koko

koko

Wednesday, October 30, 2013

အနောက်ဖက်..ကျားများဆီသို့ ခရီးသွားဧည့်သည် (အပိုင်းနှစ်)

***အနောက်ဖက်..ကျားများဆီသို့ ခရီးသွားဧည့်သည် (အပိုင်းနှစ်)***

- မိုးလေးတဖွဲဖွဲကြားမှာ ကျနော်နှင့်လုံးအောက်ကြွယ် အိပ်ဆွဲပြီး ဆိုင်ကယ်ဖြင့် အုန်းစံဆိုင်မှ ထွက်လာရာ ဘီးလူမြို့နှင့် လောင်လုံစည်းခမ်းခေါ် အင်းတော်ကြီးသွားတဲ့ ကားဂိတ် ဇရပ်လေးမှာ ခဏစောင့်နေစဉ် လာပါပြီးဗျာ.. ဂျစ်ကားလေး အပြေးနှင်လို့ ရွံ့တွေဗွက်တွေ ဗလပွနဲ့ ခေါ်မိုးပေါ်မှာလည်း အိပ်တွေကလည်း တိုးလိတွဲလောင်းနဲ့ပေါ့ ကားဆရာက… ရပ်ပေးပြီးကဲ ဆရာသမားတို့ အိပ်တွေပေါ်တင် ဆိုပြီးသူ့တပြည့်ကျော်ကို ပြောလိုက်ပြီး ကျနော်တို့နှစ်ယောက်လည်း ကားခေါင်းမှာဝင်ထိုင်ပြီး ကားကစတွက်ပါတော့တယ်… ကားထွက်ပြီးမကြာမှီ…ဘီးလူးမြို့အထွက်က အလယ်တန်းကျောင်းကြီးနား အရောက် ကားဆရာက..ခဏနော် ကျနော်ဒီမှာလိုက်မဲ့ သူတွေရှိသေးလို့ ဟုကျနော်တို့ကို ပြောပြီး ဖုန်းထိုးလိုက်ရာ .. မကြာမှီလာပါပြီဗျား  ဗီယက်နမ်လိုလို သျှမ်းခမောက်တွေဆောင်းလို့ သျှမ်းနီမလေးများတအုပ် ပါးမှာကလည်း ပါးကွက်ကြားနဲ့ ပြောနေတာက သျှမ်းစကား.. သူတို့ရဲ့ ခေါင်းဆောင်ဖြစ်မယ်ထင်တယ် အသက်လေးဆယ်ကျော်ခန့် အမျိုးသမီးကြီးက… ကဲကဲ မြန်မြန်တက်ကြတော့ … သွားမယ်ဟု.ဆိုပြီး ကားပေါ်တက်ကြ ဆူလို့ညံလို့ပေါ့ ..

သိတယ် မဟုတ်လား ကျနော့်..လက်စကလည်း ဒီအချိန်မှာပါလာတဲ့ ကင်မယာနဲ့ သျှမ်းနီမလေးတအုပ်ကို ရိုက်လိုက်တာ ပိုလိုပွဲကြသွားပါလေရော.. လှအောင်ရိုက်ပေးလို့ ပြောသူပြော..

ရိုက်ပြီးပြန်ပို့ပေးလို့ အော်သူအော်.. သူတို့ကလည်း ကျနော့်ကို ကြောက်ပုံမပေါ် ဘယ်ကြောက်မလဲလေး ကျနော် မေးလိုက်တဲ့ စကားသံကလည်း သူတို့ပြန်ဖြေတဲ့ စကားသံလိုပဲ သမကွဲနကွဲကို .. သျှမ်းနီ လအော့လအယ် အမျိုးတွေမှန်း… အသိတာကြီးကို… မေးကြည့်မိ လိုက်တော့ အင်းတော်ကြီး အမျိုးတွေစီမှာ ကောက်စိုက် သွားကြမလို့တဲ့လေ… ကျနော်တို့လည်း ကားပေါ်တက်ထိုင်ပြီး ဂျိမ်းဆိုတဲ့ ကားတံခါးပိတ်သံနဲ့အတူ ကားကလည်းတလိမ့်ခြင်းနဲ့မောင်းလေပြီ…
သုံးနာရီနီးပါးလောက် မောင်းပြီးတော့ .. ဆိုင်တန်းတွေရှေ့အရောက်မှာတော့… ကားဆရာက.. ကဲကဲဗိုက်ဆာတဲ့သူတွေ ဒီမှာထမင်းစားကြမောင်.. စားပြီးကိုယ့်ဟာကိုယ်ပေးလိုက်ကြလို့ အော်လိုက်မှ အခိုင်အမှာဆောက်လုပ်ထားတဲ့ ဈေးဆိုင်တန်းတွေမှန်း သတိထားမိ ပါတော့တယ်..

လုံးကြွယ်နဲ့ကျနော်လည်း သူ့အသိဆိုင်ထဲဝင်ထိုင်ပြီး လုံးကြွယ်ဒါ ဘယ်နေရာလည်းလို့ မေးလိုက်မှ သူက.. တောင်ခြေရောက်နေပြီလေတဲ့.. တကယ်ပင်တောင်ခြေကို ရောက်နေတာပါ အရင်တုန်းကများဆို ဒီနေရာကိုရောက်ဖို့ တော်တော်လေးကို ..မောင်းရပါတယ်… ဒီတခါတော့လမ်းတွေက မဆိုးပါလားလို့ပြောလိုက်မှ သူက ဘယ်ဆိုးပါ့မလဲမောင်.. မင်းရှေ့တည့်တည့်က ခြံကိုကြည့်လိုက်ပါလားတဲ့.. ကြည့်လိုက်ရာ ခြံဝင်းကြီးတခုထဲမှာ သွတ်မိုးတဲတစ်လုံးနဲ့ ၀င်းထဲမှာ ကျောက်ခဲတွေပုံလို့ ခြံတံခါးဝမှာတော့ မနော်တိုင်တံစိတ်နဲ့  Jade land  ကုမ္ဗဏီလီမိတက်တဲ့  အော် ဒီတော့မှပဲ သဘောပေါက်တော့တယ် အစိုးရပြင်ထားပေးတယ် ထင်နေတာ…

ကျနော်တို့နှစ်ယောက်လည်း ဆိုင်ထဲကထွက် ကားပေါ်တက်ပြီး ကားလေးလည်း တောင်ပတ်လမ်း အတိုင်း မောင်းနင်လေရာ လွန်ခဲ့သော ၁၉၉၂ ကိုပြန်မြင်ရောင်မိသည် အခုလိုအင်းတော်ကြီးတောင် တက်ပြီဆိုတာနဲ့ .. ကားဟွန်းသံတွေ ဆူလို့ညံလို ခြေလျှင်တက် သူတွေတက် မော်တော်ကားကြီး တခြမ်းစောင်းနေလို့ တက်ဖိသူဖိ ဆွဲဆွဲ.. တွန်းတွန်.. ဟိုးဟိုး အော်သူအော် ဆူလို့ညံလို ဗွက်တန်းထဲမှာ ဒီတောင်ကြော်ဖို့ အချို့ဆို လမ်းမှာတောင် တညအိပ်ရသူတွေရှိသေးတယ်.. အတွေးကောင်းနေစဉ် ကားရပ်လိုက်မှ တောင်ထိပ်ဂိတ်ရောက်နေပြီကို မြင်တွေ့လိုက်ရပါသည်။
 သစ်သားပြားပေါ်မှာ ဆေးအဖြူနဲ့ ရေးထားတဲ့ “အင်းတော်ကြီးကန် ပတ်ဝန်းကျင် စိန်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး လုပ်ငန်းနယ်မြေ ”    ဆိုတဲ့…. ဆိုင်းဘုတ်နဲ့ ကိုဖတ်လိုက်ပြီး သိပ်မကြာလိုက်ပါ ကားဆရာ တပြည့်ကျော်က ကားလက်မှတ်ထိုးပြီး လာခဲ့ပြီမို့ ကားကလည်း တောင်အောင်တို့ စတင်ဆင်းပြီပေါ့ ၁၅ မိနှစ်ခန့်ဆင်းပြီးနောက်မှာတော့  ကားဆရာက ကိုယ့်သျှမ်းနီ အချင်းချင်းမို့ထင်ပါရဲ့  သွေးကပဲစကားပြောလေသလား မသိပါ ကျနော်ဘာမှမပြောရပဲ ကားရပ်ပြီး ဓါတ်ပုံရိုက်ချင်ရိုက် ရှုးခင်းကလည်းကောင်းတဲ့ နေရာလေးပေါ့ ဒါပြီးရင် အဆင်းပဲရှိတော့တယ်.. ဒီဆင်းရင် အင်းကိုမမြင်ရတော့ဘူးတဲ့ ကျနော်လည်း သိတဲ့အတိုင်း ကားခေါင်မိုးပေါ်တက်ပြီး ကလစ်ကလေး သုံးလေးငါးခုဆွဲချလိုက်ပါတော့တယ်…

ကျနော်တို့ စီးလာသော ဂျစ်ကားလေးသည် တောင်ပတ်လမ်းအတိုင်း တလိမ့်လိမ့်ဆင်းလာပြီး နမ့်မွန်းကိုကြော်ကာ မမုံကိုင်.. သျှမ်းခေါက်ဆွဲဆိုင်ရှေ့မှာ ရပ်ခိုင်းကာ ကျနော်တို့နှစ်ယောက်ကဆင်း ကားပေါ်မှာပါလာတဲ့ သျှမ်းနီမတအုပ်ကလည်း နောက်နှစ်ပြန်တွေ့မယ် ဘာညာတာ့တာ ဘိုင်းဘိုင်း လုပ်သူလုပ်ပေါ့.. ဒီလိုနဲ့သူတို့ ကားလေးပြန်ထွက်ပြီး ကျနော်တို့လည်း ဆိုင်ထဲဝင် ဆိုင်ရှင်အမျိုးသမီးက သူ့အမျိုးသားကို လူလွတ်သွားခေါ်ခိုင်ပြီး လာပါညပြီဗျာ… ပီအိုက်လုံက..သိတယ်မဟုတ်လား အေးမောင်း .. မင်းတို့ရောက်နေတာကြာပြီလား.. မောင်… ငါ့မှာ.. မင်းတို့ ...မရောက်သေးဘူးထင်လို့ ဟိုခဏသွားခြေတာ.. စကားလက်ဆုံ ပြောကြဆိုကြပြီး သူက ဆိုင်ကယ်နှစ်စီး စီစဉ်ပေးပါတယ်.. ဆိုင်ကယ်နှစ်စီးနှဲ့ လူနှစ် ရောက်လာတော့မှပဲ ကျနော်တို့လည်း ပီအိုက်လုံကို နှုတ်ဆက်ကာ မမုံ့ကိုင်ရွာလေးကို ကြောခိုင်းပြီး ရှေခရီးဆက် ရပေါတော့တယ်…

မိုးကတဖွဲဖွဲနဲ့ ဆိုင်ကယ်နောက်မှာ ကင်မယာလေးကို မိုးမထိအောင် ဖုံးကိုင်လိုက်ပါလာရင်း ကျနော်ရိုက်ချင်တဲ့ ဘုရားတို့ စေတီတို့ တွေ့ရင် လမ်းဘေးမှာ ရပ်ပေးရှာပါတယ် … ကျနော့်ကိုလိုက်ပို့သူ မမုံ့ကိုင်ရွာသား စိုင်းစိန်မြင့်က  မိုင်းနောင်ရွာ ..အထွက်လည်း ရောက်ရော..  ခဏလေးခဏလေး ဒီမှာကျောက်စာရှိတယ် ဆိုပြီး ဆိုင်ကယ်ရပ်တော့တယ်.. ဒီလိုနဲ့ သိပ်မကြီးလှတဲ့ ဘုရားစေတီလေး တစ်ဆူကိုတွေ့ရပါတယ်… စေတီရဲ့ အနီးကပ်လျှက်မှာ ကျောင်းအငယ်လေး တစ်ဆောင်လည်းရှိပါတယ်.. စိုင်းစိန်မြင့်က ဦးဇင်း..ဦးဇင်း လို့အော်ခေါ်မှ ဦးဇင်းက အေးငါဒီမှာ..လာခဲ့ ဆိုပြီး..

စိုင်းစိန်မြင့်က… ဦးဇင်း...ဟို..သျှမ်းနီကျောက်စာတုံး ရှိသေးလားလို့ သူကမေးတော့.. ရှိတယ်လေ.. နေရာဟောင်းမှာပဲ …လို့.. ပြောသံအဆုံးမှာ စိုင်းစိန်မြင့်က လွှာကနဲ့ အုတ်တံတိုင်းကိုကျော်ကာ တိမ်ကျောင်းလို့ပြောတဲ့ သိပ်မကျယ်လှတဲ့ အုတ်တံတိုင်း လေးဒေါင့်ထဲကနေ ဒီမှာ.. ဒီမှာဆိုပြီးမှ.. မယူတက်လာပါတော့တယ်.. ဒီကျောက်စာ..တုံးတွေက အရင်ဒီဘုရားအဟောင်း ပြိုလိုဌာပနာထဲက ရတဲ့ဟာတွေလေ… ကျနော်တို့ကြည့်လိုက်တော့ ဟိုးရင်မြင်ဖူးတဲ့ ကျောက်စာ တွေလို သေးသေးလေး စာတန်းမျိုးမဟုတ်ပဲ စာလုံးအကြီးနဲ့ ရေးထားတာဖြစ်ပြီး တခြမ်းပဲ့တခုပါ စလုံးတွေကတော့ သိပ်မထင်မရှားတော့ပါဘူး... သူကပဲဆက်ပြီးပြောသေးတယ် အရင်စာသားတွေ အများကြီးပါတဲ့ ကျောက်ပြားကြီး. ကတော့ ကျနော့်အဖေပြောတာ ဦးသန့်.. လာတယ်သွားတယ်လို့ပြောတယ်..
ကျနော်ကလည်း ဦးနုမဟုတ်ဘူးလား . လို့မေးတော့. ဦးမဟုတ်ဘူး ဟို.. ကုလသမဂ္ဂ မှာလုပ်တဲ့ဦးသန့်လို့ ကျနော့်အဖေပြောတယ် လိုပြန်ပြောပြပါတယ်…

ကျောက်တုံးကို ကျနော်တို့ ရေဆေးပွတ်ကြည့် ဒီကြည့်ဟိုကြည့် လုပ်နေလို့ မကြာမှီသူကပဲ ဒီမှာလာ ကြည့်ပါဦးလို့ အော်ခေါ်လိုက်ရာ ကျနော်တို့လည်း လိုက်ကြည့်လိုက်မှ စောစောက သူလွှားကနဲ့ ၀င်သွားတဲ့ တိမ်းကျောင်းလေးထောင့် တိမ်ကျောင်း ငုတ်ဘေးမှာကပ်လျှက် အောက်ခြေမှာ စာပါတယ် မပါတယ်တော့ မသိပါ အချွန်လေးတွေ ငေါငေါနဲ့ ကျောက်ငုတ်တွေ အများကြီးကွန်ကရစ် လောင်းထားပြီး သလင်းလုပ်ထားတာ တွေ့ခဲ့ရပါတယ် … ဘာပဲဖြစ်ဖြစ် မိုင်းနှောင်ဟာ သျှမ်းနီ စော်ဘွားတွေခေတ် မိုးကောင်းခေတ်မှာလည်း အင်းကြီးရဲ့ အဓိက ချုပ်ကိုင်တဲ့နေရာလို့သိရပါတယ်.. အဲ့ဒီ... ကျောက်စာတွေ့ရှိတဲ့ ဘုရားစေတီရဲ့ ရှေးဟောင်း သျှမ်းနာမည်ကတော့.. “ဖလားမောက်စလွန်” လို့ခေါ်ပြီး ယနေ့အချိန်မှာတော့ သိသူရှားပါပြီး ယခုအခါမှာတော့ “ရန်အောင်မြင်” လို့သာ လူသိများသောနာမည်ဖြစ်ပါတော့တယ်…

ကျနော်တို့လည်း ရှေ့ခရီးသို့ဆက်လက် ထွက်ခါလာခဲ့ကြပါတယ်.. တုံပေကျေးရွာ.. ကုန်းမနတို့ ရောက်လာခဲ့ပါတော့တယ် ..ကုန်းမန လုံးထွန်းဖေ အိပ်မှာပဲ လုံးထွန်းဖေနဲ့ စကားစမြီးပြောကြဆိုကြပေါ့ မကြာမှီမှာပဲ.. လိုက်ပို့သူ စိုင်းစိန်မြင့်နဲ့  မမုံကိုင်ရွာသားကိုကျော်ဆင်း တို့လည်း ကျနော်တို့ကိုကြောခိုင်း၍  ပြန်သွားလေပြီ… ကုန်းမနရွာလေးဟာ. ဆောက်လုပ်စ အလယ်တန်းကျောင်းလေးနဲ့ အတူ တမျှော်တခေါ် လယ်ကွင်းစိမ်းတွေနဲ့ သစ်ပေါဝါးပေါ ငှက်ပျောတောတွေနဲ့ ကြေးငှက်များပေါပြီး အေးချမ်းသာယလှပတဲ့ ရွာလေးတရွာပါ... ရိုးသားလှတဲ့ လောင်လုံစည်းခမ်း အင်းပတ်လည် သျှမ်းနီရွာကြီး ၁၁ ရွာအုပ်စုရဲ့  ရွားလေးတစ်ရွာလည်း ဖြစ်ပါတယ်..

ညပိုင်းရောက်လို့ ကျနော်နဲ့အတူပါတဲ့ လုံးကြွယ် အိမ်ရှင်လုံးထွန်းဖေနဲ့သူ့ဇနီး လာလည်သူတွေနဲ့ လူငယ်ရွာဥက္ကဌ.. စိုင်းစန် ကတော့ သူတို့ရဲ့ မှုရင်းဌာနေ သျှမ်းနီစကား တွေနဲ့ အားရ၀မ်းသာ ဆိုသလိုပြောဆိုနေကြတာကို ပိတိဖြစ်မိပါတယ်.. အင်းတော်ကြီးဒေသဟာ သျှမ်းနီလူမျိုးတွေအတွက် ရေခံမြေခံကောင်းတဲ့ နေရလည်းဖြစ်သလို သျှမ်းနီလူမျိုးတွေ စတင်ပေါ်ပေါက်လာတဲ့ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် တို့ရဲ့ သမိုင်းဦးအစ နေရာလည်းဖြစ်ပါတော့တယ်..

သူတို့ရဲ့စားသံတွေမှာ ကျနော် သိတဲ့ဟာပါသလို မသိတဲ့ဟာတွေကလည်း များများပေါ့ အားစိုက်နားထောင်ရင်း ငယ်ငယ်က အိမ်မှာ ကျနော့်အဖွားအီနဲ့ အမေကို ပြန်သတိရနေမိတယ်.. ကျနော်တို့သံလမ်းရိုးဘက်က မိဘဘိုးဘွားတွေဟာ သူတို့ချင်း ဘုန်းကြီးကျောင်းမှာ ဆုံကြရင် ပြောလိုက်ကြတဲ့ သျှမ်းနီစကား အိပ်ပြန်ရောက်လာရင် ဗမာလိုပဲပြောကြပြန်ပါတယ်.. သူတို့မြေးမြစ်.. သားသမီးတွေ ဗမာလိုမတတ်ရင် လူရာမ၀င်မှာကိုပဲ စိုးရိမ်နေရော့ သလား ဒါမှမဟုတ် သျှမ်းနီဆိုတာကိုများ သိရင်တခုခုများ ဖြစ်လေမလား တခုခုများလုပ်ကြမလား.. ဆိုတာကို စိုးရိမ်လေ သလားတော့မသိပါ..  သံလမ်းရိုး မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား မြို့ကြီး များမှာနေထိုင်တဲ့ သျှမ်းနီတွေဟာ ထမင်းစား ရေသောက် ကလွဲရင် ကျန်တာမသိတာများပါတယ်.. ရွာပိုင်းတွေမှာတော့ အချို့ အခုထိပြောကြတုန်းပါ..  ဒါကြောင့်ကျနော်တို့ကို သူများတွေက ရပ်သျှမ်းလို့ခေါ်ပါတယ်.. ကျနော်တို့ ရပ်ပြီးပဲသျှမ်းလိုပြောလို့ရတယ် ထမင်းစားပြီးပြီလား ဘယ်ကလာလဲ ဘယ်သွားမလဲပေါ့ ထိုင်းပြီးပြောရင် သျှမ်းစကားကကုန်ပြီ… ညလည်းနက်လာပြီမို့ ဧည့်တွေလည်းပြန်လို့ အိပ်ယာလည်းဝင်ကြပြီ တညတာနားရပေဦးမည်ပေါ့..

နံနက်လင်းလို့ ကော်ဖီသောက် မူန့်စားပြီး ခဏအကြာမှာ ဆိုင်ကယ်တစ်စီးရောက်လာပြီး အင်းတော်ကြီး ရွှေမဉ္စူ  ရေလယ်ဘုရားသွားဖို့ ဆိုင်ကယ်လာပို့တာပါတဲ့ ကျနော်နဲ့ လုံးကြွယ်... သူကမောင်း ကျနော်က အနောက်ရိုက်ပေါ့ ဘုရားကိုလည်းရောက်ရော သုံးလေးကလစ် ဆွဲချလိုက်ပြီး  ညာဘက်ဘေးကို ကြည့်လိုက်စဉ်မှာပဲ ဟိုးအရင်က မမြင်ဘူးခဲ့တဲ့ ဘုန်းကြီးကျောင်းဆောင်လိုလို ဇရပ်ကြီးလိုလို ခန်းညားထည်ဝါတဲ့ ဓမာရုံ အဆောက်အဦးကြီးတခု အလူရှင်အမည် ဖတ်ကြည့်လိုက်တော့" ဒေါ်ပုလဲ" တဲ့..  ကျနော်တို့အပြန်လမ်းဘက်ကျမှာပဲ ပွဲအချိန်ပွဲခင်းလုပ်တဲ့ မြင်ကွင်းကိုအနီးကပ် သေသေခြာခြာမြင်ရ ပါတော့တယ် ကားလမ်းနဲ့အတူ အလျှားလိုက် ပွဲခင်းကွင်းပြင်ကြီးရဲ့ အလယ်က ဖြတ်တူထားတဲ့ မြောင်းကြီး တခုပါ ဘာဖြစ်လို့ပွဲခင်းအလယ်က မြောင်းကြီးတူးတာလည်းပေါ့.. သိချင်စိတ်ကများနေပါတယ်..

 ဒီလိုနဲ့... အိမ်ရောက်တော့ အိမ်ရှင်များက ဧည့်ဝတ်ကျေပြွန်စွာ ထမင်းခူးထားပေးပြီးဖြစ်တာမို့ ထမင်းစားသောက်ပေါ့ သျှမ်းထမင်းဟင်း စားလို့ကလည်းကောင်း မြစ်ဟင်းရည်နဲ့ ငါးချက်.. ကြက်သားကျောက်ဖရုံ ခရမ်းသီးမီးဖုတ်ထောင်း ဘာပြောကောင်းမလဲ..

ထမင်းစားပြီးလို့ ရေနွေးကြမ်းသောက်ရင်း ရှေ့ခရှီးအတွက် ဆိုင်ကယ်စောင့်ရင်ပေါ့ ကျနော့်စိတ်ထဲ တအုံနွေးနွေး ဖြစ်နေတဲ့ ပွဲခင်းလယ်က မြေတူးမြောင်းကြီး..မထူးတော့ပြီ.. မနေသာတဲ့အဆုံး မှာတော့ လေးဖေ.. ပွဲခင်းလယ်ကမြောင်းကြီးက ဘာလုပ်ထားသလဲဗျာ့...  လို့မေးလိုက်တော့ .. အေး... မင်းမြင်ခဲ့တယ်. မဟုတ်လား ဘုရားလမ်းညာဘက်က ဓမာရုံကြီးဟာလည်း အတူတူပဲ .. အဲ့ဒါ က အလူရှင် ဒေါ်ပုလဲတဲ့ ဆောက်တုန်းကတော့ အင်းတော်ကြီးအင်းပတ်လည် သံဃာတွေအတွက် ပွဲအချိန်ဆွမ်းဖုံးပေးပို့ လိုလိုပေါ့ ဓမာရုံလည်းပြီးခါနီး သူ့ဦးဇင်းသံဃာ လာထားမယ် လုပ်တော့တာပေါ့ အဲ့..ဒီမှာသူပေးလို့ကြွေးလို့ စရတဲ့လူတွေကတော့ လက်ခံသူလည်းရှိသေး ..
ဒီမှာ..ရှိတဲ့ သံဃာအချို့ကလည်း လက်မခံကြဘူး ပွဲဖြစ်တိုင်း ဒီမှာရှိတဲ့ ဆယ့်တစ်ရွာကပဲ ဦးဆောင်နေတာ အခုသူ့ဓမာရုံ ဆောက်ပြီးရင် သူ့ သံဃာနဲ့  ဒီဘုရားကို ဆယ့်နှစ်ရာသီ သူကြီးဆိုးမယ်...  ဒီပွဲဘုရားပွဲကြီးကိုလည်း  အပိုင်စီးတော့မှာလေ.. အခု.. အဲ့ဒီဓမာရုံ မပြီးခင် သူ့သံဃာတောင် လာမထားရ သေးဘူး .. ဘုရားပွဲကြီး မပြီးသေးဘူးကွာ.. အဲ့မင်းမြင်ခဲ့တဲ့ ပွဲခင်းအလယ်က မြောင်းကြီးဟာ  သူ့ရဲ့ ဘက်ဖိုးကြီးတွေ ခေါ်ပြီး တူးပြစ်လိုက်တာလေ .. အဲ့ဒီမှာ သူ့ဘက်မပါတဲ့ သံဃာတွေ ရွာသားတွေနဲ့ စကားတွေ များကြပေါ့ နောက်ဆုံးတော့ ဒီပွဲကို ..ဘယ်ဘုန်းကြီး ဘယ်ရွာမှ မပိုင်ဘူး ငါတို့... ဟိုးဘိုးဘေးထဲက ဒီအင်းကြီး ရွာ၁၁ ရွာက သဘောတူမှ လုပ်လို့ရတာဆိုတာ ငါတို့စော်ဘွာတွေ ပေါ်မိန်းတွေ ထမုံတွေရှိထဲကပါ.. ဒါနဲ့ သူ့ရဲ..ဓမာရုံရေစက်ချတော့ သူလူပါတယ်ပေါ့... ဘယ်သံဃာမှ ဘယ်သံဃာမှ မထားပါဘူးပေါ့..  အမှန်တော့လည်း ခေတ်အဆက်ဆက် ထားပိုင်ခွင့်မရှိပါဘူး… အဲ့ဒီပွဲအလယ်က မြောင်းကြီးကတော့ ဒီအတိုင်းကျန်ထား သာပေါ့လေ..

နောက်ရှိသေးတယ် စိုင်းအောင်.. ငါတို့ဒီဒေသကြီးကို နိုင်ငံခြားခရီးသွားတွေအတွက် ဆိုပြီး.. ဂျိန်လင်း ပိုင်ရှင် ယုဇော်ခေါင်ကနေ..ကန်ထရိုက်စွဲလိုက်သေးတယ်.. နာမည်ပြောလည်း မကောင်းပါဘူးကွာ.. တချို့ သူကြီးနဲ့ တချို့ရွာကျောင်းထိုင်တွေလေ.. ဟိုက.. ဟိုဟာလေးလာပေးလိုက် ဒီဟာလေးလားပေးလိုက် ကြားထဲအချို့ ဘုန်းကြီးကျောင်းကို စောင်ဆုပ်လေးကန်တော့လိုက် မူန့်ပုံးလေး ကန်တော့လိုက်နဲ့ ကန်ထရိုက်စွဲဖို့ ခွင့်ပြုတယ်ဆိုပြီး သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ထိုးပေးလိုက်တဲ့.. ဘုန်းကြီးနဲ့ ရွာသူကြီးတွေတောင် ရှိသေးတယ်…မင်း.. .

အေး..အဲ့ဒါ…နောက်မှ ဆယ့်တရွာကျောင်းအုပ် ဘုန်းကြီးကသိလို့ ကဲမဖြစ်တော့ဘူးဆိုပြီး ၁၁ ရွာကျောင်းထိုင်တွေ တံခါးပိတ်အစည်းဝေး ကျင်းပပြီးလုပ်လိုက်မယ်ဆိုပြီး.. ၁၁ရွာ ဘုန်းကြီးတွေကို ခေါ်ပြီး လုပ်လိုက်လို့ကောမောင်… မဟုတ်ရင် အခုဆို ငါတို့လယ်တွေ စိုက်ခင်းတွေ ဘာဖြစ်ကုန်မှန်းမသိတော့ဘူး.. အဲ့ဒါပဲဆို .. ငါ့တို့လူမျိုးတွေက သူများဘာကိုမြင်လို့ ဘာလုပ်မှန်းမသိ .. မစဉ်းစားပဲ….. နောက်ဆို လူမျိုးတမျိုးလုံးပျောက်သွားမှာမောင်.. ဟုလေးဖေက ဆိုပါတယ်...

ဟုတ်ပါတယ်.. အင်းတော်ကြီးဒေသမှာ ကျနော်တို့ငယ်ငယ်ထဲ ဗမာရွာဆိုတာ.. တရွာမှမရှိပါဘူး ဗမာလူမျိုးတော့ရှိပါတယ်.. ဒီလိုပဲ ကချင်တွေ လာနေတဲ့ တချို့ရွာ အမှီးအပိုင်းတွေမှာလည်း ရှိပါတယ်.. အထူးသဖြင့် ကျနော်တို့သျှမ်းတွေက လယ်လုပ်တဲ့လူမျိုးတွေ.. ကချင်တွေက တောင်ယာခုတ်တဲ့လူမျိုး မတူကြဘူးလေ.. အဲ့ဒီနားမှာက လယ်လုပ်တဲ့နေရာပဲများတယ်..

..ဒါပေမဲ့ ... အင်းအနောက်ဘက် တောင်ကုန်း တောင်တန်းတွေမှာတော့ ကချင်ရွာတွေရှိပါတယ်… ဘာပဲဖြစ်ဖြစ် ဒီအင်းကြီးပတ်လည်က သျှမ်းနီရွာတွေဟာ သမိုင်းရှိခဲ့တဲရွာတွေပါ ဘာပဲဖြစ်ဖြစ် အုပ်စုလိုက်နေကြတဲ့ အထဲမှာ အုပ်စုသဘောကို အလေးမထား မတိုင်ပင်ပဲ ကိုယ့်နီးစပ်ရွာလေးနဲ့ လက်မှတ်ထိုး သဘောတူခြင်းမျိုးဟာ ကိုယ့်သမိုင်း..မဲသလို နောက်မျိုးဆက်အတွေ အတွက်လည်း မကောင်းပါ.. နောက်ဆိုရင် တစ်ရွာနှင့်တရွာ.. အမြင်မကြည်လင်မှုတွေ ... မလိုမူံးတီးမှုတွေပါ ဖြစ်လာနိုင်ပါတယ်.. ကိုယ့်ရွာကြားကိုလည်း အခြားသူများ ၀င်ရောက်လာမှုကြောင့် ခိုက်ရန်ဖြစ်ပွားမှုတွေပါ ဖြစ်လာနိုင်တယ်လို့ တွေးနေခိုက်မှာ.. ဆိုင်ကယ်နှစ်စီးပြိုင်မောင်းလို့ ရွာလမ်းအတိုင်း အသံများဆူညံစွားကြာလိုက်ရပြီ ကျနော်တို့ကို လာကြိုတဲ့သူမှန်းတော့ သိလိုရပြီ.. ကဲ လေးစိန်ဖေရေ .. .. နောက်နှစ်လောက် ပြန်လာနိုင်အောင်ကြိုးစားမယ်ဆိုပြီး လောင်လုံစည်းခမ်းကို မခွဲခြင်ပဲ ခွဲခွါခဲ့ရပါပြီ….


အပိုင်းသုံး.....မျှော်..


 ---------------------8888****8888--------------------------

***အနောက်ဖက်..ကျားများဆီသို့ ခရီးသွားဧည့်သည် (အပိုင်းတစ်)***


မန္တလေး မြစ်ကြီးနား အထူးအမြန်ရထားကြီးသည် လှုပ်လိလှုပ်လက်နဲ့ ယိမ်းထိုးခါးရမ်းလိုက်ပေါ့  ကျနော်တို့လည်း နိုးတ၀က်မနိုးတ၀က်နဲ့  တညလုံးခုတ်မောင်းပြီး လိုက်ပါလာရာ နံနက် ၈ နာရီခန့် အချိန်တွင် ရောက်ခဲ့လေပြီး ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ ဘူတာဆီသို့ လုံးကြွယ်နဲ့ကျနော်တို့သည် အသိအိမ်မှာထားရှိထားတဲ့ လုံးကြွယ်ရဲ့ ဆိုင်ကယ်ကိုယူပြီး မိုးညှင်းမြို့မှ ဆိုင်ကယ်ဖြင့် အုန်းစံဆိုင်သွားဖို့ ထွက်လာခဲ့ကြပါတယ်.. မော်တော်ကားလမ်းပေါ်မှ မီးရထားလမ်းကို ဖြတ်ကျာ်မည်ပြုစဉ် အမှတ်မထင် ရထားသံလမ်းဘေး ဘယ်ဘက်ခြမ်းမှာ ပန်းခြံလေးဖြင့် ၀န်းရံထားသော မိုးညှင်းမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ် ကြီးနဲ့အတူ ဆင်ဖြူရုတ်ကြီး ဦးခေါင်းပေါ်မှာ ဗျိုင်းနားနေသော ခန့်ညားထည်ဝါတဲ့ ရုပ်ထုကြီးကိုတွေ့လိုက်ရပေသည်။

ထိုခန့်ညားထည်ဝါတဲ့ ရုတ်ထုကြီးကို မြင်လိုက်စဉ်ခဏမှာပဲ.. ငယ်စဉ်က မိဘ ဘိုးဘွားများ အမြဲပြောခဲ့သော မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် ရာဇာဝင်တော်ကြီး ပြေးမြင်မိတော့သည် မိုးညှင်းမြို့ ကို ရှေးယခင်က မိန်းယန်းမြို့ ဟုခေါ်ဆိုခဲ့ကြသည်။ “မိန်းယန်း(Mig Yang) သည် သျှမ်းဘာသာစကား မှ ဆင်းတက်လာခြင်းဖြစ်သည်။ မိန်း (Mig) မြို့တော်၊ ယန်း (Yang)သည် ဗျိုင်းဟု အဓိပ္ပါယ်ရသဖြင့် ဗျိုင်းမြို့ဟု အဓိပ္ပါယ်ရသည်။

မိုးညှင်းမြို့တည်သော အခါ ဆင်ဦးကောင်းတွင် ဗျိုင်းလာနားသည် ကိုအကြာင်းပြု၍ “မိန်းယန်းမြို့” ဗျိုင်းမြို့ ဟုခေါ်ဆိုခြင်းဖြစ်သည်။ (မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် သျှမ်းမင်းသား ညီနောင် သုံးဦးရာဇာဝင်) ယင်းသည် ပထမ မိုးညှင်းမြို့ (မိန်းယန်း) ဟုခေါ်သည်။  ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြားဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်းစာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။

မဇ္ဈိမဒေသ၊ ရာဇဂြိုလ်ပြည့်ရှင် နာဂဒါမင်းသား၏ သားတော် ဥပတိသမင်းသား သည် ကောက်ကွေ့ချောင်း ပေါက်ဝ ၌ ကျခတ်မြို့ ကို တည်ထောင်ခဲ့သည်။ ထိုအချိန်တွင် မောသျှမ်း (၂၉) ခရိုင်ကို ရန်သူတို့ တိုက်ခိုက်လေသည်။ ထိုနယ်မှ မောသျှမ်းတို့သည် ဧရာဝတီမြစ် ကိုကူး၍ ဥပတိသထံ ခိုလုံလာကြသည်။ ဤသည်ကို အကြောင်းပြု၍ ရှေးသူဟောင်း တို့သည် မိုးညှင်းအစ ကျခတ်က ဟုဆိုစမှတ်ပြုကြသည်။ မိန်းယန်းမြို့ ကို အေဒီ (၁၁) ရာစုနောက်ပိုင်းမှ  ဒုတိယ မိုးညှင်းကို ပြန်လည် တည်ထောင်ခဲ့သည်ဟု သမိုင်းရာဇာဝင် တခုဖြစ်တည်ရှိခဲ့လေသည်။

ဒီလိုနဲ့ကျနော်တို့ စီးလာသော ဆိုင်ကယ်လေးသည် ဘီးလူးမြို့လေးကို ဖြတ်ကျော်ကာ ကျနော်အား မန်းလေးမှလာကြိုတဲ့ လုံးအောင်ကြွယ်အိမ်ရှိရာ အုန်းစံဆိုင်ရွာလေးတို့ ရောက်ရှိလာပါတော့တယ်…  ဒီလို့နဲ့ ရေမိုးချိုးကာ ထမင်းစားပြီး ခဏမှာပဲ ခရီးပန်းလာ၍ထင်သည် တညလုံးတခေါ်ခေါ်အိပ်မောကျပြီး မနက်မိုးလင်းလို့ မိုးလေးတဖွဲဖွဲကျနေတဲ့ အသံနှင့်အတူ  အုန်းစံဆိုင်ရွာသားတို့ ဘီးလူမြို့ဈေးသွားသူသွား မိုးညှင်းမြို့ဈေး သွားသူသွား သွားလာနေကြသည်။

 များမကြာမှီ အိမ်ရှင်များလည်း ဈေးဆိုင်ခင်းသူခင်း ချက်ပြုပ်သူချက်ပြုပ် ကျောင်းသွားသူသွားပေါ့ အိမ်ရှေ့ ကားလမ်းတဖက်ကျော်မှ အုန်းစံဆိုင်ရွာရဲ့ .. မှုလတန်းကျောင်းလေးရှိပါတယ်... ထိုကျောင်းလေးရဲ့  ကျောင်းတက် ခေါင်းလောင်းသံနဲ့အတူ ကျောင်းသားများ နိုင်ငံတော်အလံအလေးပြုသံ သစ္စာဓိဌာန် ဆိုအသံများကို ကျောင်းနှင့်မျက်နှာချင်းဆိုင် မို့ကျနော်တို့  အတိုင်းသားကြားနေရလေသည်။

 နံနက်ထဲက ဖွဲဖွဲနဲ့ ကျနေတေဲ့ မိုးလေးများ ရပ်သွားသည်နှင့်အညီ ကျောင်းသားများစာအံသံ များလည်းကြာနေရလေသေည် ကျနော်နှင့်လုံးအောင်ကြွယ် ရေနွေးကြမ်းထိုင်သောက်နေစဉ် အသက်သုံးလေးနှစ်ခန့် ချစ်စရာ့ရွယ် သျှမ်းမျက်နှာပေါက်နဲ့  ကလေးငယ်လေးသည်  လာနေကြမို့ထင်ပါရဲ့ လုံးကြွယ်၏ဇနီးအား အပြုံလေးနဲ့နှုတ်ဆက်ဟန်ဖြင့် ဆိုင်ထဲတို့ဝင်လာလေသည်။ ဒီကလေးက ကျောင်းဖွင့်ရင် ဒီလိုပဲမောင် သူ့အကိုတွေ သူ့အမတွေကျောင်းသွားတော့ ဒီမှာလာနေကြပေါ့ ဟုလုံးအောင်ကြွယ်က ဆိုပါတယ်…

အေးဒါနဲ့ ..နင့်ကိုငါပြောပြဦးမယ် ဒီကလေးမိသားစုနဲ့ ပတ်သက်လို့ ငါတို့သျှမ်းတွေရဲ့ အားနည်းချက်က သူအမေက ငါတို့ဒီရွာက သျှမ်းနီမပဲမောင်.. သူ့အဖေကတော့ ရွှေဘိုဘက်က ဒီမှာအလုပ် လာလုပ်ရင်း ညားကြတာမောင်..
ဒီလိုနဲ့ ဒီကလေးနဲ့ သူ့..အကိုတွေအမတွေကို ငါတို့ရွာက ကလေးတွေက ဗမာကလေး.. ဗမာကလေး.. လို့ပဲခေါ်ကြတယ်မောင်.. ဒါပေမဲ့သူအဖေလည်း ဘာမှမပြောပါဘူး… သူကိုယ်တိုင်းလည်း ဗမာဆိုတော့ ဒီကောင်းလေးကိုမွေးလို့ ..သုံးရောက်မြောက်ရှိလာလို့ မနှစ်ကပဲ ရွှေဘိုက သူ့အဖိုးအဖွားတွေစီကို သွားလည်ကြတယ်လေ….

အေး..ငါတို့ကလည်းဒီမှာ သျှမ်းနီပါတီအရေး လုပ်နေတာကိုးကွ.. သူတို့ပြန်လာတော့..
ငါတို့ရွာမှာ သျှမ်းနီပါတီဆိုင်းဘုတ်တွေတောင် တင်ပြီးကုန်ပြီမောင်.. အဲ့ဒီတော့… ငါတို့ကလည်း မှတ်ပုံတင်ကိစ္စတွေဘာတွေ ပြောကြဆိုကြပေါ့… ဒါနဲ့ ဒီကလေးအဖေက ကြားသွားပုံရတယ်မောင်.. တနေ့မှာတော့ သူက ငါ့ဆီကိုလာပြီ..  ငါကို .. မျက်ရည်ဝဲ၀ဲနဲ့ပြောရှာတယ်ကွာ.. ကျနော်..ဒီရွာမှာနေတဲ့အခါ… ကျနော့်ကိုခင်ဗျာတို့…ဗမာ.. ဗမာလို့ခေါ်ကြတယ် ကျနော်စိတ်မဆိုးပါဘူး ကျနော့် ..သားသမီးတွေကိုလည်း ကလေးတွေက ဗမာကလေး.. ဗမာကလေးလို့ပဲခေါ်တယ် ဒါလည်းကျနော် စိတ်မဆိုးပါဘူး … ဒါမဲ့.. ကျနော်တို့...ရွာကိုပြန်ရောက်သွားတော့…  ကျနော်တို့ရွာက သူ့မေကိုလည်း တရွာလုံးက မသျှမ်းမသျှမ်းမလို့ ခေါ်ကြတယ်… ကျနော့်သားတွေကိုရော ဖိုးသျှမ်းကြီး သျှမ်းမလေး ဖိုးသျှမ်းလေး လို့ပဲခေါ်ကြတယ်..

ကျနော်တို့..ဒီရွာပြန်ရောက်တော့… ဒီရွာက.. ဗမာကလေးဗမာလေးလို့ ခေါ်ကြပြန်တယ် ကျနော်စိတ်မဆိုးပါဘူး… ဒါပေမဲ့ခင်ဗျားတို့ အခု သျှမ်းအရေးလုပ်နေကြပြီလေ.. ဘာပဲဖြစ်ဖြစ် ကျနော့် ..မိန်းမဟာလည်းဒီရွာက သျှမ်းနီမပဲလေ…  ကျနော့်..သားတွေဟာလည်း ဒီရွာမှာမွေး .. ဒီရွာမှာကြီးတယ်… ကျနော်..တယောက်ကလွဲရင် ကျန်တဲ့တအိမ်လုံး .. ဒီရွာက.. ရွာသားပါပဲ. ..သူတို့အသွေး သူတို့အသားတွေကပါ… ဒီမှာမွေး.. ဒီရေသောက် ..ဒီဆန်စားပြီး ကြီးလာတဲ့... ဒီကလေးအတွက်တော့ … ကျနော့်ကလေးတွေကို.. သျှမ်းဖြစ်ခွင့်တောင်းခြင်းတယ်ဗျာ.... ကျနော်မဖြစ်ချင်နေပါ ကျနော်ကလေးတွေအတွက်လို့.. ဖခင်တဦးက… ၀မ်းနည်းကြေကွဲစွာ ပြောလာတယ်ကွာလို့ လုံးအောင်ကြွယ်ပြောပါတယ်…

ကျနော်လည်း..စိတ်မကောင်းချင်းများစွာနဲ့ စာနာမိပါတယ် ဖခင်တယောက်ရဲ့ တောင်းပန်သံဟာ သားသမီးတွေအတွက် နောင်ရေး ဘယ်လောက်အရေးကြီး တယ်ဆိုတာကို တွေးရင်.. ကျနော်တို့သျှမ်းတွေရဲ့ အဓိကအားနည်းချက်ကြီး လို့ပဲဆိုရမလား.. ဒီလိုအဖြစ်မျိုးဟာ သျှမ်းတွေရှိတဲ့ ရွာတိုင်းလိုလို ကြုံနေရမယ်ဆိုတာလည်း နားလည်းလိုက်ပါတယ်.. ဘာပဲဖြစ်ဖြစ်   ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရင် ပြစ်ပယ်ချင်းထက် လက်တွဲကူညီဖေးမပေးခြင်းမျိုး လုပ်သင့်ပါတယ်.. ဒီလိုမျိုးတွေ ၀ိုင်းပြီးပစ်ပယ်ကြလို့ သျှမ်းလူမျိုးတွေ လျှော့နဲလာခြင်းလည်း ရှိနေတာပဲလို့... ကိုယ့်တယောက်ထဲတွေးနေရင်း.. တနယ်တကျေးကိုများ သျှောင်နောက်ဆံထုံးပါ လိုက်သွားရရှာတဲ့ သျှမ်းတွေများ ... ဆိုရင်တော့လို့..  တွေးနေချိန်လေးမှာပဲ လုံးကြွယ်သမီးငယ်ရဲ့ ဆိုင်ကယ်စက်သံကြားလိုက်လို့  အတွးစများ ပျက်ပြယ်ကာ... ကျနော်တို့ နှစ်ယောက်သား ရှေ့ခရီးဆက်ဖို့  သူအိပ်ငါ့အိပ်ကိုစွဲကာ ကားကိတ်ဆီသို့ ထွက်ခွါလာခဲ့ရပါပြီ…


ဆက်လက်၍ အပိုင်း သုံးသို့ အားပေးကြပါရန်

 
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်