koko

koko

Tuesday, April 29, 2014

ပျောက်ကွယ်သွားသော အာဟုမ်နိုင်ငံတော်


လွန်ခဲ့သော အတိတ်နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ဖြစ်သည်...

သျှမ်းလူမျိုးတစ်စုတို့သည် ပတ်ကွိုင်တောင်တန်းကြီးကို ဖြတ်ကျော်လျက် အနောက်ဘက်သို့ ရှေးရှုသွားလျက် ရှိကြ၏.. ခရီးသည်အုပ်စုများတွင် ကလေးများ.. အမျိုးသမီးများနှင့် လူအိုများ ပါဝင်သည်..။

သူတို့သည် တစ်မိုးခိုလိုက် နားနေလိုက်နှင့် ခရီးဆက်ခဲ့ကြသည်မှာ တစ်ဆယ့်သုံးနှစ်မျှ ရှိခဲ့သည်.. လမ်းတွင် တောင်ပေါ်လူရိုင်းတို့၏ တိုက်ခိုက်ခြင်းကို ခုခံတွန်းလှန်ခဲ့ကြရသော အကြိမ်များလဲ မရေမတွက်နိုင်ကြတော့ပေ.. ဌက်ဖျားဒဏ်.. ပင်ပန်းမှု့ နှင့် အဟာရချို့တဲ့မှု့ တို့ကြောင့် လမ်းတွင်သေဆုံး ခဲ့ကြသူများလဲ မနည်းတော့ပေ..

တောင်ထိပ်တစ်နေရာမှ ဗြဟ္မပုတ္တရမြစ်ကြီးကို ရေးရေးမျှ လှမ်းမြင်ကြရသောအခါ သူတို့၏ ပင်ပန်းယိမ်းယိုင်သော ခြေလှမ်းများသည် သွက်လာကြသည်.. မျှော်လင့်ချက် ရောင်ခြည်များလဲ သမ်းလာကြတော့သည်..

ခရစ်သက္ကရာဇ် ၁၂၂၈ တွင် သူတို့သည် `` ခမ်နန်းဂျန် ´´ မြစ်ကို ဖောင်များနှင့်ကူးကာ `` နောင်ဉာဏ် ´´ ရေအိုင်ကြီး အနီးသို့ ရောက်လာခဲ့ကြသည်.. အာသံပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက် အကြိမ်ကြိမ်ရွှေပြောင်းကြကာ ခရစ် ၁၂၅၃ ခုတွင် အာသံနယ် `` အဖိုင်ပူရ ´´ မှာ အခြေချ နေထိုင်ကြလေသည်..။

ခရစ်နှစ် ၁၂၅၃ ခုတွင် `` ချာရိုင်ဒီယို ´´ တွင် မြို့တော်ကြီး တည်ဆောက်ခဲ့ကြ၏.. သို့မျှဇွဲကြီးလှသော သျှမ်းလူမျိုးတို့ကား လူဦးရေ ကိုးထောင်မျှရှိပြီး သူတို့နှင့်အတူ ဆင်နှစ်ကောင် ၊ မြင်းသုံးရာ ပါရှိခဲ့ကြသည်..

သူတို့၏ ခေါင်းဆောင် ဘုရင်ကား မောသျှမ်းအနွယ် `` စူးခဖ ´´ ( ကောင်းကင်မှလာသောကျား )  AD- 1228 တွင်  မောဝ်နှိင်ငံတော်မှ ဆူကာဖုန်ဟာ (Sukaphaa ) ဖြစ်သည်.. သူသည် ပတ်ကွိုင်တောင်ကြီး ကို အောင်မြင်စွာ ကျော်ဖြတ်လျက် မောသျှမ်း လူမျိုးများကို အာသံပြည်နယ် ထဲသို့ ခေါ်ဆောင် ဝင်ရောက်လာသူဖြစ်သည်..။


 ခရစ် ၁၂၆၈ ခုနှစ်တွင် သားတော် `` စူးတင်ဖ ´´ က ထီးနန်း ဆက်ခံသည်.. သူတို့သည် ဇွဲနှင့် သတ္တိကို အရင်းခံ၍ ရဲရင့်စွန့့် စားသူများ ဖြစ်သည့်အတိုင်း အင်အားကြီးမားသော `` အဟုန် ´´ နိုင်ငံကြီးကို စတင် တည်ထောင် ခဲ့ကြပြီး ဗြဟ္မပုတ္တရ မြစ်ဝှမ်း ဒေသ တစ်ခုလုံးကို စိုးမိုး အုပ်ချုပ်ခဲ့ကြ၏......

``စူး´´ ( သို့မဟုတ် ) ``စေ´´ ဟူသည်မှာ ``ကျား´´ ဟုအဓိပ္ပါယ် ရသည်.. ``စူး ၊ စေ´´ သည်မြန်မာအသံထွက် ``သို´´သို့ပြောင်းလဲ နိုင်ပေသည်။ မြန်မာ့သမိုင်းတွင် ဖော်ပြခြင်း ခံရသော သိုဟန်ဘွား၊ သိုချီဘွား စသော မောသျှမ်းဘုရင်များသည် ``ကျား´´ ဘွဲ့ကို ခံယူထားကြသူများ ဖြစ်သည်။

မြန်မာများက ``သီဟ´´ ခေါ် ခြင်္သေ့ဘွဲ့ကို ချစ်မြတ်နိုးပြီး သီဟဘွဲ့ ခံယူသလို မောရှမ်းများက ``စူး/စေ/သို´´ ခေါ် ကျားဘွဲ့ကို မြတ်နိုးကြပေသည်။ ထို့ကြောင့် စူးတင်ဖနောက် ဆက်ခံသော အဟုန်ဘုရင်အချို့ကို ဖော်ပြရလျှင်....

*စူးတင်ဖ ( ခရစ်-၁၂၈၁ မှ ၁၂၉၂ )
*စူးခန်ဖ ( ခရစ်-၁၂၉၃ မှ ၁၃၃၂ )
*စူးခရန်ဖ ( ခရစ်-၁၃၃၂ မှ ၁၃၆၄ )

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာအဓိက ပါဝင်ပတ်သက်ခဲ့သူ ``စန္ဒရကန္တရှိန်´´ ( Candrakant Singh ) မှာ မြန်မာပြည်မှ မောသျှမ်း အနွယ်ဝင် အဟုန်ဘုရင်ဖြစ်သည်ဆိုလျှင် အံ့သြကြပေလိမ့်မည်.. သူ၏ မောသျှမ်းဘွဲ့မှာ ``စူးဒင်ဖ´´ ဖြစ်သည်..။

သို့နှင့် အာဟုမ်တို့သည် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ခရစ် ( ၁၆ ) ရာစုတွင် အနီးအနား နယ်ပယ်နိုင်ငံများကို သိမ်းပိုက် နိုင်ခဲ့ကြသည်.. ထိုအချိန်တွင် အိန္ဒိယနိုင်ငံ တစ်ခုလုံးကို အစ္စလာမ်ဘာသာဝင် မဂိုဘုရင်များက လွှမ်းမိုးအုပ်ချုပ်ပြီး မဂိုအင်ပါယာကြီးကို တည်ထောင်အုပ်ချုပ် နေချိန်လည်းဖြစ်သည်.. ။

အိန္ဒိယတစ်နိုင်ငံလုံးကို အစ္စလာမ်ဘာသာသို့ အတင်းသွပ်သွင်းပြီး မဝင်ရောက် သူများကို သေဒဏ်ပေးသည်.. အိန္ဒိယနိုင်ငံအတွင်းရှိ အခြားဘာသာ ဝင်များ၏ အထွဋ်အမြတ် ဘာသာရေး အဆောက်အဦ.. အထိမ်းအမှတ်နေရာများကို မြေလှန်ဖျက်စီးပစ်သည်.. အင်အားကြီးမားပြီး ရက်စက်သော မဂိုစစ်တပ်ကြီးကို မဂိုဘုရင် ``ရှာဂျဟန်´´ ( ``တဂ်ျမဟာလ်´´ တည်ဆောက်သူ ) အုပ်ချုပ်သည်..။

မဂိုတို့သည် သူတို့အင်ပါယာကြီးကို အရှေ့ဘက်သို့ ဆက်လက်ချဲ့ ထွင်ခဲ့ရာ အာရကန်ဒေသတွင် ရခိုင်ဘုရင်နိုင်ငံနှင့်၎င်း.. အရှေ့မြောက်တွင် အဟုန်ဘုရင့်နိုင်ငံနှင့် ၄င်း ထိပ်တိုက်တွေ့ခဲ့သည်.. အိန္ဒိယတစ်နိုင်ငံလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သော မဂိုတို့သည် ရခိုင်နှင့် အာဟုမ်လူမျိုးတို့၏ ရဲဝင့်စွန့့် စားစွာ တုန့်ပြန်တိုက်ခိုက်မှု့ နှင့် ကြုံရသည်..။

အာဟုမ်လူမျိုးတို့နှင့် မဂိုစစ်တပ်တို့ တိုက်ပွဲအကြမ်ကြိမ် ဖြစ်ပွားခဲ့ပြီး အာဟုမ်လူမျိုးတို့ ဇွဲသတ္တိရှိစွာ ခုခံနိုင်ခဲ့ကြသဖြင့် မဂိုတို့ အထိအခိုက် အကျဆုံးများခဲ့သည်.. ထို့ကြောင့် ခရစ်နှစ် ၁၆၃၉ ခုနှစ်တွင် မဂိုဘုရင် ``ရှာဂျဟန်´´ နှင့် အဟုန်ဘုရင် ``စူးစင်ဖ´´ တို့ မကျူးကျော်ရေးစာချုပ် ချုပ်ဆိုလိုက်ကြသည်.. ။ နယ်စပ်တွင်ရှိသည့် ``ဘားနဒီ´´ ခေါ် မြစ်ငယ်လေးကို နှစ်နိုင်ငံနယ်ခြား အဖြစ် သတ်မှတ်လိုက်ကြ၏..

နှစ်နိုင်ငံကြားထားရှိခဲ့သော ငြိမ်းချမ်းရေးသည် နှစ်အနည်းငယ် သာကြာခဲ့သည်.. အဘယ်ကြောင့်ဆိုသော် မဂိုအင်ပါယာတွင် ဘာသာရေး အယူဝါဒပြင်းထန်သော စစ်ခေါင်းဆောင်များ ခေါင်းထောင်လာပြီး အာဟုမ် လူမျိုးတို့၏ သတ္တိကို မှတ်ကျောက်တင်မည့် စစ်ပွဲအရိပ်မဲကြီးက လွှမ်းမိုးလာသည်.. လွတ်လပ်မှု့ ကို အသက်ထက် မြတ်နိုးသော အဟုန်လူမျိုးတို့အတွက် စိမ်ခေါ်မှု့ တစ်ခု ဖြစ်နေသလို.. အဟုမ်တို့ စစ်ရှုံးနိမ့်ခဲ့ပါက ပြည်မသို့ ဒလကြမ်း ဝင်ရောက်လာမည့် မဂိုတပ်မကြီးကို တားဆီးနိုင်ဖို့ ခက်ခဲလိမ့်မည်.. အာဟုမ်တို့၏ ကြေကွဲဖွယ်.. ကြက်သီးမွှေးညင်းထဖွယ်.. သမိုင်းကို ဆက်လက် လေ့လာကြပါစို့......

အာဟုမ်သမိုင်းကြောင်း အရှိန်ကောင်းနေစဉ် စကားချပ်အဖြစ်တော့ ပြောခွင့်ပြုပါ.. အဟုန်နဲ့ပတ်သက်ပြီး လွန်ခဲ့သော သုံးလခန့်ကပင် သမိုင်းနုတ်လေးရေးမိသည်.. ပြန်ဖတ်ကြည့်တော့ အချက်အလက်များ များပြားနေပြီး သမိုင်းစိတ်ဝင်စားသူ မဟုတ်လျှင် ပျင်းရိငြီးငွေ့သွားနိုင်သည်.. ဒါကြောင့် ကိုယ်လေ့လာ ဖတ်ရှု့ထားမိသမျှထဲမှ အချက်အလက် အခိုင်အမာဆုံးများကို အခြေတည်ပြီး.. ခေတ်ပြိုင် ပထဝီသမိုင်းများနဲ့လဲ ကိုက်ညီကာ စိတ်ဝင်စားဖွယ် ကောင်းအောင် ကြိုးစား ရေးသားခဲ့ပါသည်..။

ဝန်ခံစရာရှိသည်မှာ သမိုင်းကို ချစ်မြတ်နိုးသူ တစ်ယောက်၏ အများမသိနိုင်သေးသည့် တိမ်မြုပ်လု သမိုင်းကောက်ကြောင်း တစ်ခုကို တူးဆွပြရုံလောက်သာ ဖြစ်ပါသည်.. ပညာရှင်များအနေနှင့် ဆက်လက်ဖော်ထုတ် မှတ်တမ်းတင်ဖို့ ကျန်ရှိနေပါသေးသည်.. ယခုပို့စ်တွင် ဖော်ပြပါရှိသော အရေးအသား အချက်အလက်များသည် ဆရာဝန်တင်မောင်ကြည်ကိုယ်တိုင် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်တွင် တင်သွင်း ဖတ်ကြားဆွေးနွေးခဲ့သော သမိုင်းအချက်အလက်များ ဖြစ်ပါသည်.. ။

ဆရာသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သော်လည်း သူ့ဘဝ၏ အချိန်များအားလုံးကို ဝါသနာပါရာ သမိုင်းသုတေသန လုပ်ငန်းများတွင် မြုပ်နှံထားခဲ့သည်.. အဟုမ်သမိုင်းကြောင်း ကျွမ်းကျင်ပညာရှင် ဖြစ်ပါသည်.. အာဆီယံနိုင်ငံများ၌သာမက အနောက်ဥရောပနိုင်ငံများရှိ သမိုင်းပညာရှင်များ ကြားတွင်ပါ လေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်.. အချက်အလက်များသည် ဒဏ္ဍာရီမဟုတ်သလို ခိုင်မာသော ဖြစ်ရပ်မှန် သမိုင်းကြောင်းများဖြစ်ပါသည်.. ဆက်ကြပါဦးစို့.....။

မဂိုအင်ပါယာတွင် နိုင်ငံရေး.. စစ်ရေးတည်ငြိမ်မှု့ မရှိပဲ အချင်းချင်းသွေးချောင်းစီး စစ်ပွဲများဖြစ်ပေါ်ခဲ့သည်.. ရှာဂျဟန်၏ သားတော်လေးပါး ထီးနန်းဆက်ခံခွင့်နှင့် ပတ်သက်ပြီး နန်းလုစစ်ပွဲများ အတောမသတ်အောင် ဖြစ်ပေါ်ခဲ့ပြီး အာဟုမ်အင်ပါယာအတွင်းသို့ စစ်ရှောင် အိန္ဒိယသားတို့ ရောက်ရှိ လာခဲ့ကြသည်.. စစ်ဘေးဒုက္ခသည်များမှ တဆင့် မဂိုတို့၏ ရက်စက်ကြမ်းကြုတ်မှု့ ကို ကြားသိခဲ့ရသည်..။

တသီးတခြားနေထိုင်ခဲ့သော အဟုန်လူမျိုးတို့အတွက် ကံကြမ္မာ အလှည့်အပြောင်း အချိန်သို့ ရောက်ရှိလာချိန်လို့လဲ ဆိုရမည်ဖြစ်သည်.. မိမိတို့နိုင်ငံတွင်း အတောမသတ်နိုင်အောင် ဝင်ရောက်လာသော အိန္ဒိယတိုင်းရင်းသား တို့၏ နေထိုင်စားသောက်ရေး အဆင်ပြေနိုင်ရန်အတွက် မဂိုတို့၏ နယ်စပ်မြို့ ``ဂေါဟတ္တိ´´ ကို အာဟုမ်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်ကြ၏..။
 မြင်း ၂၀၀ ကျော်၊ အမြှောက်အလက် ၄၀ ကျော် ၊ သေနတ် အလက် ၂၀၀ နှင့် ဘဏ္ဍာရွှေငွေများစွာ ရရှိခဲ့သော်လည်း အဟုန်မြို့တော်၏ ခံတပ်မြို့အဖြစ်သာ ထားရှိခဲ့ပြီး ဒေသခံတိုင်းရင်းသားများကို ပူးတွဲအုပ်ချုပ်စေခဲ့သည်..။


ထိုအချိန်တွင် မဂိုအင်ပါယာတွင် စစ်ခေါင်းဆောင် ``သြရန်ဇိပ်´´ ထီးနန်းဆက်ခံရရှိခဲ့သည်.. အာဟုမ်တို့ကို တိုက်ခိုက်ရန် အစီအစဉ်မှာ အစောပိုင်းကတည်းက ရှိခဲ့ပြီးဖြစ်သည်.. လက်နက်.. လူသူအင်အားကို ဖြည့်တင်းစေခဲ့ပြီး ဘင်္ဂလားဘုရင်ခံကို စစ်ပြင်ဆင်စေခဲ့သည်..။

ခရစ်နှစ် ၁၆၆၂ ခုနှစ်တွင် ဘင်္ဂလားဘုရင်ခံ ``မားဂျိဂျမ္မလား´´ ဦးဆောင်သော မဂိုစစ်တပ်ကြီးသည် အာဟုမ် တို့၏မြို့တော် ``ဂါးဂါတွန့် ´´ ကို စစ်အင်အားကြီးမားစွာဖြင့် ချီတက်တိုက်ခိုက်ခဲ့ကြသည်.. အာဟုမ် လူမျိုးတို့သည် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ခုခံတိုက်ခိုက်ကြသည်.. စစ်ပွဲထဲတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူများပါ ပါဝင်တိုက်ခိုက်ကြရာ အလွန်ပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်ခဲ့ကြသည်..။

မဂိုစစ်တပ်အတွက် လိုအပ်သမျှကို ဘုရင်သြရန်ဇိပ်က ဖြည့်တင်းပေးသည်.. ဇွဲသတ္တိရှိစွာဖြင့် ခုခံခဲ့ကြသော်လည်း လက်နက်.. လူသူအင်အား ဆယ်ဆမက ကြီးမားသော မဂိုတို့ကို ရေရှည်တွင် ယှဉ်မတိုက်နိုင်ခဲ့ကြပေ.. အဟုန်အင်ပါယာ ကျဆုံးခဲ့ရပြီး မြို့တော် ဂါးဂါတွန်မှာ မြေလှန်ဖျက်ဆီးခံရသည်.. အာဟုမ် လူမျိုးတို့ အမြားအပြား သေဆုံးခဲ့ကြပြီး အာဟုမ်ဘုရင် ``စူးကျင်ဖ´´ သည်လည်း အညံ့ခံခဲ့ရသည်..။

အာဟုမ်တို့သည် အခြေအနေအရ အရှုံးပေးလိုက်ရသော်လည်း သူတို့ရင်ထဲက နာကျဉ်းမုန်းတီးမှု့ တို့ကား ပြေပျောက်မသွား.. တသီးတခြား အစဉ်အဆက် နေထိုင်ခဲ့ကြသော အာဟုမ်နိုင်ငံတော်ကြီးသည် လုံးဝပျက်စီးခဲ့ရပေပြီ.. ရက်စက်ကြမ်းကြုတ်သော မဂိုတို့လက်အောက်မှာ နေထိုင်ရတာထက် လွတ်လပ်သော ဘဝဖြင့်သေဆုံးရခြင်းက ပိုမြတ်သည်လို့ ခံယူမိကြသည်..

အာဟုမ်ဘုရင် ``စူးကျင်ဖ´´သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်.. သမိုင်းမှာ အာဟုမ်တို့ အရှုံးပေးပြီး သေဆုံးရမှာကို မလိုလား.. စစ်ပွဲမှာ မသေဆုံးပဲ ကျန်ရစ်ခဲ့ကြသော အာဟုန်လူမျိုးများထဲမှာ သက်ကြီးရွယ်အိုများ.. ငယ်ရွယ်သူများခွဲထုတ်လိုက်သည်.. ကျန်ရစ်သော စစ်သည်တော် များနှင့်အတူ သူနှင့် အတူလိုက်ပါမည့် တိုက်ခိုက်နိုင်သူများကို ဖိတ်ခေါ်သည်.. သူ၏ရည်ရွယ်ချက်မှာ မားဂျိဂျမ္မလားနှင့် မဂိုတပ်တို့ကို ပျောက်ကြားစနစ်ဖြင့် အသေခံတိုက်ကြမည့် စစ်ပွဲတစ်ခု.. ပြန်စရာ လမ်းမရှိ.. သူတို့နှင့် ချစ်ခင်သူများကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်လိုက်ကြပြီး တိုက်ပွဲကို စတင်လိုက်ကြသည်..။

အာဟုမ် အင်ပါယာကို သိမ်းပိုက် အောင်ပွဲခံ ရချိန်သည် ကြာကြာမခံခဲ့.. အာဟုမ် စစ်သည်တော် တို့၏ ပြင်းပြင်းထန်ထန် တုန့်ပြန် တိုက်ခိုက်မှု့ ကို ရင်ဆိုင်ရပြန်သည်.. အာဟုမ် တို့သည် မဂိုတို့၏ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်သည်.. အလစ်ဝင်တိုက်ပြီး ပြန်လည် ဆုတ်ခွာသည်.. အင်အားအရာမှာ သာသော်လည်း တိုက်ရည် ခိုက်ရည်နှင့် ဇွဲသတ္တိအရာတွင် မယှဉ်နိုင်သော မဂိုတို့သည် ရေရှည်တွင် ကြောက်ရွံ့ ထိတ်လန့်  စပြုလာသည်..။

နတ်ဘီလူး စစ်သည်တော် များအလား တိုက်ခိုက်ကြသော အဟုန်တို့၏ တိုက်ခိုက်မှု့ ကြောင့် စိတ်ဓာတ် ကျဆင်းစပြု လာသော ဘင်္ဂလားဘုရင်ခံ မားရိဂျမ္မလားသည် မူလရည်ရွယ်ချက် ဖြစ်သော မဂိုအင်ပါယာချဲ့ ထွင်ရေးကို စွန့်လွှတ်၍ တပ်ကိုပြန်လည် ဆုတ်ခွာခဲ့သည်.. သို့သော် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီး ဖြစ်သော အဟုန်တို့သည် အလျှော့မပေးပဲ ထပ်ချပ်မကွာ လိုက်လံတိုက်ခိုက်သည်..။
မဂိုတို့သည် အထိအခိုက် ကျဆုံးမှု့ များစွာဖြင့် ဆုတ်ခွာခဲ့ရသည်.. အင်အားအရာတွင် သာလွန်ပေမဲ့ သတ္တိနှင့် တိုက်ခိုက်မှု့ စွမ်းရည်တို့က အဆုံးအဖြတ်ပေးသွားသည်.. သြရန်ဇိပ်ဘုရင်၏ စစ်သူကြီး ဘင်္ဂလားဘုရင်ခံ မားရိဂျမ္မလားသည် အိမ်သို့ပင် ပြန်မရောက်နိုင်ခဲ့ပေ.. အသေခံ အာဟုမ်စစ်သည်တော် တို့၏ နောက်ဆုံးတိုက်ပွဲတွင် အခြံအရံ အစောင့်အကြပ် များကြားမှာပင် ကျဆုံးခဲ့ရလေသည်..။

၁၃ ရာစုအစ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ကျောင်းတော်``နာလန္ဒာ´´တက္ကသိုလ်ကြီးကို မီးရှို့ ဖျက်ဆီး.. ရဟန်းသံဃာတော် သိန်းဂဏန်းနီးပါးကို သတ်ဖြတ်၍ အကြောက်တရားဖြင့် ထူထောင်ခဲ့သော မဂိုအင်ပါယာကြီးသည် ဗုဒ္ဓဘာသာ သာသနာပြုမင်း သိရိဓမ္မာသောက၏ အသောက အင်ပါယာနီးပါးမျှ  ကြီးမားခဲ့သည်.. ထိုမျှ ဘုန်းတန်ခိုးကြီးသော မဂိုဧကရာဇ် သြရန်ဇိပ်သည်ပင် အာဟုမ်တို့၏ ဇွဲသတ္တိကို အသိအမှတ်ပြုခဲ့ရပေသည်.. မဂိုစစ်တပ်သည်လဲ နောက်တကြိမ် မလာတော့သလို နိုင်ငံ့အတွက် တိုက်ပွဲဝင် ထွက်ခွာသွားကြသော အာဟုမ်စစ်သည်တော်တို့မှာ အိမ်သို့ဘယ်တော့မှ ပြန်ရောက်မလာကြတော့ပေ..။

သူတို့ကာကွယ်ပေးခဲ့သည်မှာ နိုင်ငံ.. လူမျိုး.. အတွက်သာမက ဘာသာအတွက်ပါ ဖြစ်သည်ကို တမလွန်ဘဝကနေ သိစေချင်သည်.. ထိုမဂိုတပ်မကြီးသာ အာသံနယ်မှတဆင့် ဟူးကောင်းချိုင့်ဝှမ်းကို ကျော်ဖြတ်ကာ ပြည်မထဲသို့ ရောက်လာခဲ့ပါက ထိုအချိန်တွင် တိုင်းပြည်ပျက်သုန်းကာစ ကူဗလိုင်ခန်၏ တာတာတပ်များ ရန်စောင်နေချိန်.. တရုတ်.. ကုလား.. လက်အောက်တွင် မြန်မာတို့ ဘာသာ.. လူမျိုး.. ပျောက်သွားနိုင်သည်.. ဒီပုံစံဖြင့် ပါကစ္စတန်.. အာဖဂန်.. တို့တွင် သာသနာ ကွယ်ပျောက်ခဲ့ရသည်.. ကျွန်တော်တို့ ဗုဒ္ဓဘုရားကို အာရုံပြုမိတိုင်း အကာအကွယ် ပေးခဲ့ကြသော တိုင်းရင်းသားတို့၏ ကျေးဇူးကို အမြဲထာဝရ အောက်မေ့သင့်ပေသည်.......။

( ဤနေရာမှာ ``ပျောက်ကွယ်သွားသော အာဟုမ်နိုင်ငံတော်´´ကို နိဂုံးချုပ်လိုက်ပါရစေ.. )

အာဟုမ်သမိုင်းကို လေ့လာသောအခါ ဤနေရာလေးမှာ အလှည့်အပြောင်းလို့ ဆိုနိုင်ပါသည်.. အာဟုမ် အင်ပါယာကြီးအတွက် အသက်..သွေး..ချွေး.. စွန့်လွှတ်ကာကွယ်ခဲ့ရသောကြောင့် လက်ကျန် အာဟုမ်တိုင်းရင်းသားတို့ အနည်းအကျဉ်းမျှသာ ကျန်ရစ်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင် ချိန်မှာတော့ ရောက်ရှိနေသော အိန္ဒိယ တိုင်းသားတို့နှင့် သွေးနှောကုန်သည်..
အာဟုမ်ဘုရင် ``စူးဖန်မောင်´´လက်ထက်မှစ၍ ဟိန္ဒူအယူဝါဒ အချို့ ရောက်ရှိ လာခဲ့သော်လည်း နိုင်ငံသစ် နောက်ပိုင်းတွင် မူလ ``သျှမ်းပြက္ခဒိန်´´ ကိုစွန့်ပစ်ပြီး ဟိန္ဒူသက္ကရာဇ် သို့ပြောင်းသည်.. ဘုရင်ဘွဲ့ကိုလည်း ဟိန္ဒူဘာသာဖြင့် ခံယူခဲ့ကြသည်.. သို့သော်မူလ မောသျှမ်းဘွဲ့များကိုလည်း ပူးတွဲခံယူခဲ့ကြသည်..။

ဟိန္ဒူဘာသာသို့ အဟုန်တို့ ကူးပြောင်းသွားပြီးနောက်ပိုင်း တဖြည်းဖြည်း သျှမ်းအမူအလေ့တို့ နည်းပါးလာပြီး လူမျိုးပါ ပျောက်ခဲ့ရသည်မှာ သမိုင်းဆုံးရှုံးမှု့ ကြီးတစ်ခုလို့ တင်စားနိုင်ပါသည်.. ခရစ် ၁၉၀၁ ခုနှစ် အိန္ဒိယနိုင်ငံ လူဦးရေစာရင်းအရ အဟုန်လူမျိုးဟု ဝန်ခံသူ ( ၁၇၈,ဝ၄၉ ) ဦးသာ ကျန်ရှိခဲ့ပြီး အများအားဖြင့် အာသံနယ် အထက်ပိုင်း ``ဆစ်ပ်ဆာဂါ´´ (Sipsagar) နှင့် ``လက်ခင်ပူ´´ (Lakhimpur) နယ်များတွင် နေထိုင်ကြဆဲ ဖြစ်သည်..

ယခုအခါ အာသံနယ်တွင် အဟုန်လူမျိုးဟူ၍ မရှိတော့သော်လည်း ၄င်းတို့၏ သျှမ်းဘာသာစကားများကို ယခုတိုင်ကြားနိုင်ပါသေးသည်..။

ကျင်ခေါက် = ထမင်းစား

လောင် = ခေါင် (ရေ)

စူး = ကျား

ဖ = ကောင်းကင်

သောင် = ရွှေ

အာဟုမ်တို့သည် မှတ်တမ်းမှတ်ရာ အရေးအသား အလွန်ထုံကြ၏.. ဝါသနာပါကြ၏.. ထို့ကြောင့် ``ဘူရမ်ဂျီ´´ ခေါ် သမိုင်းမှတ်တမ်း များစွာ ကျန်ရစ်ခဲ့၏.. သစ်ခေါက်ဖြင့် ပြုလုပ်ထားသော ပုရပိုက်များကို ယခုတိုင် အာသံပြတိုက်တို့တွင် ပြသထားရှိသည်..။
၁၉၆၀ ပြည့်လွန်နှစ်များက ထိုင်းနိုင်ငံမှ ``ကန်ကျနပထွမ်ဒီလိုက်´´အမည်ရှိ အမျိုးသမီး ဘာသာဗေဒ ပညာရှင်သည် မြန်မာပြည် နယ်စပ်ဒေသများရှိ ရှားပါးလူမျိုးစုများ အကြောင်းကို သုတေသန ပြုလုပ်ခဲ့ပြီး ကျမ်းတစ်စောင်ပြုစုခဲ့ရာ အာဟုမ်လူမျိုးတို့၏ အက္ခရာများကို ဖော်ပြထားပြီး မြန်မာပြည် မိုးကောင်းနယ် ထဲမှ အာသံနယ်ထဲသို့ ပြောင်းရွှေ့ ဝင်ရောက်သွားပုံကို အထောက် အထား ပြည့်စုံစွာဖြင့် ဖော်ထုတ် ရေးသားခဲ့သည်..

အာဟုမ်တို့သည် လွတ်လပ်မှု့ ကို မြတ်နိုး သူများပီပီ ရေကြည်ရာ မြက်နုရာ နယ်မြေသစ်ကို ရှာဖွေခဲ့ကြ သူများပင် ဖြစ်သည်..  အမှန်တကယ် ဆိုလျှင် ``အာသံ´´ ဟူသော အမည်ကပင် ``အာဟုမ်´´ ဆိုသည့်စကားမှပင် ဆင်းသက်လာသည်.. အာသံပြည်နယ် သားများသည် ``ဟ´´နှင့်``စ´´ကို ဖလှယ် ခေါ်ဝေါ်တတ်ကြသည်.. မြန်မာများက အာသံ ဟုပင် အနီးစပ်ဆုံး ခေါ်လိုက်ကြသည်.. အာသံနယ်သည် အဟုန်တို့ သီးခြားထူထောင်ခဲ့သော နယ်မြေဖြစ်သည်..။

တာဝဲလ်၏ ``အာဟုမ်နှင့် ရှေးဦးထိုင်း လူအဖွဲ့အစည်းကို လေ့လာခြင်း´´စာတမ်းတွင် ``တော်.. ဖရာ့.. ခ..´´စသော စကားလုံးများကို ဥပမာပေး၍ ဖော်ပြထားသည်.. ``ခ´´ ဟူသောစကားသည် ခယခြင်း.. နှိမ့်ချခြင်း.. သဘောဆောင်၍ ဇင်းမယ်နှင့် သျှမ်းပြည်နယ်တို့တွင် ``ခ´´ဖြင့် ယဉ်ကျေးစွာ အဆုံးသတ် ပြောလေ့ရှိကြ၏.. မြန်မာလို ``ခင်ဗျ´´နှင့် သဘောဆင်မည်..။

အာဟုမ်အက္ခရာများသည် မွန်နှင့်မြန်မာ အက္ခရာမှ ဆင်းသက်ကြောင်း တွေ့ရှိရသည်.. အဟုန်-အာသံ-အင်္ဂလိပ် အဘိဓာန်ကို ၁၉၂၆ တွင် ပုံနှိပ်ထုတ်ဝေသည်.. ၁၉၃၀ ပြည့်နှစ်တွင် ``အာဟုမ် ဘူရမ်ဂျီး´´ ခေါ် သမိုင်း မှတ်တမ်းကျမ်း ထွက်ရှိခဲ့သည်.. ရေးသားသူမှာ အာဟုမ်သမိုင်း ပညာရှင် ``ချန္ဒရာဘာရူးဝါး´´ ဖြစ်ပြီး ကာလကတ္တားမြို့  ဘက်ပတစ်မစ်ရှင် အဖွဲ့မှ ရိုက်နှိပ်ကြောင်း သိရသည်..။

၁၉၈၄ ခုနှစ် ၊ ဖေဖော်ဝါရီလက အဟုန်မျိုးနွယ်များပါဝင်သော ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တောင်ကြီးမြို့မှ ရှေးဟောင်းသျှမ်းသမိုင်း ပညာရှင် ``စောဆိုင်မိုင်း´´နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်.. ဆရာကြီးသည် ကျိုင်းတုံစော်ဘွားကြီး တပ်ကောင် ကျောက်အင်တလိုင်၏ သားဖြစ်ပြီး အမေရိကန်၊ ဂျပန်စသော နိုင်ငံများတွင် ပညာပို့ချဖူးသူ ဖြစ်သည်..။

၁၉၈၈ ခုနှစ်တွင် ပါမောက္ခ ``ချန္ဒရာ ဂိုဂွိုင်း´´မှ အပြည့်စုံဆုံး အဘိဓာန်ကို တည်းဖြတ်ထုတ်ဝေခဲ့သည်.. စာအုပ်အဖုံးတွင် ခြူးပန်းနွယ်များနှင့် အာဟုမ် ရှေးဟောင်း ပန်ချီပုံကို ရေးဆွဲထားသည်.. အထူးခြားဆုံးမှာ စာမျက်နှာ-၁ မှ စာမျက်နှာ- ၂၂၉ အထိ မြန်မာဂဏန်း အက္ခရာများဖြင့် ရေးထိုးထားခြင်းဖြစ်သည်.. (အာဟုမ်အက္ခရာများနှင့် ရေးသားထားသော ရဟန်းတော်တစ်ပါး၏ လက်ရေးကို မင်းကွန်းလူအိုရုံ ဧည့်သည်မှတ်တမ်းတွင် ထူးဆန်းစွာ တွေ့ရသည်..)

အာဟုမ်တို့ကား ကျွန်တော်တို့ ပြည်ထောင်စုဖွား မြန်မာပြည်သားများ ဖြစ်ခဲ့ကြသည် အမှန်ပင်.. ``စူးခဖ´´ခေါင်းဆောင်လျှက် အဘယ်ကြောင့် အာသံနယ်သို့ ပြောင်းရွှေ့သွားခဲ့ကြပါသနည်း.....? ပဟေဋိဆန်နေသည်.. လူမျိုးစုတစ်ခု၏ ရန်ကြောင့် ရွှေ့ပြောင်းရသည်ဟု မှတ်ချက်ချရအောင် အဟုန်တို့သည် သွေးကြောင်တတ်သည့်လူမျိုးမဟုတ်..

ဤအချက်ကို သမိုင်းပညာရှင်တို့ ဆက်လက် သုတေသနပြုလေ့လာ ဖော်ထုတ်ကြရပေလိမ့်ဦးမည်.. အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါ၏.. အာဟုမ် တို့သည် မူလကနဦးက အမိမြန်မာပြည်၏ ရှေးဟောင်း ဘုံနိုင်ငံဟု ခေါ်ဆိုအပ်သော ``မိုင်းလုံ´´မှဟု အမှတ်အသားရှိ၏.. မိုင်းလုံဒေသသည် ရှေးဟောင်း ကျေးရွာတစ်ခုဖြစ်ပြီး ချုံနွယ်ပိတ်ပေါင်းများစွာ ဖုံးအုပ်နေသော စေတီပျက်နှင့် မြို့ရိုးကြီးများကို ယခုတိုင်တွေ့ရှိနိုင်သည်ဟု သိရှိရပါသည်..။

အာဟုမ်တို့၏ သမိုင်းခြေရာများက ကျွန်တော်တို့ကို စောင့် ကြိုလျှက်.......။

(ပြီးပါပြီ)

ဤနေရာမှ အဟုန်တို့ကို ဦးညွတ်လိုက်ပါ၏။

Min Nay Myo (28.4.2014)

စာညွှန်း : ဆရာဝန်တင်မောင်ကြည် ( ပျောက်ကွယ်သွားသော အဟုန်နိုင်ငံ / သုတေသန စာတမ်း ) မှ ဖော်ပြပါသည်။
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( အတွဲ-၂ ၊ အမှတ်-၁၂၊ ၁၉၉၇ ဇွန်လ )
စာကိုး : Terwiel ( Ahom )
Thailand Journal ( No.71 / 1983 )




ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်