koko

koko

Tuesday, May 6, 2014

ညောင်ရွှေဟော်နန်းထဲက သမိုင်းအပိုင်းအစများ


ပူပူနွေးနွေး မြန်မာ့သမိုင်းကို လှန်လော်ကြည့်လိုက်ပါက မြန်မာပြည်ရဲ့ ပထမဦးဆုံးသော သမ္မတကြီးလို့ပြောလျှင် စ၀်ရွှေသိုက်ကို သိကြသလို စ၀်ရွှေသိုက်ဟုပြောလျှင် မြန်မာပြည်ရဲ့ ပထမဦးဆုံး သမ္မကြီးကို သတိရလျှက်ရှိနေကြသည်မှာ အမှန်ဖြစ်သည်။

သျှမ်းသမိုင်း တော်လှန်ရေးလို့ ပြောလိုက်လျှင် ညောင်ရွှေစော်ဘွားကြီး၏ .. မဟာဒေ၀ီ စ၀်ဟမ်းခိန်း  ကိုသာသိကြပြီး ဟော်နန်းတွင်း အပစ်အပျက် အချို့နဲ့ အမှန်တကယ် စော်ဘွားကြီး အိမ်ထောင်လေးဆက် ရှိခဲ့သည်ကိုတော့ သိသူနည်းပါခဲ့သလို စော်ဘွားကြီး မည်သို့မည်ပုံ ဆုံးပါးသွားခဲ့သည်ကိုလည်း ယနေ့တိုင် အာဏရှင်တို့ အဖြေမပေးပဲ ငြင်းဆန်လျှက် ရှိနေခဲ့ပါသည်။

မြန်မာ့လွှတ်လတ်ရေးဟု အော်လိုက်လျှင် သျှမ်းလူမျိုးတို့၏ အသက်သွေးချွေး တို့ဖြင့် ပေးဆပ်ခဲ့ကြရ ပုံလည်း မေ့ထားလို့ ရမည်မဟုတ်ပေ။ ဗြိတိသျှကိုလိုနီများအား သူကျွန်မခံလိုသော သျှမ်းမျိုးချစ် ခေါင်းခေါင်းဆောင်ကြီး များမှာ သျှမ်းနီအမျိုးသား ၀န်သိုစော်ဘွားကြီး စ၀်အောင်မြတ်၊  မိုးကောင်းနယ်မှ ဗိုလ်ဖိုးစောနှင့် လက်ရုံးဗိုလ်ထီ၊  မိုးလိုင်စော်ဘွား စ၀်ခမ်းလိုင်တို့နှင့် လက်ရှိ သျှမ်းပြည်နယ်မှ မိုးနဲစော်ဘွား စ၀ါခွန်ကြည်၊ ရပ်စောက်စော်ဘွား စ၀်ဝိုင်း၊ မိုင်းပွန်စော်ဘွား စ၀်ခွန်တီ၊ ကျိုင်းတုံစော်ဘွား စ၀်ခမ်းဖု၊ မိုင်းနောင်စော်ဘွားနှင့် မောက်မယ် စော်ဘွားတို့ သမိုင်းသွေးဖြင့် ရေးခဲ့ကြသလို။ မြန်မာ့လွတ်လပ်ရေး အတွက် သမိုင်းမှာ နေရာယူလျှက်ရှိတဲ့  ရဲဘော်သုံးကျိပ် တွင်လည်း သျှမ်းအမျိုးသား စောရန်ပိုင်၊ စောရန်နိုင်နှင့် ဗိုလ်မိုးညို တို့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံလုံး မျက်ရည်ညိုးတဲ့ ဇူလိုင်တစ်ဆယ့်ကိုးမှာ လည်းအတူ သျှမ်းခေါင်းကြီးတွေ အဆုံးမဲ့ပေးဆပ်ခြင်းနဲ့ တိုင်းပြည်ကိုချစ်ခဲ့သူတွေပါ။

အမှန်တကယ် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ဗမာလူမျိုးကို ခုတုံးလုပ်တဲ့ စစ်အာဏာရှင်တစုရဲ့ လက်ထဲမှာ သျှမ်းလူမျိုးတွေဟာ အလဲလဲ အကွဲကွဲ အပြဲပြဲ တွေနဲ့အတူ နယ်မြေတွေ ဆုံးရှုံးခဲ့ရသလို အသက်ပါ စတေးရခဲ့ရပါသည်။

တကယ်တော့.. The Moon Princess ကို ဖတ်နေတဲ့ အချိန်မှာ.. သမိုင်း တွေ.. နိုင်ငံရေးတွေထက်.. အမျိုးသမီး တယောက်.. ဒါမှမဟုတ်.. သျှမ်းမင်းသမီးတပါးရဲ့ လူသားဆန်ဆန် ဘ၀တခုကိုသာ.. ဖမ်းဆုတ်မိ ခဲ့ တာပါ။ စာရေးသူ စ၀်စန္ဒာ ကိုယ်တိုင်ကလည်း ၀န်ခံရေးသား ထားပါတယ်။ သူ့ဖခင် စော်ဘွားကြီး စ၀်ရွှေသိုက်ရဲ့  . မပြေခဲ့တဲ့.. သမိုင်းကြွေး အချက်အလက်တွေ အတွက်.. စာအုပ်တအုပ် ပြုစု ဖို့လို့ရည်ရွယ် ခဲ့ပေမဲ့.. တကယ့်တကယ်မှာ.. စာရွက်စာတမ်း အထောက်အထားတွေ အကုန်မရနိုင်တော့တာ.. မိသားစု တကွဲတပြားဖြစ်ခဲ့ တာတွေကြောင့်.. နောက်ဆုံးတော့.. သူမှတ်မိသိမြင် ကြုံတွေ့ ခဲ့ရ သလောက်နဲ့ .. ကိုယ်ရေး အတ္တုပတ္တိတအုပ်သာ ဖြစ်သွားခဲ့ပါတယ် တဲ့။ ဒါပေမဲ့လည်း.. စာဖတ်သူကျမ အတွက်တော့.. ညောင်ရွှေ ဟော်နန်းရဲ့ တောင်ဆောင်တော် ပြတင်းတံခါး တချပ်ကနေ.. မြင်လိုက်ရတဲ့.. သမိုင်းမြင်ကွင်း တခု ဆိုလည်း .. မမှားနိုင်ပါဘူး။

( Draft  ထဲမှာ..အဲဒီလို နိဒါန် ချီ ထား ပြီး… ဆက်မရေး ဖြစ်ပဲ.. ဖြစ်နေ တဲ့.. The Moon Princess  စာအုပ် ကလေးအကြောင်း .. အခုဘယ်လိုမှ ဆက်ရေးလို့မရ တော့တာနဲ့.. စကန်ဆွဲထားတဲ့  ပုံလေးတချို့ နဲ့.. စိတ်ဝင်စားစရာ အကျဉ်းတချို့ပဲ ဝေမျှ လိုက်ပါတယ်။ )

တကယ်တော့.. ဒီစာအုပ် ထဲ မှာ.. အမျိုးသမီး ၆ ယောက် ကြား မှာ ပတ်သတ် ဆက်နွယ် ဖြစ်ပေါ် နေခဲ့ တဲ့.. လူသား ဆန်တဲ့ ခံစားချက်တွေ.. အကြောင်းကို ပိုပြီး စိတ်ဝင်စားခဲ့မိတယ်။
Living in a polymanous family ဆိုပြီး အခန်းတခန်း သီးသန့်ရေးသားထားတဲ့ အပြင်.. စာ အုပ်တအုပ်လုံး မှာ ဖြန့်ကျက်ပြီးပါနေတဲ့.. အဖေတူ အမေကွဲ မောင်နှမ ၁၂ ယောက် နဲ့.. မိသားစု အကြီး ကြီး ရဲ့ အကြောင်းက.. စိတ်ဝင်စား စရာတွေ နဲ့ပြည့်နက် နေလေတယ်။

တကယ်တော့.. စ၀်ရွှေသိုက်နဲ့ ပတ်သတ်ရင် နောက်ဆုံး မဟာဒေ၀ီ ဖြစ်တဲ့.. မဟာဒေ၀ီ စ၀်ဟမ်းခိန်း ကိုသာ SSA ရဲ့ ခေါင်းကိုင် တယောက်အဖြစ် လူသိများ ကြတာပါ။ ဒီစာအုပ် ကိုဖတ်လိုက်တော့မှ.. ပထမဆုံး မဟာဒေ၀ီ စပ်နန်းရီ..  စ၀်နန်းစန္ဒာ.. နန်းညွှန့်မေ.. နန်းမြ၀င်း ဆိုတဲ့.. စော်ဘွား ကြီးရဲ့ အိမ်ထောင် လေးဆက် .. ညီအမလေးဖော် အကြောင်းကို သိလိုက်ရတယ်။
စ၀်စန္ဒာ ကတော့.. ဒုတိယ အိမ်ထောင် ဖြစ်တဲ့..စ၀်နန်းစန္ဒာ ရဲ့ သမီး ဖြစ်ပြီး.. သူငယ်စဉ် ဘ၀မှာပဲ.. မိခင် ဖြစ်သူ ဖျားနာသေဆုံး သွားတဲ့ အတွက်ကြောင့်.. ကြီးဒေါ် ဖြစ်တဲ့..မဟာဒေ၀ီ က.. သူ့သားကြီး ၂ယောက် နဲ့ အတူ ကြည့်ရှူ ခဲ့ တာ.. အတော်ကြီးတဲ့အထိ အမေ အရင်းလိုပဲ ထင်နေခဲ့သတဲ့။ နောက် တော့.. မဟာဒေ၀ီ လည်း ဖျားပြီး သေဆုံးပြန်တော့.. ကျန်ခဲ့တဲ့ မောင်နှမသုံးယောက်ကို ကြည့်ရှု ဖို့အတွက်.. လက်ကျန် ညီအမအငယ် ၂ ဖော်လည်း ဟော်နန်းကို ရောက်လာခဲ့ဟန် တူပါ ရဲ့။ တကယ်တော့ အဲဒီညီအမ လေးဖော်က .. ညောင်ရွှေ ဟော် က.. အခွန် ဘဏ္ဍာရေး ၀န်တယောက် ရဲ့ သမီးတွေ မို့.. စော်ဘွား အနွယ်တွေ မဟုတ်တဲ့ အတွက် .. ခိုက်တယ်လို့လည်း ပတ်ဝန်းကျင်က..ယူဆ ကြ သတဲ့။

 အဲဒီ အထဲ မှာ.. ဒေါ်ဒေါ် လို့ အားလုံးက ခေါ်ကြတဲ့.. တတိယ ညီမနန်းညွန့်မေ ရဲ့..  ချစ်စရာ ကောင်းတဲ့.. ဓါတ်ပုံ တချို့ကို ကြည့်ပြီး.. သူ့ဘ၀ကို ပိုပြီး ဂရုဏာ သက်နေမိတယ်။ သူ့မှာကိုယ်ပိုင် သားသမီး မစီးပွား ခဲ့ပေမဲ့.. အမ ၂ ယောက်က မွေးတဲ့.. စ၀်စန္ဒာ တို့ မောင်နှမ သုံးယောက် ရဲ့ တာဝန်တွေကို ယူရတဲ့ အပြင်.. စော်ဘွား ကြီး ရဲ့.. အနွံအတာ ကိုလည်း အတော်ခံရပုံ ပေါ် ပါတယ်။ နောက်တော့.. စော်ဘွားမျိုး နွယ်ခြင်း မဟာမိတ်ပြု ပြီး မဟာဒေ၀ီ ဖြစ်လာ တဲ့.. စ၀်ဟမ်းခိန်း ရောက်လာတဲ့ အခါ.. တောင်ဆောင်တော် သခင်မဘ၀နဲ့.. အိမ်ထိန်းလိုမျိုး နေသွားခဲ့ရ တာ..။ စ၀်ဟမ်းခိန်း က မွေးတဲ့ ကလေး တွေ ကိုရော.. သူ့ညီမ အငယ်ဆုံး နန်းမြ၀င်းက မွေးတဲ့ ကလေးတွေ ကိုရော.. နှလုံးသား ကြီးကြီး နဲ့ တသက်လုံး ကြည့်ရှု စောင့်ရှောက် သွားတာတွေ ဖတ်ရတော့.. မိန်းမ တယောက် ရဲ့ ရင်ထဲကို.. သိလိုစိတ်.. စာနာနားလည် စိတ်တွေ နဲ့. .၀င်ကြည့် နေမိတယ်။ သူတို့ ငယ်ငယ်က.. မိသားစု ကြီး ခရီးထွက်ပြီ ဆိုရင်.. လမ်းမှာ..ဒေါ်ဒေါ်က.. စိန်ခြူးကြာညောင် သီချင်းကို..အမြဲ ညည်း ဆိုလေ့ရှိတယ် ဆိုတာကြောင့် .. ရင်ထဲမှာ ပိုဆွေးမိတယ်။ အဒေါ်ငယ် ဒေါ်ဝင်းကတော့.. ရန်ကုန် တက္ကသိုလ် မှာ ကျောင်းသွား တက်ပြီး.. သူ့ဘ၀ ကို.. လွတ်လွတ် လပ်လပ်ရွေးချယ် ခွင့်တွေ ရှိနေပါလျက် နဲ့.. ဂျပန် တွေ ၀င်တော့.. ညောင်ရွှေ ကို ပဲ ပြန်လာ ရ ပြီး.. စော်ဘွားကြီး အရိပ် အောက်ပဲ ၀င် ခဲ့ တာ ကို လည်း.. အံ့သြဟန် ပြု ရေး ထားလေတယ်။

ဒီပုံကတော့..မဟာဒေ၀ီ စ၀်ဟမ်းခိန်း ရဲ့.. အဲလစ်ဇဘတ် ဘုရင်မကြီး မင်္ဂလာဆောင်ကို တက်တဲ့ပုံပါ။

အဲဒီ တုန်းက..ပြည်ထောင်စု မြန်မာနိုင်ငံ တော် သမ္မတကြီး ဖြစ်ကာစ.. စ၀်ရွှေသိုက်နဲ့ မဟာဒေ၀ီ ကို.. တော်ဝင် မိသားစုက..ဖိတ်ကြား တော့.. စ၀်စန္ဒာက.. မဟာဒေ၀ီရဲ့  အဖော် အဖြစ်နဲ့ လိုက်ပါ သွားရင်း.. အင်္ဂလန် မှာ ကျောင်းတက် ကျန်ခဲ့တာဖြစ်တယ်။ အဲဒီ အချိန်မှာ သူ့အကို ၂ ယောက် ကတော့.. အင်္ဂလန် မှာ ရောက်နှင့် ပညာသင်နေ ခဲ့ကြပြီ ။ ဒီ စာအုပ်ထဲမှာ စာရေးသူက.. ကျန်တဲ့.. အမျိုးသမီး တွေ ကို တော့.. အဒေါ် ရင်း တွေမို့..  ချစ်ခင်ရင်းနှီးစွာ ဖော်ပြထားပေမဲ့.. မိထွေး စစ်စစ်ဖြစ်တဲ့.. မဟာဒေ၀ီကိုတော့.. သမိုင်း အချစ် ဇာတ်လမ်း စာအုပ်တွေ ကြိုက်တတ်တဲ့.. နိုင်ငံရေးရည်မှန်းချက် ကြီးတဲ့.. အမျိုးသမီး တယောက်အဖြစ် .. ခပ်ခွါခွါလေးပဲ.. ရေုးုပြသွားတယ်။ အရွယ်ချင်းကလည်း သိပ်မုခြားလှ ဘူးကိုး။ နောက်ပိုင်းမှာ .. သားသမီး တချို့ နဲ့အတူ ကနေဒါမှာ.. ခေါင်းချ နေထိုင်သွားခဲ့တဲ့.. မဟာဒေ၀ီ စ၀်ဟမ်းခိန်း ရဲ့.. အတ္တုပတ္တိ ဆန်ဆန် စာအုပ်တအုပ် ဟာ.. The White Unbrella  ဆိုပြီး.. ဒီ စာအုပ်မတိုင်ခင် အတော်စောစောက.. ထွက်ဖူးထားပေမဲ့.. ထူးဆန်းစွာပဲ.. စ၀်စန္ဒာ ရဲ့.. စာကိုးစာရင်းထဲမှာ.. မတွေ့ရဘူး။  ကိုယ်တိုင်ရေး စာအုပ် မဟုတ် တာကြောင့်လည်း ဖြစ်မည်ထင်သည်။


စ၀်စန္ဒာ ရဲ့.. ဘိလပ် မှာ ကျောင်းတက် ခဲ့ တဲ့.. ၆ နှစ်တာ ကာ လ တွေ အကြောင်း လည်းဖတ်လို့  ကောင်းသားပါပဲ။ အဲဒီ တုန်းက..ခေတ်ပြိုင် ဗမာကျောင်းသား တချို့  အကြောင်းဖတ် ရတော့.. သြော်… လို့ပဲ.. တွေးမိလိုက် ရပါတယ်။ အင်္ဂလိပ် မြန်မာအဘိဓါန် ပြုစုခဲ့တဲ့ ဒေါက်တာ ဘဟန် ရဲ့ သမီး ကက်သလင်း ဘဟန်.. သူ့ တ၀မ်းကွဲ.. အဓိပတိ ကြီး ဒေါက်တာ ဘမော်ရဲ့ သား.. ဇာလီမော်…
စ၀်ရွှေသိုက် နောက်သမ္မတ ဖြစ်တဲ့.. သမ္မတကြီး ဒေါက်တာ ဘဦးရဲ့ သားတွေ ဖြစ်တဲ့.. ရစ်ချက် ဘဦး.. အဲလဘတ် ဘဦးတို့.. ဆိုတော့ကာ….. အင်း..။

နောက်တော့..သူလည်း ဘိလပ် မှာပဲ.. Peter Simms ဆို တဲ့.. အင်္ဂလိပ် တယောက် နဲ့ အကြောင်းဖက် တယ်။ ဟိုလူက.. ဗုဒ္ဓဘာသာကို လေ့လာလိုက်စားတဲ့… ပညာရှင် တယောက် ။ စနေသမီး ဦးပီပီ ..လုပ်ချင် ရာလုပ် ခဲ့တဲ့..သူ့ကို.. အိမ်ထောင်ဖက် ရွေးချယ်မူ အပေါ်မှာလည်း.. သူ့ဖခင်က.. သဘော မကျ ခဲ့ဘူး။ ဒါပေမဲ့..နောက်တော့.. နားလည် လက်ခံလာပြီး..သူတို့မောင်နှံ. .မြန်မာပြည်ကို ပြန်လာကြ တယ်။ သူတို့ နှစ်ယောက် ရဲ့.. အချစ် ဇာတ်လမ်းမှာ...အဲဒီ တုန်းက..အင်္ဂလန်မှာ နေထိုင်တဲ့.. ဆရာကြီး ဒေါက်တာ လှဘေ ကလည်း.. တနည်းတဖုံ ပါဝင်နေခဲ့သေးတယ်။

အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက.. လန်ဒန်ကနေ .. မြန်မာပြည် ရောက်အောင်.. ဒုတ်ဒုတ်ထိ ကုန်းလမ်း ကနေ..ကားမောင်း ပြန်လာကြတာ .. ၆ လ ကြာသတဲ့..။  သူတို့ ရန်ကုန်ကို ရောက်တဲ့အခါ.. ကားရဲ့.. မီတာက.. မိုင်ပေါင်း  တသောင်းလေးထောင်နဲ့ ငါးရာနှစ်ဆယ့် နှစ်မိုင် ပြနေသတဲ့..။ အတော် အံ့သြ သွားမိတယ်..။.အင်္ဂလန် နဲ့.. မြန်မာပြည်ကို..ကုန်းလမ်းပေါက်တယ် ဆိုတာ.. သတိမထား မိဘူး။ မြေပုံ တွေ ဘာတွေ ပြန်ကြည့် တော့မှ.. သြော..ဟုတ်ပေ သားပေါ့..။ သူ့ အမျိုးသားက တော်တော်လည်း စွန့်စားချင်တဲ့ .. အင်္ဂလိပ် ဖြစ်ပုံရသည် ။

တကယ် ဆက်စပ်ဖတ်ကြည့် တော့ မှ.. အဲဒီ အချိန်က.. Land Rover ကား တွေ စ ပေါ် ကာစ.. overland drive ဆိုတာ ကိုလည်း စစ်ကြီးအပြီးမှာ..ဖက်ရှင် တခုလို စွန့်စား မောင်းနှင်ကြတဲ့ အချိန် ဖြစ်နေတယ် ဆိုတာ သွား တွေ့ရတယ်။ ဘာပဲ ပြောပြော..လွယ်တဲ့ ခရီးတော့မဟုတ်..။ သူ့စာထဲမှာ.. အဲဒီတုန်းက.. ဆူးအက်ဇ် တူးမြောင်း ပြသာနာ ပေါ်နေတာ မို့.. သူတို့.. ဂျော်ဒန်ကို ဖြတ်တော့.. အသက်နဲ့ နီး တဲ့.. အခက်အခဲတွေ တောင်ကြုံ ခဲ့ ရသတဲ့။

နောက်ပိုင်းလည်း သူ့ အမျိုးသား ပီတာက.. Time တို့ ဘာတို့ မှာ ၊သတင်းထောက် အဖြစ် ဆက်လုပ်တာမို့ နှစ်ယောက်သား အာရှတိုက်က  နိုင်ငံမျိုးစုံမှာ လှည့်လည်ပြီး နေထိုင် သွားကြသည် ။.. လာအို.. ထိုင်း.. စင်ကာပူ..ဟောင်ကောင်.. အိုမန်.. အာရှနိုင်ငံ တော်တော်စုံခဲ့တယ်။ သူ့အမျိုးသား ပီတာ ကို ၊ အဲ့ဒီ အချိန် ၊ စစ်အေးကာလ တွေက  အနောက်သူသျှိုလို့  ထင်တဲ့ သူတွေလည်း ရှိခဲ့တယ်။
လင့်ရိုဗာ ကားကြီးနဲ့.. သူတို့ လင်မယား ရန်ကုန်ကို ပြန်ရောက်တော့.. ပီတာက.. ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌါနမှာ စာပြ.. ဒေါက်တာ လုစ် တို့ ဘာတို့ နဲ့.. အဖွဲ့ကျ… သူက.. BBS မြန်မာ့ အသံ မှာ.. သတင်း ကြေငြာတဲ့ အလုပ်လုပ်ရင်း.. နေထိုင် ဖြတ်သန်းခဲ့တဲ့.. နှစ်တွေတလျှောက်.. ရန်ကုန်မြို့. .အထက်တန်းလွှာ.. လူတန်းစားတချို့  အကြောင်းလည်း အမှတ်တမဲ့ ဆိုသလို..ရုပ်ပုံလွှာ ကြမ်းလေး တွေ အဖြစ်.. ဖတ်လိုက်ရတယ်။
ဥပမာ.. ဗိုလ်စကြာ ..နဲ့..  Purple Plane   မင်းသမီး ၀င်းမင်းသန်း တို့ အကြောင်း..။ ကပြား ဖြစ်တဲ့.. ၀င်းမင်းသန်းက.. ဘယ်လို အကကောင်း ..ဧည့်ခံ ကောင်းလို့.. ဗိုလ်စကြာ တို့အိမ်က.. ပါတီတွေ ဆိုတာ.. လူ အမြဲ စည်တဲ့အကြောင်း.. ဆို တာမျိုးတွေပါ..။ လွတ်လပ်ရေးရ ပြီး စ.. မြန်မာပြည်မှာ ..အဲဒီ တုန်းက.. အထက်တန်းလွှာ ကပြားတွေ.. အာဏာရ နိုင်ငံရေးသမားတွေ.. လိုင်စင် စီးပွားရေးသမားတွေ နဲ့.. အတော် လည်း မျက်စိနောက်စရာ ကောင်းနေမှာတော့.. အမှန်ပင်။  ဒီကြားထဲက.. ရိုးရိုးသားသား.. ကြိုးစားအောင်မြင် ရင်း..မြန်မာ ပြည်မှာပဲ တသက်လုံး နေထိုင်သွားခဲ့တဲ့.. BBS ဦးလှဘူး တို့ မိသားစု အကြောင်းလေး ကိုလည်း တခုတ်တရ .. ရေးထားသေးတယ်။ ( ဦးလှဘူး ရဲ့ အမျိုးသမီး အန်တီ အောလစ်ဗ် ဟာ လည်း ..  မွန် အင်္ဂလိပ် ကပြား မကြီးပါ။ အခု ထက်ထိ အလုံ ဦးလူနီ လမ်းထဲမှာပဲ နေထိုင်ပါတယ် )

ဒီစာအုပ်မှာ ဖတ်လို့ အကောင်းဆုံး အပိုင်း ကတော့.. ၁၉၆၂ အာဏာ သိမ်းပြီး ..သူ့ဖခင် စ၀်ရွှေသိုက်နေ အိမ်ကို ဦးနေ၀င်း စစ်တပ်က.. ၀င်စီးတဲ့ အခန်းတွေပါ။ ဒါပေမဲ့…အဲဒီ အချိန်မှာ သူတို့ မောင်နှံက.. နိုင်ငံရေး အခြေအနေတွေ မကောင်းတော့လို့.. လာအိုကို ရွှေ့ ပြောင်း နေပြီမို့.. မျက်မြင် ကိုယ်တွေ့ တော့.. မ ဟုတ် ဘူးပေါ့..။ ဗမာ စစ်သားတွေက..`သျှမ်းမ.. ထွက်ခဲ့..ထွက်ခဲ့..` လို့ အော်တာ…၊ ၁၇ နှစ်သားပဲ ရှိသေးတဲ့.. သူ့ မောင်လေး.. စ၀်မြီမြီသိုက်က..တံခါး ဖွင့်ပြီး ထွက်ကြည့်တဲ့ အချိန်မှာ.. တဖက်က.. စစ်သားတွေက.. တလစပ် ပစ်ခတ်လို့  သေဆုံးသွားခဲ့တာ …၊ သူ့ဖခင် ကိုလည်းချက်ခြင်း.. ဖမ်းထုတ်ခေါ်သွား ခဲ့တာတွေကို.. မိသားစုဝင် တယောက်အနေနဲ့.. သူမ ဘယ်လောက် ၀မ်းနည်း တုန်လှုပ် ခဲ့ မလည်းဆိုတာ.. မှန်းဆ ကြည့်ယုံ နဲ့ တင် .. နားလည်လို့ ရ တဲ့..  အခြေအနေတွေပါ..။

ဖတ်မိရပြန် တော့လည်း..သူ့ နာကျည်း ကျေကွဲမူတွေက.. ရင်ထဲထိ ကူးစက်ခဲ့ရတယ်။

သူတို့ လင်မယား နှစ်ယောက် နောက်တနေ့ ချက်ခြင်း လေယဉ်နဲ့ ရောက်လာတော့.. စောင့်ကြည့် ခံနေရတဲ့ ကြားထဲမှာ.. တအိမ်လုံးက..အားကိုးတကြီး စောင့်မျှော်လို့ ။ အိမ်မှာ... အမေက မရှိ.. အဖေ ကိုလည်း ဖမ်းသွားခဲ့ပြီ။ သားတယေက် ပြစ်သတ်ခံလိုက်ရပြီ။ ကလေး အငယ်တချို့က.. ၉ နှစ် ၁၀ နှစ် အရွယ်တွေ။ ဒေါ်ဒေါ်က.. သူ့ကိုဖက်ပြီး ငို ။ အရင်က ..လူခြင်းရင်းနှီး ခင်မင်ခဲ့တဲ့.. နှုတ်ခမ်းမွေးကြီး ဦးလွင် ကို.. ဖုန်းဆက်ပြီး.. သူ့အဖေကို တွေ့ခွင့်တောင်းတော့.. မဖြစ်နိုင်ပါတဲ့..။ အဲဒီ နောက်တော့..သူတို့ ဖခင်ကြီး စ၀်ရွှေသိုက်ကို.. သားတယောက် ကလွဲလို့.. ဘယ်သူမှ တွေ့ ခွင့်မရလိုက်ပဲ.. ၈ လ အကြာမှာ.. သေဆုံး သွား ပြီ ဆိုတဲ့..သတင်းစကားသာ ရောက်လာခဲ့သည်။ စာအုပ်ထဲမှာ ..စ၀်စန္ဒာက နာနာကျည်းကျည်း နဲ့.. မေးခွန်း တွေအများကြီး .. ထုတ်ထားလေတယ်။ အဲဒီ အချိန်တုန်းက.. ဦးနုကိုတောင် အကျယ်ချုပ်ပဲ ထားခဲ့တာ ..သူ့ အဖေကိုတော့.. တလကြမ်း ၀င်ရောက် ဖမ်းစီးပြီး.. ဘာလို့ အသက် သေတဲ့အထိ ဖြစ်စေခဲ့တာလည်း.. တဲ့။ ဒီလို ကြမ်းကြမ်း တမ်းတမ်းစီးနင်း ပြစ်ခတ်ဖို့.. ဘယ်လို အကြောင်းတွေ ရှိခဲ့လို့လည်း တဲ့.. ။ သူတို့ .. နာကျည်း သင့်ပါတယ်လေ.။
-
အဲဒီ အချိန် မှာ.. မဟာဒေ၀ီ က.. လန်ဒန်ကို ဆေးကုဖို့ ရောက်နေတယ် ဆိုတော့.. ဒါဟာ လည်း.. အခြေအနေ တွေကို မှန်းဆမိ လို့.. ကြိုတင်ရှောင်နေခဲ့ တာလည်း ဖြစ်ပေမည်။ လွှတ်တော် ထဲမှာ အမတ် တနေရာရ လိုက်တဲ့.. မဟာဒေ၀ီ ရဲ့.. ပရိယာယ်ေ၀၀ုစ်မပါ တဲ့.. သျှမ်းအရေး တောင်းဆိုမူ တွေ ကလည်း.. ဗမာ အများစုကြီးစိုး တဲ့.. လွှတ်တော်ကြီးထဲမှာ.. သတိ ထားမိစရာ ဖြစ်လာနေခဲ့တယ် လို့.. စ၀်စန္ဒာ ကိုယ်တိုင် ကလည်း သုံးသပ်ထားတယ်။


နောက်တော့.. သူတို့ မိသားစုကြီးလည်း တကွဲတပြား..။ စ၀်ရွှေသိုက် အသုဘကို တက်ရောက်ဖို့.. လန်ဒန် ကနေ..ပြန်အခေါ် ခံရတဲ့.. မဟာဒေ၀ီလည်း.. သိပ်မကြာခင်မှာ ပဲ.. စောင့်ကြည့် နေတဲ့ ကြားထဲက..ခက်ခက် ခဲခဲနဲ့.. ကလေးငယ် ၂ ယောက်ကို ခေါ် ပြီး.. ချင်းမိုင် ကိုပြေး..။ သားကြီး သမီးကြီးတွေ ကလည်း.. အဆင်ပြေ သလို.. ရန်ကုန်က ခွါကြ..။ တောခို တဲ့သူက..ခို..။ သျှမ်းပြည် ပြန်တဲ့သူက..ပြန်။

သားသမီး မထွန်းကားတဲ့..စ၀်စန္ဒာတို့ ဇနီးမောင်နှံ ကတော့.. ဘောက်ဇာ ခွေးကြီးတွေကို.. သားသမီးလုပ် လို့.သူတို့ ရဲ့.. သမိုင်းဝင် လင့်ရိုဘာလေး နဲ့.. ကမ္ဘာပတ်ရင်း.. နောက်ဆုံး ပြင်သစ်နဲ့ လန်ဒန်မှာ.. အနားယူ လေသည်။ သူတို့ အကြာဆုံး နေထိုင်ခဲ့တဲ့.. လာအို နိုင်ငံနဲ့ ပတ်သတ်လို့.. လာအို ဘုရင်နိုင်ငံတော် ဆိုတဲ့ စာအုပ်တအုပ်ကိုလည်း.. ဇနီးမောင်နှံ အတူတူ ရေးသားပြုစု ထုတ်ဝေပြီး သွားခဲ့သည်။ သူ့ အမျိုးသားကို.. တော်တော်အားကိုး တွယ်တာပုံရတဲ့.. စ၀်စန္ဒာဟာ… အခု စာအုပ်ကိုလည်း.. နှစ်ယောက် အတူတူပြုစု ရေးသားနေရင်း..၂၀၀၄ ခုနှစ် မှာ.. သူ့ခင်ပွန်း ဆုံးသွားတော့.. ဆက်ပြီး မရေး နိုင်တော့လောက်အောင် ဖြစ်သွားခဲ့သတဲ့။

သူ့ရဲ့ ခံစားချက်တွေ.. စိတ်ဓါတ်ခွန်အားတွေကို.. အချိန်အတော်ကြာ ပြန်လည် စုစည်းပြီး မှ..၂၀၀၈ ခု နှစ်မှာ ထုတ်ဝေဖြစ်ခဲ့တဲ့.. ကိုယ်တိုင်ရေး အတ္တုပတ္တိလေး ရဲ့.. နိဂုံး လေးကိုဖတ်ရင်း.. ကျမ ရင်ထဲမှာ လည်း အမျိုးအမည် မသိတဲ့ ခံစားချက် တချို့ .. ဆို့နင့်လျက်…။

Little did we realize that the end would come so soon. It is now almost 5 years Peter’ departure. I sit at my desk looking out onto the brilliant blue waters of the Solent, gathering together my thoughts as I write. Beyond, on the opposite shores lie Gosport and Portsmouth and the horizon is tinged with a warm glow of pink. It is a moment in the late afternoon and all is quiet.

Neither the can ferry or the foot passenger ferry can be seen plying past. But before long and before the sun sinks low in the sky, a lone yacht will sail by and traffic will resume including a cruise ship making its way from Southampton towards the channel and the open sea.

As I watch, a thousand memories flash by of joy, of excitement, of sadness and sorrow – a past gone forever, but to remember and reflect upon, reminding me that all is transient.


အတိတ်တွေ ဆိုတာ..ဘယ်တော့မှ ပြန်မလာတော့ဘူး.. ဒါပေမဲ့.. သတိရ  နေကြဖို့. . ဆင်ခြင်သုံးသပ် ကြည့်ကြဖို့ နဲ့..  အရာအားလုံး ဟာ..ခရီးယာယီသာ ဖြစ်တယ်ဆိုတာ..တရားသံဝေဂ ရနေကြ ဖို့ ပါ.. တဲ့။


ကေ
၂၁ နိုဝင်ဘာ ၂၀၁၁

Ref: Sao Sanda, The Moon Princess, River Books, Bangkok, 2008.


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"