koko

koko

Friday, September 27, 2013

ဗိုလ်ဘိုးစောနှင့် နယ်ချဲ့တော်လှန်ရေး အင်အားစုများ

သျှမ်းနီအမျိုးသားခေါင်းဆောင် ဗိုလ်ဘိုးစော နှင့် မြန်မာပြည်မြောက်ပိုင်း နယ်ချဲ့ တော်လှန်ရေး အင်အားစုများ

AD- 1777 ခုနှစ် ဘိုးတော် ဘုရားလက်ထက်တွင် မြန်မာတပ်များက မိုးကောင်းကို တိုက်ခိုက် သိမ်းပိုက်ပြီး ဟောဆိုင်းကို သုံ့အဖြစ် ခေါ်ဆောင်သွားသည်။ ဟောဆိုင်းမှာ ကောသမ္ဘီနိုင်ငံ သို့မဟုတ် မိုးကောင်းနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သည်။ ထိုအချိန်မှစ၍ မိုးကောင်းသည် မြန်မာမင်းလက်အောင်ခံမြို့ တစ်မြို့ဖြစ်လာသည်။
 -  မြန်မာဘုရင်သည် မိုးကောင်းတွင် စော်ဘွား မထားတော့ဘဲ မြို့ဝန်ခန့် ထားခဲ့သည်။ သို့ဖြင့် မိုးကောင်းသည် မြန်မာဘုရင် ခန့်ထားသော မြို့ဝန်များ အောက်တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည်။ ဤနယ်တွင်း ရှိသော သျှမ်းများ ကချင်များ ဗမာများသည် ရံဖန်ရံခါတွင် အချင်းချင်း တိုက်ခိုက်တတ်ကြပြီး ရံဖန်ရံခါတွင် အချင်းချင်း စုပေါင်းညီညွတ်လျက် မတရားညှဉ်းပန်း အုပ်ချုပ်သူများကို ခုခံတိုက်ခိုက်ကြလေသည်။

မိုးကောင်းမြို့ကို စော်ဘွားပေါင် ၂၉ ပါး အုပ်ချုပ် ခဲ့ပြီးနောက် အဝေးရောက် မြို့ဝန်များအဖြစ် - မင်းသီရိရာဇာသင်္ကြန် ၁၁၅၈ မှ သူ့ကျွန်မခံလိုသော မိုးကောင်မြို့ဝန် အမတ်ကြီး နေမျိုးသီရိကျော်ထင် (နေမျိုးသိန်လုံကျော်သူ- စ၀်ဘိုးစော ၁၂၄၉)   (၁၁၅၈ မှ ၁၂၄၉ ) အထိ မြို့ဝန် ဆက်ပေါင်း (၅၄) ဆက်တိတိ အုပ်ချုပ် ခဲ့ပါသည်။

 ၁၈၈၅ ခုနှစ် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲအပြီး မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် သီပေါမင်း ပါတော်မူခဲ့ရပြီးနောက်ပိုင် မြန်ပြည်ကို ဗြိတိသျှတို့ သိမ်းပိုက် လိုက်သည် ဟုကြေငြာသည်။


၁၈၈၆ ခု၊ မတ်လ ၁ ရက်မှ စ၍ ၁၉၃၇ ခု၊ ဧပြီလ ၁ရက်နေ့ထိ သျှမ်းပြည်မှတပါး အထက် မြန်မာနိုင်ငံ တ၀န်းလုံးသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ် ရပ်တည် လေတော့သည်။

ထို့ကြောင့် အထက်မြန်မာနိုင်ငံကို ဗြိတိသျှ အင်ပိုင်ယာအတွင်းသို့ သွတ်သွင်းကြောင်း တရာဝင် ကြေညာလေသည်။ ၀ီတိုရိယ စတက်ကျူ ဥပဒေ ၃၃၊ အခန်း ၁၊ အခန်းခွဲ (ခ) အရအထက် မြန်မာနိုင်ငံကို တိုက်ရိုက် အုပ်ချုပ်ရန် ဘုရင်ခံချုပ်က ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်လေသည် မြန်မာနိုင်ငံတခုလုံး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။

အထက်မြန်မာပြည်တို့ အင်္ဂလိပ်တပ်များ ချီတက်လာရာ ၀န်သိုစော်ဘွား စ၀်အောင်မြတ်နှင့် ဖခင်မိုးကောင်းမြို့ဝန် စ၀်ရွှေသား၊ မိုးလှိုင်စော်ဘွား စ၀်ခမ်းလှိုင်၊ စ၀်ဘိုးစောတို့ ဦးဆောင်သော အထက်မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်ဝင် တော်လှန်ရေး အင်အားစုများနှင့် ကချင်မျိုးနွယ်ဝင်းများဖြစ်ကြတဲ့ ဆမားဒူးဝါး၊ ကန်စီးဒူးဝါး၊ နော်ပွဲဒူးဝါ၊ ဖုံကန်ဒူဝါး၊ လွယ်ဆိုင်းဒူးဝါးတို့၏ တော်လှန်ရေး တပ်များက လက်နက်ဆွဲကိုင်၍ ပထမဦးဆုံး ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။

ဗန်မော်နယ်ဘက်တွင်လည်း စောရန်နိုင် နှင့် မိုးလှိုင် စော်ဘွားကြီး စ၀်ခမ်းလှိုင်တို့ အင်အားစုမှာလည်း ထင်ရှားသော နယ်ချဲ့ဆန့်ကျင် တော်လှန်ရေးများ ဖြစ်ခဲ့ကြပါသည်။ မော်လူး (၅) ခရိုင်အင်အား စုလည်းပါဝင် ထင်ရှားခဲ့ပါသည်။ အင်္ဂလိပ်တို့သည် သီပေါဘုရင်အား နေ့ချင်းညချင်း နန်းချနိုင်ခဲ့သော်လည်း အထက်မြန်မာနိုင်ငံ သျှမ်းတို့ ဒေသကို (၁၀)နှစ်ကြာ အင်္ဂလိပ်တို့ တိုက်ခိုက်ခဲ့ရသည်။

ထိုတိုက်ပွဲများတွင် ကျဆုံးသော အင်္ဂလိပ်နယ်ချဲ့ သမားများ၏ စစ်င်္သချိုင်းကို ဗန်မော်မြို့ သံတဲအနီး၌ ကျောက်တိုင် ကဗျည်းစာများ ပြုလုပ်ခဲ့သည်။ သျှမ်းနီ အမျိုးသားခေါင်း ဆောင်များသည် အင်္ဂလိပ်ကပေးသော ရာထူးကိုမယူ၊ လက်နက်မချ၊ အဖမ်းမခံခဲ့ပါ။ အားမတန် မာန်လျော့၍ နယ်ခြားသို့ ရှောင်သိမ်းသွားခဲ့ကြရသည်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးမှ ဦးရီးတော် ညောင်ရွှေစော်ဘွား ဆာစ၀်မောင်၏ ညိုညင်မှု မရှိစေရပါဘူးဟု အတန်တန်ခေါ်ယူမှ အမိမြန်မာနိုင်ငံသို့ ပြန်လာနိုင်ခဲ့သော ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ်၏ စိတ်ဓါတ်ကို စံတင်အပ်လှပေသည်။ နောင်မျိုးဆက်သစ်များ အတုယူရ လောက်ပေသည်။

၁၈၈၅ ခုတွင် ဗိုလ်မှုး အင်ရီကေက -မြန်မာနိုင်ငံကို သိမ်းပိုက် ခဲ့သောလည်း ဝေးလန်သော ကချင် တောင်တန်းများမှ ထိုကာလ နောက်ပိုင်း အချိန်များထိ မငြိမ်မသက်ဘဲ ရှိခဲ့သည်။ မြစ်ကြီးနားမြို့ အနီးရှိ ဆဒုံးအရပ်တွင် ဗြိတိသျှ ကင်းစန်းကို ၁၈၉၁ - ၉၂ ခု ရောက်မှ  လည်းကောင်း အသီးသီး ဖွင့်နိုင်ခဲ့သည်။ စီးပွားရေးကို ဦးတည်၍ အထက်မြနမာနိုင်ငံကို သိမ်းပိုက်ခဲ့သော ဗြိတိသျှ အာဏာပိုင်တို့သည် အထက်မြန်မာပြည် တောင်တန်း ဒေသကို သိမ်းသွင်းရာ၌ အချက်အချာ မြို့ရွာများကို ရှေးဦးစွာ မိမိရရ ဆုပ်ကိုင်နိုင်ရန် အားထုတ် ခဲ့ကြသည်။ အထက် မြန်မာနိုင်ငံကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ရန်အတွက် ဗန်းမော်ဒေသ သည် အထူးပင် အရေးကြီးကြောင်း ဗြိတိသျှတို့ နားလည်သဘောပေါက် ပြီးဖြစ်သည်။

ကျောက်စိမ်း၊ ကျောက်နီနှင့် ပယင်းတွင်းများရှိခြင်း၊ သဘောင်္ကြီးများ ပေါက်ရောက်နိုင်ခြင်း၊ အထက် မြန်မာနိုင်ငံသို့ ကုန်စည် ကူးသန်းရာ လမ်းကြောင်းပေါ် ၌ ရှိခြင်းစသည့် ၀ိသေသ တို့ကြောင့် ဗန်းမော်ကို ဤမျှ စိတ်ဝင်စားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အထက် အမိန့်ကိုပင် တောင်းခံခြင်း မပြုဘဲ ၁၈၈၅ ခု၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပက်ရှဝါမြို့  ၁၆ ဟု ယင်းတို့တင်စား ခေါ်ဆိုသော ဗန်းမောမြို့ဆီသို့ စစ်ကြောင်း တကြောင်း မန္တလေးမှ အပူတပြင်း ပရင်းဒဂတ် (စ်) ချီခဲ့ဖူးသည်။

ဗန်းမော်မြို့ကို ၁၈၈၅ ခု၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သိမ်းပိုက် ခဲ့ကြသည်။ ထိုစဉ်က ဗန်းမော် အရေးပိုင်မှာ စစ်ဘက်မှ ဗိုလ်ကြီးကွပ် ၁၈ ဖြစ်သည်။ ဗန်းမော် ဒီစကြိတ်ကို လက်ရ သိမ်းဆည်းပြီးနောက် ဗြိတိသျှ အာဏာပိုင်တို့သည် ထိုဒေသနေ ကချင်များ နှင့်သျှမ်းများ၏ ခုခံခြားနားခြင်းကို ခံကြရသည်။ ဗန်မော်မြို့၏ ရှေ့ဘက် မိုင် ၃၀ ခန့်ဝေးသော အရပ်တွင် ဖုန်ကန်အမည်ရှိ ကချင် တောင်တန်းသားများ နေထိုင်ကြသည်။ ၎င်းတို့သည် ရဲရင့် သတ္တိရှိသူများ ဖြစ်သည်။ ထို့ကြောင့်လည်း ဗြိတိသျှတို့ကို အမှုမထားဘဲ ၁၈၈၆ ခုနှစ်ထဲတွင် ဆာဝဒီအရပ်ကို ဖုန်ကန် ဒူဝါနှင့်ကချင်များ ၀င်ရောက် တိုက်ခိုက်ပြီး ဆင်ကန်ချိုင့်ဝှမ်း အတွင်းရှိ ကျေးရွာများတွင် မကြောက် မရွံ့ရဲရဲရင့်ရင့်ပင် ဆက်ကြေးများ ကောက်ခံခဲ့သည်။ အဆိုပါ ကချင် အမျိုးသားများ သျှမ်းအမျှိုးသား များသည် ထိုထက်ပင် တဆင့်တက်၍ ဗန်းမော်မြို့ကို ၀င်စီးရဲသည် အထိသတ္တိပြ ခဲ့ကြသေးသည်။

 ဖုန်ကန် ကချင်တို့သည် ဗြိတိသျှတို့ အပေါ် ဤမျှ ပြောင်ပြောင် တင်းတင်း ခြားနား နေစဉ်တွင် သျှမ်း မြန်မာခေါင်းဆောင် တဦးဖြစ်သူ ဗုဒ္ဓရာဇာနှင့် ၎င်းတို့ အကူးအသန်းရှိခဲ့ ကြသည်။

မတ်လ ပိုင်း၌ နယ်ချဲ့ တပ်များကို နှောင့်အယှက် ပေးခဲ့သော ဗုဒ္ဓရာဇာနှင့် ဖုန်ကန် ကချင်တို့သည် ၁၈၈၈ - ၈၉ ခုနှစ်များတွင် ပေါင်းစည်း မိကြသည်။ ဤသို့အားဖြင့် ဗန်းမော်မြို့တွင် ဗြိတိသျှတို့ ဗုဒ္ဓရာဇာကို လက်ရဖမ်းဆီးမိသည့် တိုင်အောင် ဖုန်ကန် ဒူဝါတို့သည် ယင်းနှင့် လက်တွဲခဲ့ကြသည်။

ဗြိတိသျှတို့သည် ၁၈၈၆ ခုဧပြီလ ၁၂ရက် နေ့တွင် ဖုန်ကန် ဒူဝါများ အပါ် ပထမဆုံး စစ်ဆင်ရေး ပြုခဲ့ပြီး ဒုတိယ စစ်ဆင်ရေးကို ဇွန်လ ၁၉ ရက်နေ့၌ အကောင်အထည် ဖော်ခဲ့ကြသည်။
အထက်မြန်မာနိုင်ငံ၌ စစ်ဆင်ရေးများစပြုလုပ်ချိန်တွင် အောက်မြန်မာနိုင်ငံ၌လည်း ဗြိတိသျှတို့သည် စစ်အင်အားကို အမြဲသုံးနေကြရသည်၊ စစ်နှင့် ပတ်သက်၍ စရိတ်စက ကြီးမားသဖြင့် ယင်းတို့ စိုးရိမ် ပူပန်ရသည်ကို ထိုခေတ် အစီရင်ခံစာများတွင် ဖတ်ရှုရသည်။
ဗြိတိသျှတို့၏ မှုလ ရည်ရွယ်ချက်သည် ဗန်းမော်မြို့ကို ဗဟုပြု၍ တပ်စွဲ ထားရန် ဖြစ်သည်။ ဤသို့ တပ်မြို့အဖြစ် ပြုလုပ်ထားသော တပ်စခန်း၌ သာလျှင် အလွယ် တကူ ချီတက်နိုင်သော တိုက်ကင်းများကို အသုံးပြု နိုင်လိပ်မည်ဟု ဗြိတိသျှတို့ ယုံကြည်ကြသည်။ ဤသို့သော တိုက်ကင်း အဖွဲ့ငယ် တခုကို ၁၈၈၆ ခု၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဗန်းမော် အရှေ့ဘက် မိုင်နှစ်ဆယ် တိုင်အောင် ယင်းတို့ချီခဲ့ဖူးသည်။ စစ်ကြောင်းကျော်ဖြတ် ရာလမ်း တလျှောက်လုံးတွင် တွေ့မြင်ရသော ကချင်များ သျှမ်းများသည် ဗြိတိသျှတို့အပေါ် အယုံကြည် ကင်းမဲ့ပုံ ရသောလည်း အန္တရယ်ပြုခြင်း မရှိကြပေ သို့ရာတွင် ဗန်းမော်မှ တဆင့် ကျောက်စိမ်းတွင်းများ တည်ရာ၏ ဗဟိုချက်မ ဖြစ်သော မိုးကောင်းကို လက်လှမ်း လိုက်သည်နှင့် တပြိုင်နက် ဗြိတိသျှတို့သည် သျှမ်းများ ကချင်များနှင့် တေ့တေ့ ဆိုင်ဆိုင်ထိတွေ့ရတော့သည် ။

ဗန်းမော် အရေးပိုင် ဗိုလ်ကြီး ကွပ်သည် ၁၈၈၆ ခု၊ မတ်လ ထဲတွင် မိုးကောင်းသို့ စစ်ကြောင်း တကြောင်း ချီခဲ့ဖူးသည်။ ၁၈၈၆ - ၈၇ ခုထိ မိုးကောင်းဒေသ တွင် ဗြိတိသျှတို့သည် တပ်မြေအဖြစ် အခြေချ၍ မရနိုင်ခြင်းဖြစ်သည်။ မိုးကောင်းမြို့ဒေသတွင် ဗြိတိသျှတို့ လိုလားသော မင်းမှုထမ်း နှစ်ဦးကို တော်လှန်ရေးတပ်သား များက ဖယ်ရှာပြီး ယင်းတို့ လိုလားသည့် နှစ်ဦးဖြင့် အစားထိုးတင်ခဲ့ကြသည်။ မန္တလေး၌ ဗြိတိသျှတို့ ရှိနေချိန်တွင် မိုးကောင်းမြို့မှာ ၀န်းသိုစော်ဘွား စောဝ်အောင်မြတ်၏ ခမည်းတော် မိုးကောင်းမြို့ဝန် အဖြစ် စ၀်ရွှေသား၏ အုပ်ချုပ်မှုအောက်၌ တည်ရှိနေလေသည်။

မိုးကောင်း ဒေသတွင် ၁၈၈၈ ခု နှစ်ဦးပိုင်း၌ ဗြိတိသျှတို့ အခြေစိုက် စခန်းပြုလုပ်သည်နှင့် တပြိုင်နက် ယင်းတို့ကို ရဲရဲဝံ့ဝံ့ ခြားနားသော စ၀်ဘိုးစောနှင့် သူ၏ လက်ထောက် ဦးထီ ဆိုသူနှစ်ဦးကို ရင်ဆိုင်ကြရသည်။ စ၀်ဘိုးစော၏ လုပ်ဆောင် မှုများကြောင့် မိုးကောင်းမြို့ရှိ ဗြိတိသျှတို့သည် ကျီးလန့်စာစား ဘ၀မျိုးသို့ရောက်ခဲ့ရသည်။ စ၀်ဘိုးစောသည် သျှမ်နှင့်ကချင် စသည့်အမျိုးသားများကို စည်းရုံးသိမ်သွင်း နိုင်ခဲ့ပြီး။ ကချင် အမျိုးသားများ၏ ထောက်ခံမှုအပြင် သျှမ်းအမျိုးသား တို့၏ အားပေး ကူညီမှုကိုပါ ရယူပြီး ဗြိတိသျှတို့ အားခြားနားခဲ့သူ တဦးဖြစ်သည်။ သူသည် မိုးကောင်းမြောက်ဘက်ရှိ ကချင်များနှင့် တောင်ဘက်ရှိ အီသီ ကချင်များနှင့် လည်းကောင်း ပူးပေါင်းနိုင်ခဲ့သူ လည်းဖြစ်သည်။ လဲပဲ ကချင်များ၏ အကြီးအကဲ ဖြစ်သော သမ စော်ဘွားသည် စ၀်ဘိုးစောအား လေးစာယုံကြည် အားပေးကူညီခဲ့သူဖြစ်သည်။

စ၀်ဘိုးစော၊ ဦးထီနှင့် နှောက်လိုက် နောက်ပါ ရဲဘော်များသည် ၁၈၈၆ ခု၊ ဧပြီလ နှင့် မေလများတွင် ဗြိတိသျှတို့နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲမှာ အထူးပင် ပြင်းထန်သည့် အတွက် ဗြိတိသျှတို့ ဘက်မှ ၂၃ ဦး ကျဆုံးခဲ့သည်။ မိုးကောင်းဒေသတွင် နေထိုင်ကြသော စန ကချင်နှင့် မဂန်း ကချင်များလည်း ဗြိတိသျှတို့၏ စိုးမိုးမှုကို လိုလားသူများ မဟုတ်ကြချေ။ စန ကချင်တို့သည် စဘော်နောင် အမည်ရှိ ကချင် မျိုးချစ် တဦး၏ခေါင်းဆောာင်မှု အောက်တွင်ခိုလှုံ၍ ဗြိတိသျှတို့ အင်အားစုကို ခြားနားခဲ့သူများဖြစ်သည်။

စ၀်ဘိုးစော၊ ဦးထီ၊ သမစော်ဘွား စသည့် ခေါင်းဆာင်များသည် မိုးကောင်းဒေသ တ၀ိုက်တွင် ထောင်ထား ခြားနား၍ နယ်ချဲ့ ဆန့်ကျင်မှုများ ပြုလုပ် နေစဉ်မှာပင် ယင်းတို့နှင့် အဆက်အသွယ် ရှိသော စောရန်နိုင်၊ ဦးကန်လှိုင် စသောခေါင်းဆောင် များကလည်း မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ဖြင့် မိုးမိတ်၊ ဗန်းမော်နယ် တခွင်တွင် ဆန့်ကျင် လှုပ်ရှားလျက်ရှိပေသည်။ လွယ်ဆိုင်းဒေသရှိ ကချင် ဒူဝါအကြီး အကဲများနှင့် ဆွေမျိုးတော်စပ်သော ဦးကန်လှိုင်သည် ဒေသခံ ကချင်များ၏ ထောက်ခံမှုကို အမြဲတစေ ရခဲ့သူတဦး ဖြစ်သည်။

အထက်မြန်မာပြည်ကို သိမ်းပိုက်ရာ၌ အချက်အချာ ဒေသများကို ဦးစွာပိုင်ဆုင်နိုင်ရန်ကို ဗြိတိသျှတို့ အာရုံပြုကြသည်။ ဗန်းမော်၊ မိုးကောင်း ပတ္တမြားမြေ အစရှိသာ ဒေသများကို မိမိတို့လက်တွင်း သို့အမြန်ဆုံး သက်ဆင်းရန် အတွက် ဗြိတိသျှ အပတ်တကုတ် အားထုတ်ခဲ့ကြသည်။ ဤသည်တို့ကို အကြောင်းပြု၍ အထက်မြန်မာပြည်တွင် ပြင်းထန်းသော နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သည်။

အထူးသဖြင့် မိုးကောင်းတိုက်ပွဲ၊ စီမားတိုက်ပွဲ စသည့် တိုက်ပွဲများမှာ သမိုင်းတွင် ထင်ရှားသော တိုက်ပွဲများပင်ဖြစ်သည်။ ၀န်းသို၊ သမ၊ ဖုန်ကန်ဒူဝါ အစရှိသော စော်ဘွားများသည် လည်းကောင်း၊ ဗိုလ်ဘိုးစော၊ ဦးထီ၊ ဗုဒ္ဓရာဇာ၊ ဦးကန်လှိုင်၊ စောရန်နိုင်၊ဆမားဒူဝါ၊ အစရှိသည့် ပုဂ္ဂိုလ်ကြီးများသည် လည်းကောင်း အထက်မြန်မာပြည် နယ်မြေတွင် နယ်ချဲ့တပ်များကို ရဲရဲရင့်ရင် ခုခံ ခြားနားခဲ့သော မြန်မာ့တော်လှန်ရေး သမားကြီးများ ဖြစ်ကြပေသည်။

အထက်မြန်မာပြည် ဒေသကို သိမ်းပိုက်ပြီးစ အချိန်တွင် ဗြိတိသျှတို့သည် လက်စားချေရေး စစ်ကြောင်းများဖြင့် ပွဲဦးထွက်ခဲ့သည်။ နောက်ပိုင်း ကာလများတွင် စစ်နှင့် နိုင်ငံရေးကို စစ်ကြောင်းများ၌ ရောစပ်ပေါင်းဖက်သည်၊ တနည်းအားဖြင့် ဆိုသော နယ်သစ်ပယ်သစ်၌ အုပ်ချုပ်ရေး အခြေချနိုင်ရန် အတွက် စစ်ရေးအပြင် နိုင်ငံရေး အောင်မြင်မှုကိုပါ ဗြိတိသျှတို့ အာရုံပြုလာကြသည်၊ အထက်မြန်မာပြည် လှုမျိုးစုများအားသိမ်းသွင်းရာ၌ ဗြိတိသျှတို့သည် နည်းအမျိုးမျိုး သုံးစွဲခဲ့ကြသည်။ ပြတ်ပြတ်သားသားစစ်ဆင်ရေးဖြင့် လည်းကောင်း ခြားနားမှုများကို ဖြိုခွင်း ခဲ့လေသည်။ ဤနည်းများအပြင် စစ်ကြောင်းသက်သက် ချီသည်ထက် လိုအပ်သော ဒေသများတွင် အမြဲတမ်းစခန်းများ ဖွင့်၍လည်း သိမ်းသွင်းသောလည်း စစ်ဆင်ရေး တခုတည်းဖြင့် မပြီးသည်ကို ဗြိတိသျှတို့ သတိပြု မိကြသည်။

ကချင်တောင်တန်း တလျှောက်တွင် ပြန့်နေသော လက်နက်ခဲယမ်း မီးကျောက်များကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ သိမ်းဆည်းရန် လိုအပ်သည်ကိုလည်း ဗြိတိသျှတို့ နားလည်ကြသည်။ ထို့ကြောင့် လက်နက်ရုပ်သိမ်းရေး လုပ်ငန်းကို ဗြိတိသျှတို့ ဆောင်ရွက် ခဲ့ကြရသည်။ မည်သို့ပင်ဆိုစေကာမှု မမျှတသော လက်နက်အင်အား လူအင်အား အပြင် အချိန်ကြာလာသည် နှင့်အမျှ စုစည်းမှု နည်းပါးပြီး လျှော့ရဲရဲ ခုခံမှုတို့ ကျဆင်းလာကာ အထက်မြန်မာပြည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အရေးနှိမ့် ခဲ့ရသည်။ သို့ရာတွင် ဇွဲခိုင်ခိုင် သတ္တိရှိရှိုဖြင့် ဗြိတိသျှတို့ကို နှစ်ရှည်စွာ ပြန်လည်ခုခံ အံတုခဲ့ကြသည် သျှမ်းနီ သူရဲကောင်းတို့၏ သမိုင်းကာ မြန်မာ့ခေတ်ရှေ့ပြေး တော်လှန်ရေးသမိုင်းတွင် ဖုံးကွယ်၍ မရသော ဖြစ်ရပ်တခုပင် ဖြစ်ပေသည်။

ဤသို့ဖြင့် ဗြိတိသျှတို့ ၀င်ရောက်ကျုးကျော်မှုတွင်လည်း သျှမ်းအမျိုးသားများသည် ရဲဝန့်ပြတ်သားစွာဆန့်ကျင် ခဲ့ကြသလို မြန်မာ့လွတ်ရေးအတွက်မှာ ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာ့လွတ်လပ်ရေး အတွက် မြန်မာ့သမိုင်းဝင် ရဲဘော်သုံးကျိပ်ထဲတွင် သျှမ်းအမျိုးသား သုံးဦးပါဝင်လေသည်။ ဗိုလ်မိုးညို၊ ဗိုလ်စောအောင်၊ ဗိုလ်စောနောင်နှင့် အထက်မြန်မာပြည်တွင် ထင်ရှားသော ပုဂ္ဂိုများအနက် ဗန်မော်နယ်ဘက်တွင် ဦးစိန်တိုး၊ ဗိုလ်လှကြိုင်ဖြစ်ပြီး၊ မိုးညှင်း၊ မိုးကောင်းနယ်တွင် သခင်ပြန့်၊ ဗိုလ်အောင်ခို၊ ဗိုလ်ထွန်းရင် တို့သည် မျက်မှောက် ကာလအထိ နိုင်ငံတော်၏ အကျိုးကို တယ်ပိုးခဲ့သော တိုင်းလျဲန်ခေါ် သျှမ်းနီ များဖြစ်၍ ၎င်းတို့သည် မော်ကွန်းဝင် ပုဂ္ဂိုလ်များပင်ဖြစ်ပါသည်။

အထူးသဖြင့် ဗိုလ်လှကြိုင်သည် ဗိုလ်ချုပ်အောင်းနှင့် အရင်းနီးဆုံးသူဖြစ်သည် အထက်မြန်ပြည် မြေလတ် သျှမ်းဒေသများအား ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန်အခြေခံ ဥပဒေ ရေးဆွဲမည်ပြုရာတွင် ဗိုလ်လှကြိုင်သည် ထိုဒေသများသည် သျှမ်းနယ်များဖြစ်သည် ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန် မသင့်သော်ကြောင်း ပြောဆိုရာ ဗိုလ်ချုပ်အောင်ဆန်းမှ တတိုင်းလုံးတပြည်လုံးအတွက် လုပ်နေတာ မင်းလူမျိုးတမျိုးထဲကို မကြည့်နဲ့ဟုပြောရာ ဗိုလ်လှကြိုင်သည် မည်သို့ပြန်လည်တုံ့ပြန်ခြင်း မရှိတော့၍ နေလိုက်ခြင်းသည် သျှမ်းနီအမျိုးသားတို့အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရလေသည်။

ကျွန်ပ်တို့ သျှမ်းနီလူမျိုးများသည် ကချင်များနှင့်မနေလိုချင်း မဟုတ်သလို ဗမာများနှင့် မပေါင်းလိုသော ဆန္ဒလည်းမဟုတ်ပါ သို့ပါ၍ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် လူမျိုးအမည်ကိုပင် ဖေါ်ပြနိုင်ခွင့် မရရှိအောင် အခွင့်အရေးများ ပိတ်ပင်ခြင်းခံ ခဲ့ရကြောင်းကို အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ သိရှိစေရန် တင်ပြလိုက်ရပါသည်။

ထုတ်နုတ်-
နတ်နွယ် မြောက်ပိုင်းမြန်မာပြည်၊
လှသိန်း ကချင်အမျိုးသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုမှား သမိုင်းဆောင်းပါး၊
နန့်ကောင်းမြစ်လွင်ပြင် မိုးကောင်းမြို့နယ်အသင်း (ရန်ကုန်) မဂ္ဂဇင်း 






ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်