koko
koko
Friday, November 1, 2013
နောက်ဖက်..ကျားများဆီသို့ ခရီးသွားဧည့်သည် (အပိုင်းသုံး)
ရွှေပြည်မြင့် သျှမ်းနီရှေးဘုရားစေတီ ဆယ်ဇင်းကျေးရွာ
မိုးကဖွဲဖွဲဆိုင်ကယ်က ဗြဲဗြဲနဲ့ နှုတ်ဆက်ခဲ့ပါတယ် ကုန်းမနရယ်ပေါ့.. ဆိုင်ကယ်သမားက ကျင်းတွေချိုင့်တွေကို ရှောင်ကာတိမ်းရင်းမောင်းရင်းနဲ့ .. တနာရီခန့် အရောက်မှာတော့ တွေ့ပါပြီ ရှေ့မှာ ဈေးဆိုင်တန်းနဲ့ ဓါတ်ဆီပုလင်းတွေ ထောင်လို့ရောင်းနေတဲ့ ဆိုင်တွေကလည်း ကားလမ်းဒီဘက်ဟိုဘက် တဖက်တချက်မှာပေါ့… ဆိုင်ကယ်သမားက.. ဒါ..ညောင်ပင်က လမ်းခွဲပဲအကို.. ဒီကနေသွားရမှာ.. အိမ်မှာခဏစောင့်ရအောင်…ဟိုဘက်က လူတွေလာဦးမှာ ဆိုပြီး အိမ်နဲ့ဆိုင်တွဲထားတဲ့ သူနေရာလေးစီ မောင်းသွားပါတော့တယ် …ကျနော့်ဆိုင်ကယ် သမားကတော့ သူ့အဖေနဲ့ အတူဆိုင်ကယ်အပြင်ဆိုင်လေးနဲ့ ကွမ်းဆိုင်လေးပါ ဖွင့်ထားပါတယ်..
နာရီဝက်ခန့် စောင့်နားနေခိုက် လာကြလေပြီ ဆိုင်ကယ်သံများ ဒုံးဒုံးဒိုင်းဒိုင်းနဲ့ မိုးညှင်း၊ ဟိုပင်ဘက်ကနေပေါ့ အနည်းဆုံးဆိုင်ကယ် ရှစ်စီးခန့်ရှိမယ်ထင်ပါတယ်.. နောက်ရောက်လာတဲ့ ဆိုင်ကယ်တွေ မထွက်ခင် ပြန်စစ်ဆေးကြလုပ်ကြပေါ့.. ကျနော့်ကိုလိုက်ပို့မဲ့ ဆိုင်ကယ်သမားချာတိတ်က ကဲအဆင်ပြေရင်ဆွဲမယ်... ဆိုပြီး အော်လိုမှ အားလုံး စီးတော်ယာဉ်ကို ခွကြပြီလေ.. အဲ့.ဒီမှာ..ကျနော့်ဆရာလေးက ညှပ်ဘိနပ်နဲ့ ကျနော်ကတော့ အနောက်ကလိုက်သမားဆိုတော့ ..ခပ်လန့်လန့်ပေါ့.. စလည်းထွက်ရော ကိုယ့်ဆရာက ရှေ့ကတည်မောင်းရသူလေ သူမောင်းတဲ့.. လမ်းကြောင်းအတိုင်း နောက်လူတွေက လိုက်မောင်းရတယ်.. ဒါတောင်သူက အရှေ့လမ်းကောင်းတဲ့ နေရာလေးဆို သူလူတွေပြန်စောင့် အားလုံးဆုံမှပြန်ထွက်… သူရဲ့ မောင်းချက် .. ကျွမ်းကျင်ပုံတော့မပြောပါနဲ့ ..အမှန်တကယ်ပါ.. ဂျိန်းစပွန်းတောင်လိုက်မှီမယ် မထင်ဘူး ကျနော်တချက်မှ လမ်းဆင်းမလျှောက်ရဘူး.. ကျွမ်းကျင်ရာလိမ်မှာလို့ဆိုမလား..ပဲ..
 ဂျိန်းစပွန်းမမှီတဲ့ အင်းတော်ကြီး ဆိုင်ကယ်သမားများ
ဆိုင်ကယ်က ဗြဲဗြဲ.နဲ့.  မိုးကလည်း ဖွဲဖွဲပေါ့..တက်လိုက်ဆင်းလိုက် ကွေ့လိုက်ကောက်လိုက်နဲ့ သွားနေတုန်း တောထူတဲ့တောင်ကုန်းလေး တကုန်းအလယ် လောက်လည်းရောက်ရော နတ်စင်တခုကိုတွေ့ပါသည် ကျနော့်ဆရာက ဆိုင်ကယ် ဟွန်း တီး..တီး.. တီး.. ဆိုသုံးချက်နဲ့ တီးပြီးကန်တော့ပါတယ်..နောက်က ဆိုင်ကယ်တွေလည်း ဒီလိုပဲ နတ်စင်တဲ့တဲ့ ရောက်သူတိုင်း သုံးချက်စီ တီးပြီးကန်တော့ကြပါတယ်..
ဒါကတော့ ဒို့သျှမ်းတွေရဲ့ ထုံးစံပဲ သျှမ်းပြည်ကြီးထဲမှာလည်း ဒီလိုပဲ ဒို့ရိုးရာလေးတော့ မမေ့ကြပါလား လို့ကောက်ချက် ချမိပါတယ်…
အမှတ်မထင် မိုးကလည်း သည်းကြီးမဲကြီးရွာပါတော့တယ် ဆိုင်ကယ်သမားတွေကလည်း ဇွဲကြီးကြီးနဲ့မောင်းရင်း ရွားတန်းလေးတခုကိုရောက်လို့ ဆိုင်တဆိုင်ဝင်လိုက်ကြတယ် ကျနော်လည်း.. လက်စွဲလေးကို တချက်နှစ်ချက်ဝေးလိုက်ချိန်မှာပဲ ဆိုင်ကယ်သမားလေးက အကို.. ကျနော်တို့ဒီအထိပဲ.. လိုက်ပို့လို့ရတော့မယ် စက်လှေဆိပ်ကိုပို့လို့ မနိုင်တော့ဘူး ဒီမိုးနဲ့ လမ်းမှာတောင်ကျရေများပြီတဲ့…
ဒီလိုနဲ့ဆိုင်ကယ်သမားလေးကပဲ အကို့ပစ္စည်းတွေ လုံအောင်ထုတ်မှနော် ဆိုပြီးဆိုင်ရှင်စီက ပလပ်စတိတ်တွေတောင်းပြီး လက်စွဲတော်လေးကို လုံအောင်ထုတ် ညှပ်ဘိနပ်လေးကို လက်မှာလျိုပြီ သူတို့ကိုနှုတ်ဆက်ကာ ကိုယ်ပိုင်ဖိယှက်လေးနဲ့ပေါ့  ဖိလိုက်.ယှက်လိုက်နဲ့ လျှောက်လာခဲ့တာ နာရီဝက်ခန့်အရောက်မှာတော့ လမ်းကိုမမြင်ရတော့ပဲ ရေအိုင်ကြီး တခုကိုပဲတွေ့လိုက်ရပါတော့တယ် ဖြတ်လျှောက်လိုက်တော့ ရေက ခါးလည်လောက်ရှိနေတယ်.. မလှည်းအောင် မနည်းလျှောက်နေရတယ် ကျနော်တို့က ပွင့်ဘိနပ်လည်းမပါ နောက်ကလူတွေက တစ်ယောက်ပြီးတစ်ယောက် ကျနော့်ကိုကျော်တက်ကြပေါ့..  လုံးကြွယ်ကတော့ စက်လှေမမှီမှာဆိုး၍ ထင်တယ်ရှေ့က တုတ်ခြေတင်ပြီးသွားနင့်ပြီ ကျနော်လည်း လျှာထွက်မတတ် အနောက်ကလိုက်နေရပြီပေါ့.. 
ရွံ့တွေဗွက်တွေ..ရေတွေကို ဖြတ်လျှောက်ရင်း မိုးတိတ်သွားတာတောင် သတိမထားမိပါ.. တောင်းကုန်းလေးတခုမှာ နားမယ်လို့လုပ်ခါမှ မထင်မရှား ဆိုင်းဘုတ်လေးက ကြိုဆိုပါ၏တဲ့.. အော်အခုမှပဲ ရောက်ပါပေါ့လား ညောင်ပင်က စက်လှေဆိပ်လို့ .. သက်ပြင်းချမိပါတော့တယ်… လုံးကြွယ်စောင့်နေတဲ့ ဆိုင်ထဲမှာပဲ ဆိုင်ရှင်က မီးဖိုပေးလို့ မီးလုံရေနွေးသောက်နဲ့ ခေါက်ဆွဲစားရင်း အနောက်ကတဖွဲ့ကိုစောင့်နေရင်းပေါ့ ..သိပ်မကြာလိုက်ပါ..  စက်လှေဆိပ်က အော်သံကြားရေလေပြီ ရီးသည်တွေ ထွက်မယ်.. ဒီတော့ သူ့အိပ်ကိုယ့်အိပ်လေးစွဲပြီး တောင်ကုန်းအောက်ဆင်းကာ စက်လှေပေါ်တက်ကြပါတော့တယ်.. ချောင်းလေးက သိပ်ကျယ်ပါ စက်လှေတစ်စီး မောင်းနိုင်ရုံတာတာပဲ.. စက်လှေလည်းစထွက်ရော ရာသီဥတုက သာယာနေပြီမို့.. လက်စွဲတော်လေးထုတ်ပြီး ဒီရိုက်ဟိုက်ရိုက်ပေါ့.. တသွင်သွင် စီးဆင်းနေတဲ့ ချောင်းရေနောက်ကျိကျိ နဲ့အတူ ကျနော်တို့စက်လှေလေးက ဟိုဘက်ကမ်းကပ်လိုက် ဒီဘက်ကမ်းကပ်လိုက်ပေါ့..
ချောင်းဖျားပိုင်းမို့ထင်ပါသည် သစ်ရိပ်တောရိပ်ကတော့ ကောင်းသား တခါတခါ အနားကပ်မှ ထပျံတဲ့ ကျေးငှက်တို့လည်းရှိသေး.. တဖြေးဖြေးနဲ့ ချောင်းကလည်းနဲနဲကျယ်လာ သစ်ပင်ကြီးတွေကလည်း မြင်သာဆိုတော့ တွေ့ပါပြီဗျာ သစ်ခိုးထုတ်သူတွေ.. ခိုးသာတော့ခိုးပါ ဒါမဲ့စည်းကမ်းလေးတော့ ရှိစေချင်ပါတယ်.. လွှခိုးစွဲထားတဲ့ သစ်စတွေကို ချောင်းထဲမှာပဲ ပစ်ချထားကြတယ်လေ.. ချောင်းကျယ်လာလေ သစ်ပုံသစ်စတွေက ချောင်းထဲပစ်ချထားတဲ့ ဟိုတပုံဒီတပုံကများလာလေပေါ့.. ခရီးသွားဖော်တယောက်က ပြောပါတယ် နွေရာသီဆို ကုန်းပေါ်လမ်းမှာ ကားဆိုင်ကယ်ပေါက်တယ်တဲ့.. အခုမိုးဆိုတော့ စက်လှေလေး ဒုံးဒုံးဒိုင်းဒိုင်းနဲ့ပေါ့.. ပြန့်ပိုင်းလေးလည်းရောက်လာလေ မြေနီနီကျောက်ခဲတွေက ချောင်းထဲထိ တရှိန်ထိုး ထိုးဆင်းလို့.. ဘယ်လောက်ထိမြေဇာတွေ ချောင်းထဲကိုပစ်သလဲဆိုရင် စက်လေတောင် မမောင်းနိုင်တော့လို့ အားလုံးဝိုင်းတွန်းရတဲ့အထိပေါ့ .. စီးတခါ တွန်းတလှည့်ပေါ့ ဆယ်ဇင်းရောက်ဖို့ နှစ်နာရီလောက်အလို တနေရာအရောက်မှာတော့ ရေလမ်းကြောင်းပြောင်းလို့ အနိမ့်ပိုင်းက ရွာဦးကျောင်းနဲ့ စေတီဘုရား ရေပတ်လည် ၀ိုင်းနေတဲ့အထိပါ..
ရေပြင်ကျယ်ချောင်းအလယ်က မောင်းလာတဲ့စက်လေ ဘယ်ကိုကြည့်ကြည့် တူးနေလိုက်ကြတဲ့ ရွေမြောတွေက အပြိုင်ဆိုင်ပေါ့ မကြာမှီကမ်းစပ်ထိပ်တခုမှ လူအုပ်ကြီးက စီးလို့ကြိုနေပြီ ရောက်ပါပြီဆယ်ဇင်းဌာနေ… ဆိုင်ကယ်..ကယ်ရီ အော်သူအော် တည်းခိုးခန်းအော်သူအော်..ကျနော်တို့လည်း ဖြတ်လျှောက်လာခဲ့ရာ ဥရုချောင်းကို ဖြတ်ဆောက်ထားတဲ့ ကားဆိုင်ကယ် မောင်းနင်နိုင်တဲ့ သစ်သားတံတာကြီးပါ တံပေါ်တက်လိုက်စဉ်မှာ ကျနော်တို့ တက်လိုက်တဲ့ ကမ်းဘက်ခြမ်းက ကချင်ပြည်နယ်မှ နုတ်ခွန်းဆက်ပါ၏တဲ့ တံတားဟိုဘက်ကို ဖြတ်လျှောက်သွားတော့ စစ်ကိုင်းတိုင်းမှ ကြိုဆိုပါ၏တဲ့…ဒီလိုနဲ့ စစ်ကိုင်းတိုင်း ဆယ်ဇင်းမှာ တညတာအိပ်လိုက်ကြပါသည်။
မြူခိုးတဝေေ၀နဲ့ ရတနာမြေဟာ အာရုံဦးအလှမထူးတဲ့အပြင် ဆူညံနေတဲ့ .. စကားသံ ကားသံတွေနဲ့အတူ သူသူငါငါလူပ်လူပ်ရွရွ ဈေးဝယ်သူရောင်းသူ ရွေတူးသွားမယ့်သူများက ဟိုတစုသည်တစု.. လုံးကြွယ်နဲ့ ကျနော်လည်း ဗိုက်ကလေးဖြေ့လို့ အပြေးချီလိုက်ကြပြီ ဦးအာလောက ကျောင်းတိုက်ဆီသို့..
ကံကောင်းထောင့်မှစွာပဲ ဘုန်းဘုန်းကလည်း ကျောင်းမှာအစဉ်သင့် လာရင်းကိစ္စကိုပြောပြလို့ ဘုန်းဘုန်းကဆိုင်ကယ်စီပေး မယ်ငါ့ကောင်လေးတွေ ရှိတယ်ဆိုပြီး ဆိုင်ကယ်သမားမရောက်လာမှီ ရှေးဟောင်းနောင်းဖြစ် ပုရပိုက်အကြောင်း ဘုရားဟောင်းအကြောင်း ပြောကြဆိုကြပေါ့… ဆယ်ဇင်းနယ် တလျှောက်မှာတော့ ရှေးဟောင်းစေတီတွေ အများမပြားပါ ဒါမဲ့အထင်ကရရှိလှတဲ့ စော်ဘွာတွေတည်ခဲ့တဲ့ ပန်ချယ်စေတီ နဲ့ ရာလားတီး ရှေးဟောင်းစေတီတို့ကိုတော့ ပြန်လည်ပြုပြင် ထပ်မံတည်ထားပြီ ဖြစ်တဲ့အကြောင်း ဘုန်းဘုန်းကပြောပါတယ်.. ပန်ချယ်စေတီကတော့ လယ်ကွင်းတွေရဲ့ အလယ်မှာ ထီးထီးအဖြစ်ဝေးက မြင်နိုင်ပါတယ်.. ထိုလယ်ကွင်းတွေကတော့ တပ်မတော်လယ်စိုက်ခင်း တွေပဲဖြစ်ပါတယ် ဒါကြောင့် သမိုင်းဝင် ရှေးဟောင်းစေတီကို တာဝန်ကျ ဗိုလ်မှူးက ဦးစီပြီး ရွာသားတွေနဲ့ အတူ ပြန်တည်ခဲ့တယ်လို့ ဆိုပါတယ်.. သမိုင်းဝင်ဘုရားမို့ လယ်ကွင်းတွေအလယ်မှာ ထီးထီးကြီးအဖြစ်နေတာပါ..
ရာလားတီး ရွှေစင်းတုတော် ၅ဆူနှင့် စော်ဘွား သံမောက်ဓါးရရှိတဲ့ ရှေးဟောင်းဘုရား
ရာလားတီး ရွာဦးမှာရှိတဲ့ ရှေးဟောင်းစေတီကြီးကတော့ ညောင်ပင်ကြီးကမြိုထားပြီး ဌာပနာပြိုကျနေရာက ဘုရားဆင်းတုတော်တွေကို တွေ့ ရှိရတယ်လို့ဆိုပါတယ်။ ထူးခြားသာက ဘုရားဆင်းတုတော်တွေထဲမှာ ဘုရားငါးဆူက ရွှေသားစစ်စစ်နဲ့ဖြစ်ပြီး ရှေးစော်ဘွားများဆောင်းတဲ့ သံခမောက်တလုံး ဓါးတလက်ပါ ရရှိတယ်လို့ ဘုန်းဘုန်းကပြောပါတယ်.. ကျနော်လည်း ဘုန်းဘုန်းဓါတ်ပုံမရိုက်ထားဘူးလား လို့မေးတော့ .. အေးရိုက်ထားတယ်.. သူပြန်ရှာတယ် နောက်သတိရသွားပုံပေါက်တယ် ကသာမြို့က ရုံပိုင်လင်းမယားလာတုန်းက ရချင်တယ်ဆိုလို့ လူလိုက်ပါတယ်တဲ့ …ကဲ့.. ကျနော်တို့ သျှမ်းနီတွေများ ရက်ရောလိုက်ပုံ… ကိုယ့်လူတွေအတွက် ပြစရာလေးတောင် မထားလိုက်ကြဘူး… ဘုန်းဘုန်းကဆက်ပြီး ငါပြောလိုက်ဦးမယ်.. မောင်..မင်းကို…  ငါ..ဒီကျောင်းမရောက်ခင် ဒီကျောင်းနာမည်က တိုင်းမှူး မြင့်စိုးတက်တော့ ရွှေပြည်မြင့်တဲ့.. တခါ တိုင်းမှူးသာအေး တက်လာပြန်တော့ ရွှေပြည်အေးတဲ့ နောက်တယောက်တက်လာရင် ဘာဖြစ်ဦးမယ်မသိပါဘူးကွာလို့ ဆိုတော့.. စောစောက စော်ဘွားခမောက် ဓါတ်ပုံမရလို့စိတ်မကောင်း ဖြစ်နေရတာ.. အခုတော့ ငိုအားထက် ရေးအားသန်ခဲ့ရပါတယ်….
ဘုန်းဘုန်းကပဲ.. အေး.. မင်းတို့ဆက်သွားမဲ့ နေရာမှာ.. နောင်ပိုအောင် ဆိုတာရှိတယ်.. အဲ့ဒါ..နောင်ပိုအောင် မဟုတ်ဘူး.. ငါတို့သျှမ်းနီလိုက နောင်ပူအောင် နောင်ဆိုတာ အင်း ပူအောင် ဆိုတာ ပူဆိုတာက “အဖိုး” အောင်ကနာမည် ..  အဲ့ဒါကို ဘာမသိညာမသိတဲ့ ကောင်တွေရောက်လာပြီး နာမည်ဖျက်ချင်တော့ နောင်ပူအောင်လို့ခေါ်တော့ အပူအပင် အပင်များတယ်ဆိုပြီး အပိုအစာများအောင် နောင်ပိုအောင်ပြောင်းတယ်ဆိုပြီ လုပ်ကြပြန်ရော … တခါ ငါတို့က ဆိုင်းနမ့် လို့ခေါ်တယ် ဆိုင်းဆိုတာ သဲ နမ့်ကရေ သူတို့ လာပြန်ပြီ.. သျှမ်းတ၀က် ဗမာတ၀က်ဖြစ်အောင် သဲနမ့်..တဲ့ ငါတို့ ပုတ်ဆေ လို့ခေါ်တယ် သူတို့က လုပ်ပြန်ပြီ ပုတ်သိုတဲ့.. မကောင်းကုန်တော့ဘူး ငါတို့သျှမ်းနီတွေငြိမ်ခံနေတော့..ဟုစိတ်မကောင်းစွာပြောပြီး… အားလုံး .. တိတ်စိတ်နေချိန်မှာပဲ ဆိုင်ကယ်သံကြားလိုက်ရပါသည်။ လာကြိုသူများ…
ကျနော်နဲ့ လုံးကြွယ်လည်း ဘုန်းဘုန်းအား ရှစ်ခိုးပြီး ဆိုင်ကယ်နောက်ကို လက်စွဲတော်ကိုင်ပြီး လိုက်ကြလေသည်။ ဥရုချောင်းကြီးနဲ့ လာဆုံတဲ့ ချောင်းတခုနားမှာတော့ ထိုချောင်းငယ်ကိုဖြတ်ကာ ချောင်းဆုံ ချောင်းကူးတံတား ဆိုပြီးဆောက်နေပါတယ် မပြီးသေးလို့ ဘော့ကူတို့ကနေ ကူရပါတယ်..တဖက်ကိုရောက်တော့ လမ်းတလျှောက် လယ်ကွင်းဆိုလို မယ်မယ်ရရ မရှိတော့ပါ.. အားလုံးရွှေတွင်းတွေကြီး ဖြစ်ကုန်ပါသည်။ စက်မျှောကြီးများဟာလည်း လမ်းဘေးဝဲယာတလျှောက်.. အပြိုင်အဆိုင်ပါ.. မြေတူးစက်ကြီးများဟာလည်း ရောင်စုံပန်းတွေလို အ၀ါအစိမ်း အနီအပြာ အရောင်စုံနဲ့အတူ အနားမပေးတူးနေကြပါတယ်..
ဒီလိုနဲ့ ကျနော်တို့လည်း ပန်ချယ်ဘုရားစေတီရော၊ ရာလားတီးစေတီဟောင်း ကိုလည်း ဓါတ်ပုံတွေရိုက်ပြီး ပြန်အလာ လမ်းမှာတော့ မြန်မာပြည်မြို့ကြီးများမှာတောင် မတွေ့ရသေးတဲ့ ဘက်ဖိုးမြေးတူးစက်ကြီးများ အသစ်စက်စက်တွေကို ရောင်းရန်လို့ရေးထားတဲ့ ခြံဝန်းကြီးထဲမှာ ခြောက်စီးခုနှစ်စီးထားပြီ ရောင်းနေတဲ့နေရာသုံးခုလောက်လည်း တွေ့ခဲ့ရပါသည်။ မြေတူးစက်များပြုပြင်ရေး ဆိုတဲ့ ဆိုင်းဘုတ်တွေကလည်း လမ်းတလျှောက်အပြည့်.. နောင်ငါးနှစ်လောက်များကြာရင် ဒီဒေသခံတွေ ဘာလုပ်စားကြပါ့မလဲ လို့လည်းတွေးရင်း ဒီလောက် သဘာဝပတ်ဝန်းကျင် ပျက်ဆီးနေတာကို နိုင်ငံတော်က မသိကျိုးကျွန်ပြုရက်လေခြင်း.. NGO လိုခေါ်တဲ့ အစိုးရအမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့တို့  မြစ်ချောင်းအင်းအိုင်များဆိုင်ရာ.. ဆရာတွေလည်း ဘယ်ရောက်နေပါလိမ့်လို့ တွေးရင်း တည်းအိမ်ရောက်လာလို့ တညသာအိပ်စက်လိုက်ရလေပြီ…
နောက်တရက် နံနက်လင်းလို့ စက်လှေစီးကာ နန်တောသို့ ဆုန်ဆင်းကြလေသည်။  စီးမြဲစီးဆဲစီးဆင်းဖြစ်တဲ့  ဥရုမြစ်ကြီးကို ဥဒဟိုဖြတ်မာင်းနေတဲ့ စက်လှေကြီးငယ်တွေ ဟာတော့ သစ်ဝါးဖောင်များ သယ်ဆာင်ပြီးပြေားဆွဲတာကို မတွေ့ရပဲ ဓါတ်ဆီ၊ ဒီဇယ်ပေပါများ ပြည့်ညှပ် တင်ဆောင်လို့ မောင်းနင်နေတာကိုပဲတွေ့ရပါတယ်..
 နောက်ဖက်က နိုးထလာတဲ့ ကျားမြို့လေး နန်တော
ညနေပိုင်းလောက်မှာတော့ ရောက်လေပါပြီ ရွှေနန်တောဆီ နန်တောသည် ဆိပ်ကမ်းမြို့ငယ်လေး တမြို့နှင့်တူပါသည်။ တိုက်တွေကလည်း သုံးထပ် လေးထပ်နဲ့ ဒေသခံသျှမ်းနီတွေဟာ .. ထောသူထော မွဲသူမွဲ ကွဲသူကွဲပေါ့.. အမှန်အတိုင်းပြောရပါလျှင် နန်တောသည် စံပြကျေးရွာလို့ဆိုပေ နိုးထလာတဲ့ အနောက်ဖက်က ကျားမြို့လေးနဲ့တူပါသည်။
ကျနော်တို့တည်းခိုတော အိမ်မှာတော့အိမ်ရှင် ဇနီးမောင်နံသည် သျှမ်းနီတွေဧည့်ဝတ် ကျေတယ်ဆိုတာ ဒီလိုမျိုးလားလို့တောင် မေးရမလိုဖြစ်ပါသည်။ သျှမ်းနီကြိုက်တဲ့ မြစ်စိမ့်ချက် ဟင်းလော်  ငါးအုံးတွေနဲ့ ပြန်ပြောရင်း သွားရည်များတောင်ကျမိ..
ထမင်းစားပြီး ရေနွေးသောက်ကြရင်း စကားစပ်မြီးလို့ နွေတုန်းက နန်တော်မီးဟာ ဘယ်လိုဖြစ်ပြီး စတင် မီးလာင်သလဲဗျ .. လို့မေးတော့ အားလုံးလိုလိုပဲ .. ခပ် ပေါ့ပေါ့လေးပေါ့.. အရက်ဖိုက အရက်ချက်ရောင်းတဲ့သူက စလောင်တာလေ.. သူ့အိမ်ဘေးမှာတော့ ဓါတ်ဆီရောင်းတဲ့ သူလည်းရှိတာပေါ့.. ဒီလိုနဲ့ မေ့မေ့လျှော့လျှော့ပါ.. စလောင်တဲ့လူကိုရော အရေးယူသလား ဆိုတော့လည်း ဘယ်ရောက်နေမှန်းတောင် မသိ...။ အဲ့လူက ဘယ်နယ်ကလည်း ဆိုပြန်တော့လည်း  ရေရေရာရာမသိ.. ဒီနယ်ခံလား ဆိုပြန်တော့လည်းမဟုတ် .. ဘယ်လိုပဲဖြစ်ပါစေ လူခိုးရင်ကျန်သေးတယ် မီးခိုးပြီဆိုရင်တော့ ဘာမှချန်မှာမဟုတ်ဘူး .. အားလုံးပြောင်မှာပဲလေလို့.. ပြောပြီးကျနော်က စကားဖြတ်လိုက်ပေါတော့တယ်..
နန်တော ရွာထိပ်က ရွှေလုပ်ကွက်
ကျနော်ရဲ့ စိတ်ထဲမှာတော့ ..ဖားကန့်၊ စိမ့်မှု (ဆိုင်းတောင်) တို့ဟာ လူစီပြီလား..  ဈေးကွက်ကောင်းပြီလား ဆိုရင် မီးလောင်ပြီ.. စုံစမ်းလိုက်ရင် တနယ်တကျေးက အိမ်ငှါးလာလုပ်သူတွေ ဇာတိက ဘယ်ကမှန်းမသိ ဒီလိုနဲ့ပဲ.. ဘယ်ကစလို့ ဘယ်လိုလောင်လည်း.. အဲ့ဒီလူ.. အခုဘယ်မှာလည်း.. ရိုးရောရိုးရဲ့လား တို့မီးလား ရှို့မီးလားဆိုတာကို သျှမ်းနီတွေ လေ့လာစုံစမ်း ထောက်လှမ်း အကဲဖြတ်တဲ့သူ ဒါမှမဟုတ် အစုအဖွဲ့ဆိုတာ မရှိပါ။.. ဘယ်လိုပဲဖြစ်ဖြစ် သျှမ်းနီတွေဟာ ကျောက်စိမ်းထွက်တဲ့ နေရာမှာမွေး ကျောက်စိမ်း ထွက်တဲ့ နေရာမှာကြီးပြင်းလာပြီ သူများတွေကိုအတုမယူ သတိမမှုတော့ သူများချမ်းသာသလောက် မချမ်းသာပါ ကိုယ့်လူမျိုးအချင်းချင်း အသင်းအဖွဲ့  အုပ်စုနဲ့  အပြုသဘောဆောင် ပေါင်းသင်းဆက်ဆံတဲ့ အမှုအကျင့် အားအနည်းဆုံးလူမျိုးတွေပါ.. ဒါကြောင့်လည်း လူမျိုးစုအငယ်လေးတွေရဲ့ နိုင်စားမှုတွေ နဲ့အတူ.. မော်ကြာဘ၀နဲ့ သံတိုင်လည်းတို လူလည်းအို ပေါက်ပြားလည်းကွဲ ဘိန်းလည်းစွဲပေါ့။... အခုရွှေထွက်ပြန်တော့လည်း .. အိမ်ဝင်းလည်းပြောင် လယ်လည်းပြောင်. ကြောပြောင်လူသား လူ့ငနွား မဖြစ်စေကြဖို့တော့ လိုလိမ့်မယ်လို့.. တွေးမိရင်းတညာ ဘ၀ခရီးအတွက် အိပ်စက်အနားယူလေပြီ…
 နောက်ဖက်..ကျားများဆီသို့ ခရီးသွားဧည့်သည် (အပိုင်းတစ်-နှစ်) *"۩"*
ဆက်လက်၍ အပိုင်း လေးသို့ အားပေးကြပါရန်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်