koko

koko

Friday, October 25, 2013

တိုင်းခန္တီး ရိုးရာလက်ထပ် မင်္ဂလာ

တိုင်းခန္တီခေါ် ခမ်းတီးသျှမ်းတို့၏ သတိုး သမီးတောင်းရမ်းခြင်းနှင့် စေ့စပ်ကြောင်းလမ်းခြင်း

 မင်္ဂလာဟူသည် ကြီးပွားချမ်းသာ စေကြောင်း ကောင်းသော အပြုမှု အဖြစ်သည့် အားလျော်စွာ လောကီရေးရာ မင်္ဂလာသည် တစ်ဆယ့်နှစ်ပါး တွင် အာဝါဟ၀ိဝါဟ မင်္ဂလာ ဟူ၍ ထမ်းမြားလက်ထပ်ခြင်း သည် မင်္ဂလာ ဖြစ်သည်ဟု အင်္ဂုတ္ထိုရ်အဌကထာတွင် လည်းကောင်း၊ ဧဇာတိသတ္တ ကျမ်းတွင်၎င်း ဖေါ်ပြထားပါသည်။

တိုင်းခန္တီး တို့ဓလေ့ထုံးစံအရ လူငယ်ချင်း ချစ်ကြိုက်၍ ဖြစ်စေ၊ မိဘများအဖက်ဖက်မှ သဘောတူ နှစ်သက်၍ ဖြစ်စေ၊ ချွေးမမျိုးတော်စပ်၍ဖြစ်စေ အမျိုးသမီးတစ်ဦးအား ချွေးမအဖြစ် ထိမ်းမြားလက်ထပ်လိုပါက အမျိုးသားများဖက်မှ မိဘများသည် အမျိုးသမီး၏ မိဘများထံသို့ သွားရောက် ကမ်းလှမ်းရသည်။ ထိုစေ့စပ် ကမ်းလှမ်းသည့် ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စကားကြွယ်၍ ဓလေ့ထုံးစံကျွမ်းကျင်သော တမန်များကို ရွေးချယ်၍ စေလွတ်ရသည်။

ယင်းကဲ့သို့ ပထမအကြိမ်သွားရောက် ကမ်းလှမ်းစေ့စပ်ခြင်းကို “ပုတ်ပတ်အောက်ဆွပ်” ဟုခေါ်ပြီး သွားရောက်ရာ၌ တမန်များနှင့်တပါတည်း ကြက်ဥပြုတ် (၇)လုံး၊ ပန်းကလာပ်နှင့် ငွေသားများကို တင်ရသည်။

အမျိုးသမီး မိဘများဖက်မှ ဆွေမျိုး မိသားစုများ တိုင်ပင်၍ သဘောတူပါက စကား ပြန်ပေးရသည်။ ထိုအခါ အမျိုးသားမှ တဖန် ပန်းကလာပ်၌ ရွှေပန်းငွေပန်း၊ ငွေသားနှင့် ကြက်ဥပြုတ်ကို ယူဆောင်၍  “ယွမ်းဟူယွမ်းကာ” “မုတ်ဟိုစွဲ့”  ကွမ်းဖိုး လျော့ပေးရန် ဆွေးနွေးကြရ ပြန်သည်။ ဤ အကြိမ်တွင် ငွေကြေးများကို တင်၍ တောင်းပန် ရသည်။ ဤသို့ဖြင့် တမန်များက ၀င်ရောက် ဆွေးနွေး၍ အတိုးအလျော့ လုပ်ကာ သဘောတူပါက မင်္ဂလာကိစ္စ အောင်မြင်သည် ဟုဆိုသည်။ ထို့နောက် မင်္ဂလာကွမ်းဖိုး ပေးဆောင်ရမည့် နေကောင်းရက်မြတ် သတ်မှတ်ပြီး သားရှင်များမှ အဆောင်အယောင် များဖြင့် ကွမ်းဖိုး လာတင်သောအခါ သမီးရှင်များ ဘက်မှလည်း ဧည့်ခံကျွေးမွေး ကြိုဆိုရသည်။

သားရှင်ဘက်မှ ကွမ်းဖိုးသွားရောက်ပို့ခြင်းကို “ဆန်းဟူဆန်းကာ” ဟုခေါ်သည်။ သားရှင်ဖက်မှ ၀ါကြီးသူတစ်ဦးမှ မိဘများကိုယ်စား ဦးဆောင်၍ သတ်မှတ်ထားသော ကွမ်းဖိုးငွေ ကောက်ညှင်းထုပ်၊ ငါးခြောက်၊ ဆားထုပ်များကို ထမ်းတေင်းများဖြင့် ထမ်း၍ ကျွဲ၊ နွားများကိုဆွဲကာ ရှေ့ဆုံးမှဦးဆောင် သူအား ရွှေထီးဆောင်းကာ မောင်းတီးသူ ဦးဆောင်ကာ သွားရောက်ပို့ ဆောင်ရသည်။ မင်္ဂလာကွမ်းဖိုး ပို့ဆောင်ပြီးသောအခါ သမီးရှင်များဘက်မှ သတိုးသမီးပို့ဆောင်မည့်ရက် (မင်္ဂလာရက်) သတ်မှတ်ကာ ပို့ဆောင်ရန် စီစဉ်ရသည်။

သတိုးသမီးပို့ဆောင်ရန်အတွက် ဆွေမျိုးသားချင်းများ ဆွေမျိုးတော်ဆပ်မှုအလိုက် ငါးခြောက်၊ ဆားထုတ်၊ များဖြင့် သွားရောက်ဖိတ်ကြားရသည်။ ထို့နောက် မင်္ဂလာနေ့ရောက်လျှင် သတိုးသမီးပို့ဆောင်ရမည့် အုပ်စုကို သမီးရှင်များကိုယ်စား ၀ါကြီးသူ အမျိုးသားတစ်ဦးမှ ဆင်၊ မြင်း၊ စီးကာ ရှေ့ဆုံးမှ မောင်းတီးသူ ဦးဆောင်သူအား ထီးမိုးပေးသူ၊ ပစ္စည်းထမ်းသူ၊ သေနတ်ကိုင်၊ ကျွဲ နွားဆွဲ၊ လက်ဖွဲ့ ပစ္စည်းကိုင်၊ သတိုးသမီး အရံများကို စနစ်တကျ စီမံခန့်ခွဲပြီး သတိုးသားအိမ်သို့ ခမ်းနားစွာ ပို့ဆောင်ရသည်။
သတိုးသမီးမိဘများဘက်မှ လက်ဝတ်လက်စား၊ ခန်းဝင်ပစ္စည်း၊ မီးဖိုဆောင်သုံးပစ္စည်း၊ ယက်ကန်းသုံး ပစ္စည်းနှင့် မျိုးစေ့များကို လက်ဖွဲ့ပေးရသည်။ သတိုးသမီးကို သတို့သားအိမ်သို့ မပို့ဆောင်မီ မိဘများမှ အိမ်ဦးနတ်အား မိမိတို့မျိုးနွယ်စုနေအိမ်မှ ပယ်နုတ်ကြောင်း တိုင်တည်ပြောကြားရသည်။

ခန္တီးဟူသော အဓိပ္ဗါယ်မှာလည်း ခမ်းသည် - ရွှေဖြစ်ပြီး၊ တီသည် - နေရာကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင်း ခန္တီး ရွှေရှိသောနေရာ-- ဟုဆိုလိုခြင်းဖြစ်သည်။

တချိန်တုန်းကတော့ ခန္တီးဒေသကြီး၌ ရွှေအများအပြားထွက်ရှိ သည်မှာ ဧကန်မလွဲပေ အဘယ်ကြောင့်ဆိုသော ခန္တီးသျှမ်းတို့၏ ရှေးယခင်အိမ်ဆောက်ရန် ခေါင်တိုင်ထူလျှင် ရွှေနို့ဆီဗူး တဗူးခန့် လောင်းထဲ့ ကြောင်းသိရသည်။ ခန္တီးသျှမ်းထုံးစံတခု၌လည်း မိန်းမတောင်းသောအခါ ကွမ်းဖိုးအဖြစ် ရွှေတစ်ပိဿာနှင့် အခြားပစ္စည်းများ တင်တောင်းရသဖြင့် တိုင်းခမ်းတီ အမျိုးသမီးများ၏ အမည်ရှေ့ ၌ သျှမ်းလို တစ်ပိဿာ ဟုခေါ်သည့် (စွဲ့) ဟူသော ၀ိသေသန ပြုခဲ့ပြီး။ ရွှေတစ်ပိဿာနှင့် ညီသောမိန်းကလေးဆိုသည့် အဓိပ္ဗါယ်ဖြင့် နာမည်၏ ထိပ်ဆုံးမှာ စွဲ့ဟူ၍ ယနေ့တိုင်မဲ့ခေါ်ခြင်းဖြစ်သည်။

ဥပမာ- နန်းမီမီခေါဝ်အား၊ စွဲ့မီမီခေါဝ် ဟုသုံးသည်။ ရွှေပေါသော အရပ်ဒေသနေရာ ကဲရွှေတစ်ပိဿာ ယူသွားကြဖို့မမေ့နဲ့ ဗျို့…

ထုတ်နုတ်
တိုင်းခမ်းတီးသမိုင်းသုတေသနစာတမ်း

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်