှိရပါသည်။ ပထမအကြိမ် ၁၉၆၉ ခုနှစ် တူးဖော်မှုအပြီး ၂ဝဝ၉ ခုနှစ်တွင် အရှေ့ဘက်ဂူကို ဇန်နဝါရီလတွင် တူးဖော်ခဲ့ရာ ကျောက်လက်နက် ၄ဝဝ ကျော်ရရှိခဲ့သည်ဟု သိရှိရသည်။
ပြဒါးလင်းဂူ နှစ်ဂူအနက် အရှေ့ဘက်ဂူမှာ (Cupules) ခေါ် ကျောက်ခွက်ငယ် လေးများကို တွေ့ရှိရ သည်။ ပထမဦးစွာ (Cupules) ဆိုသည်မှာ (Cup Stones, Cup Marks) ဟုလည်း အဓိပ္ပာယ်ရသည်။ ၎င်း (Cupules) ဆိုသည့်အခေါ်အဝေါ်ကို ကမ္ဘာကျော်ရှေးဟောင်း သုတေသနပညာရှင် Robert G.Bednarik က မကြာသေးမီ ၂ဝဝ၃ ခုနှစ်ကမှ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ Cupules မှာ အစောဆုံး သမိုင်းမတင်မီ ခေတ်အနုပညာ (Prehistoric Art) ဖြစ်သည်။ ခွက်ငယ်ပုံသဏ္ဌာန် (Cup-shaped) ရှိပြီး လူလုပ်သည့် ကျောက်အနုပညာ (Man-made Rock Art) ဖြစ်သည်မှာ ထင်ရှားသည်။ ထုံးကျောက် မျက်နှာပြင်ကို လူ၏လက်ဖြင့် ခွက်ငယ်လေးများ ပုံသဏ္ဌာန်ဖြစ်အောင် ရိုက်ခတ်ပြီး ပြုလုပ်ထားသည့် ကျောက်ခွက် ငယ်လေးများကို   ဒေါင်လိုက် (သို့မဟုတ်) အလျားလိုက် နှစ်မျိုးတွေ့ ရှိရသည်။

ကျောက်ခွက်ငယ်လေးများကို ကုန်းတွင်းပိုင်းအရှေ့တောင်အာရှ (Mainland Southeast Asia) နိုင်ငံများ   ဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံများ အနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာ ထူးခြားရှားပါးစွာ တွေ့ရှိရသဖြင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည်။ အရှေ့တောင်အာရှ ကျွန်းနိုင်ငံ တစ်ခုဖြစ်သည့် ဘရူနိုင်း နိုင်ငံတွင်လည်း   တွေ့ရှိရသည်။
ပြဒါးလင်းဂူနှစ်ခုမှ အသစ်တွေ့ရှိချက် နှစ်ခု (New Discoveries) ကို တင်ပြလိုပါသည်။ ၎င်းတို့မှာ အရှေ့ဘက်ဂူမှ ကျောက်ခွက်ငယ်လေးများ (Cupules) နှင့် အနောက်ဘက်ဂူမှ ဂူနံရံပန်းချီတို့ပင် ဖြစ်သည်။ အနောက်ဘက်ဂူပေါက်ဝ ဘယ်ညာ နှစ်ဖက်စလုံးတွင် အနီရောင် ပန်းချီများကို တွေ့ရသော် လည်း ထုံးရည်ကြည်များ ဖုံးလွှမ်းနေ၍ တစ်ကြောင်း၊ လူအများက၎င်းတို့၏ အမည်များနှင့် ၎င်းတို့ နေထိုင်ရာ ဒေသ အမည်များကို (Correction Pens) များနှင့်ရေးသားထားခဲ့ကြ၍ တစ်ကြောင်း ယခုအခါ ဆေးနီရောင်မှလွဲ၍ မည်သည့်ပုံကို ရေးဆွဲခဲ့သည်ဟူ၍ ဖော်ပြနိုင်ခြင်းမရှိတော့ပေ။ မြေပြင်မှ ၁ ဒသမ ၇ မီတာ အကွာတွင် ၎င်းတို့ကို တွေ့ရှိရသည်။
အလားတူ သက်သေအထောက် အထားများကို သမိုင်းမတင်မီခေတ်က တည်းကရှိခဲ့သည့် ပြင်သစ်နိုင်ငံမှ   ကျောက်ခေတ် လူသား တို့နေထိုင်ခဲ့ရာ နာမည်ကျော် Lascaux ဂူ၊ Avignon ဂူ၊ စပိန်နိုင်ငံမှ Cosquer ဂူများ အတွင်းမှ အနုပညာလက်ရာများနှင့် အံ့ဩ ဖွယ်ရာတူညီမှု များရှိနေသည် ဟု ၀က်ဘ်ဆိုက် တစ်ခုတွင်   ဖော်ပြထားသည်ကို ဖတ်ရှုရသည်။
သုတေသန ပညာရှင်များ ငြင်းဆိုရန် ခက်ခဲသည်မှာ ဥရောပမှ ကျောက်ခေတ်လူသားများ၏ လက်ရာများနှင့် မြန်မာ့မြေပေါ်မှ ကျောက်ခေတ်လက်ရာများမှာ ဆင်တူယိုးမှားရှိနေသည့် အချက်ပင်ဖြစ်သည်။

ထိုပြဒါးလင်းဂူ အမှတ်(၁)သည် ဂူ အားဖြင့် တိမ်သည်။ အတွင်းဂူဝတွင် သစ်တုံး၊ မြေသားများနှင့် ပိတ်ဆို့နေသောကြောင့် ပါးစပ် ရာဇ၀င် အများအပြား ရှိနေခဲ့သည်။ ပါးစပ်ရာဇ၀င်အရ ထိုပြဒါးလင်းဂူများကို ယခင်က သျှမ်း လူမျိုး နတ်ညီအစ်မနှစ်ဦးက ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ ပွဲသွားပွဲလာအတွက် ရတနာများကို လာရောက် ငှားရမ်းနိုင်ပြီး ပြန်လည်ထားရှိရသည် ဟုဆိုသည်။ နောက်ပိုင်းတွင် လာရောက် ငှားရမ်းသူများက ရတနာအစစ် နှင့် အတုများကို လဲလှယ်ထားရှိခဲ့ကြ သောကြောင့် ဂူပေါက်များကို ပိတ်ဆို့ ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံ သျှမ်းများက ယုံကြည်လျက်ရှိကြသည်။
ပြဒါးလင်းဂူကို ရောက်ရှိရန် ရွာငံမြို့ မှ မော်တော်တစ်တန်၊ ကုန်းကြောင်းတစ်တန် သွားမှသာလျင် ရောက်ရှိ   နိုင်သဖြင့် လူသူအရောက် နည်းပါးလျက်ရှိပြီး သိရှိသူ နည်းပါး လျက်ရှိပါသည်။ ဘူမိဗေဒပညာရှင်များ၊ အခြားနိုင်ငံများမှ သုတေသီများနှင့် ရှေးဟောင်း သုတေသန ဦးစီး ဌာနမှ ၀န်ထမ်းများက သွားရေးလာရေး ခက်ခဲသော်လည်း သွားရောက် လေ့လာခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း များဆောင်ရွက်လျက်ရှိပါသည်။   ရှေးဟောင်း  သုတေသန ဦးစီးဌာနမှလည်း ၁၉၉၆ ခုနှစ်က ပြဒါးလင်းဂူအား အနာဂတ်ကာလတွင် ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်း နိုင်ရန်အတွက် ယူနက်စကို၏ ယာယီ စာရင်း (Tentative List) တွင် တင်သွင်းထားပြီးဖြစ်ပါသည်။

ပြဒါးလင်းဂူကို ပြည်ပနိုင်ငံများတွင် မဆိုထားဘိ၊ မြန်မာနိုင်ငံတွင် နေထိုင်သူ အများစုနှင့် နီးနီးကပ်ကပ် သျှမ်းပြည်နယ်သားများပင် မသိရှိကြ၍  အမှန်တကယ်အားဖြင့် ယနေ့အထိပင် ပြဒါးလင်းဂူ ယဉ်ကျေးမှုကို မပျောက်မပျက်ဘဲ လက်တွေ့သွားရောက် လေ့လာနိုင် သည်။
မြန်မာနိုင်ငံမှာ ရှေးဦးလူသားတို့၏ ဂူနံရံပန်းချီကို ပြဒါးလင်းဂူ တစ်ခုတည်းမှာသာ တွေ့ရ သေးသဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ခေတ် လူသားတို့၏ ယဉ်ကျေးမှုကို အထင်အရှားတွေ့ရသည်။     
ယနေ့အချိန်တွင် ရှေးဟောင်းသုတေသန ဦးစီးဌာနက ပြဒါးလင်းဂူများကို ထိန်းသိမ်းကာ နိုင်ငံခြားသား တစ်ဦးလျှင် ၀င်ကြေး အမေရိ ကန် ၁၀ ဒေါ်လာနှုန်း ကောက်ခံကာ မြန်မာ နိုင်ငံသားများမှာမူ အခမဲ့ လေ့လာနိုင်သည်။

၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံခြားသား ၁၈ ဦး လာရောက်လေ့လာခဲ့သဖြင့် ထိုနှစ်သည် နိုင်ငံခြားသားခရီးသွား အများဆုံးနှစ်ဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံခြားသားတစ်ဦးသာ လာရောက်ခဲ့သောကြောင့် အနည်းဆုံးနှစ် ဖြစ်ခဲ့သည်။
သို့ပါ၍ မြန်မာ့ ယဉ်ကျေးမှုနှင့် ပန်ချီးအစ  ပြဒါးလင်းဂူ ကျောက်ခေတ်လူသားက လို့ ပြောရမလိုဖြစ်ကြောင်း တင်ပြရင်း ချစ်သော စာဖတ် ပရိသတ်များကို လေးစားလျှက်… ကျားပေါက်

ထုတ်နုတ်
ကြေးမုံ သတင်းစာ - ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၂
တက္ကသိုလ် ပညာပဒေသာစာစောင်
ဇင်မင်းဆွေ အတွဲ ၂၆၊ အမှတ် ၅၀၅ (၁၁-၁၇ ၊ ၂ ၊ ၂၀၁၁)


ရှးဟောင်းသုတေသနဦးစီးဌာနက အကာအရံများကာရံကာ ထိန်းသိမ်းထားသည့် ပြဒါးလင်းဂူ တစ်နေရာ။၊
ဓာတ်ပုံ-ဇင်မင်းဆွေ Save

ပြဒါးလင်းဂူတစ်နေရာတွင်တွေ့ရသည့် ရှေးကျောက်ခေတ် လူသားတို့၏ ပန်းချီ လက်ရာတစ်ခု။
ဓာတ်ပုံ-ဇင်မင်းဆွေ Save 2


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်