koko

koko

Friday, July 18, 2014

တုံဂပူရိ သခင်မ


ကျိုင်းတုံ ကျိုင်းတုံလို့... လွယ်လွယ်ပြောနေကြတဲ့ သံလွင်အရှေ့ခြမ်းက မြို့လေးတမြို့ဟာ ရှေးယခင် သျှမ်းလူမျိုးတို့ရဲ့ အတိတ်သမိုင်းတွေနဲ့ ပြည့်နက်နေတဲ့ သျှမ်းသမိုင်းဝင် မြို့တော်ဟောင်းတခုပါ..

ကျိုင်းတုံမြို့လေးဟာ ရှေးယခင်ထဲက  စန္ဒာရကွမ်း၊ ခေမရဋ်၊ တုံဂပူရိ၊ ခေမာဝရ၊ တိုင်းဂုံပြည်ဟု ငါးမည်ရတဲ့.. သမိုင်းဝင် သျှမ်းမြို့တော်ဟောင်း လည်းဖြစ်ပါသည်။

AD -1243 ကောဇာသက္ကရာဇ် ၆၀၅ ခုနှစ်  မှစ၍  AD – 1962 ခု ကောဇာသကရာဇ် ၁၃၂၄ ခုနှစ်ထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉) ပါးရှိတယ်လို့ မှတ်တမ်းများအရ သိရပါသည်။

ကျိုင်းတုံဒေသနေ ဌာနေသျှမ်းများသည်  နမ့်ခိင်မြစ်ကိုအစွဲ၍ နေထိုင်လာခဲ့သောကြောင့် ယင်းသျှမ်းလူမျိုး တို့ကို  သျှမ်းလို တိုင်းခိင် ဟုခေါ်ဆိုခဲ့ကြရာ အခြားသူများက ခေါ်ဆိုသော အသံမပိသသောကြောင့်    ခိင်ကို "ဂုံ" ဟုထွက်ခါ ဂုံသျှမ်းလူမျိုးဟု မြန်မာ့သမိုင်းတွင် ရေးသားလာကြတာကိုလည်း   တွေ့ရပါသည်။

တိုင်းခိင်လို့ခေါ်တဲ့ ဂုံသျှမ်းလူမျိုးတို့ရဲ့  တုံဂပူရိ သခင်မ..တစ်ပါးကတော့... " စဝ်နန်းတိပ့်ထီလာ" 1871- 1886 (Sao Nang Tip Htila) ပဲဖြစ်ပါတယ်.. တိပ့်ထီလာဆိုတဲ့ နာမည်ဟာ ပါဠိသက် ဂုံစကားဖြစ်ပြီး               " တေ၀ထိတု, "  "နတ်သုဒ္ဓါ" " ခေ၊င်းrဖှီရှင်;လီrဖှင်းယ်ု,"(The Magic Elixer, The Grand Paregoric, The Ambrosia of Heaven ) လို့ အမည်ရတယ်ဆိုပါတယ်… စ၀်နန်းတိပ့်ထီလာဟာ တုံဂပူရိတိုင်းရဲ့  ၃၈ ဆက်မြောက် ကျိုင်းတုံစော်ဘွားကြီး စ၀်ကွဏ်တိုင်း (Sao Kawng Tai) နဲ့ မဟာဒေ၀ီ စ၀်မိုင်းခမ်ခမ်း Sao Mong Keng Hkeng တို့ကနေ မွေးဖွားသန့်စင်လာခဲ့တဲ့ တော်ဝင်အနွယ်ဖွား ပဲဖြစ်ပါသည်။ 



တုံဂပူရိ တိုင်းရဲ့  ၃၉ဆက်မြောက် ရေမြေ့သခင် အရှင်စ၀်ဖှလုံ စဝ်ကွဏ်ခမ်းဖူ (Sao Kawng Hkam Hpoo) နဲ့  ၄၀ မြောက် အရှင်စ၀်ဖှလုံ စဝ်ကွဏ်းကျောက်အင်ထလိုင်း (Sao Kawng Kiao Intaleng) ရဲ့  ညီမတော်လည်း ဖြစ်ပါတယ်။ 

ခရစ္စသက္ကရာဇ် 1890 မှာ စ၀်နန်းတိပ့်ထီလာဟာ ကျိုင်းခမ်းစော်ဘွား စ၀်ခွန်အုန်းနဲ့ လက်ဆက်ပြီး သားတော်တစ်ပါး ဖွားမြင်ခဲ့ပါတယ်။  သားတော်လေး ဖွားမြင်ပြီးချိန်မှာတော့ စော်ဘွားနဲ့ ပြတ်စဲပြီး ကျိုင်းတုံမှာ ပြန်သွားနေတယ်လို့ဆိုပါတယ်။ 1893 ခုနှစ်အရောက်မှာ အကိုတော် ကျိုင်းတုံစော်ဘွား နတ်ရွာစံလို့ မောင်တော်စဝ်ကွဏ်းကျောက်အင်ထလိုင်း စော်ဘွားအရာ ဆက်ခံဖို့ အသက် မပြည်သေးတာကြောင့် သူမဟာ 1893 - 95 အထိ စော်ဘွားရာကို ပထမဦးဆုံး ဆက်ခံခဲ့တယ်လို့ ဆိုပါတယ်..

စ၀်နန်းတစ်ထီလာဟာ မောင်ဖြစ်သူ ကျိုင်းတုံစော်ဘွား စ၀်ကွဏ်းကျောက်အင်းထလိုင်း နဲ့အတူ ၁၉၀၃ ခုနစ် အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ကျင်းပတဲ့ ခုနစ်ယောက်မြောက် အက်ဒွက်ရဲ့ နန်းတက်အောင်ပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။ 

အဲဒီ အချိန်တုန်းက သူမဟာ ကျိုင်းခမ်းနယ်ကို သားတော်ကိုယ်စား ရင်ခွင်ပိုက် အုပ်ချုပ်နေတဲ့ မဟာဒေဝီတစ်ပါး ဖြစ်တာမို့ အကြီးအကဲ အနေနဲ့ တက်ရောက်ခဲ့တဲ့ သဘောမျိုးလည်း အဖြစ်ဆိုလည်း ဟုတ်ပါသည်။ အဲဒီလမ်းခရီးမှာ သူ့မှာပါလာတဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ သူခိုးခိုးခံရလို့ ပဉ္စမမြောက် ဂျော့ဘုရင်နဲ့အတူ တိုင်းခန်းလှည့်လည်လာတဲ့ မေရီမိဘုရားနဲ့ တွေ့ချိန်မှာ ဝတ်စရာ အဆင်တန်ဆာ ဘာတစ်ခုမှ မရှိပဲ တွေ့ခဲ့ရပါသတဲ့ မေရီမိဖုရားက ဒါကို သိသွားပြီး သူဝတ်ထားတဲ့ လက်စွပ်တစ်ကွင်းကို ချွတ်ပြီး သခင်မစ၀်တစ်ထီလာဒေဝီလက်မှာ ဝတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံ  ဒေလီမြို့ ဒါဘာပွဲမှာ 
( Delhi Durbar ) တစ်ဦးတည်းသော ဆင်စီးပြီး တက်ရောက်ခဲ့သူ သျှမ်းအမျိုးသမီး  စော်ဘွား ရယ်လို့ ထင်ရှားလာသူဖြစ်ပါသည်။

ခရစ္စသက္ကရာဇ်-1895 ခုနှစ်မှာပဲ သူမရဲ ခင်ပွန်း ကျိုင်းခမ်းစော်ဘွား စ၀်ခွန်အုံး ကံတော်ကုန်လို့ ဆက်ခံမဲ့ သားတော် လေးဟာ အရွယ်မရောက် သေးသတဲ့ အတွက်ကြောင့် စ၀်တိပ့်ထီလာ သခင်မကပဲ သားတော်လေးကို ရင်ခွင်ပိုက် ၁၂နှစ်ကြာ အုပ်ချုပ်ပေး ခဲ့ရပြန်ပါသည်။ … ကျိုင်းခမ်းမှ ထွက်ရှိလာပြီးနောက် စ၀်နန်းတိပ့်ထီလာ သခင်မဟာ တရုတ်တွေ ကျူးကျော်ဝင်ရောက် လာတာကြောင့် တရုတ်တွေကို မောင်တော်နဲ့ အတူ တိုက်ထုတ်ပြီး တရုတ်နယ်စပ် မိုင်းပူးလုံမှာ လေးနှစ်လောက် အုပ်ချုပ် စိုးစံနေထိုင်တော်မှု ခဲ့ပါသေးတယ်။  

အဲဒီနောက် မှာတော့ သားဖြစ်သူကို အာဏာလွဲပေးပြီး သခင်မဟာ ကုန်သည်အလုပ်ကို စတင်လုပ်ကြောင်း သိရပါသည်။ သခင်မဟာ ဆင်တွေ မော်တော်ကား တွေကအစ အရောင်းအဝယ် လုပ်ဖူးတယ်လို့ လည်း ဆိုပါတယ်။ ဝန်တင် မြည်းတွေ လားတွေနဲ့ နေရာအနှံ့ကိုလည်း ရောက်ခဲ့ဖူးသူ တစ်ယောက်ဖြစ်လို့ ကုန်သည်တိုင်းက လေးစားရသူ တယောက်လည်းဖြစ်ပါတယ်။ သခင်ဟာ သူ့အောက်လက်ငယ်သားများကို ဆိုဆုံးမလေ့ရှိတဲ့စကားကတော့  (စော်ဘွားဘ၀ဘဲရောက်ရောက်၊ ကုန်သည်ဘ၀ဘဲဖြစ်ဖြစ်၊ အဓိက ကဘယ်ဘ၀ရောက်ရောက် စိတ်ဓာတ်ခိုင်မာစွာ နဲ.ရပ်တည်နေနိုင်ဖို.ကအရေးကြီးဆုံးဘဲ ဟု ပြောဆိုလေ့ရှိကြောင်းသိရသည်။

 မှတ်ချက် (ဝီကီမှာ Andrew Dalby ရေးထားတာမှာတော့ တစ်ထီလာဟာ ပထမ ကျိုင်းခမ်းစော်ဘွားနဲ့ ပြတ်စဲပြီး နောက်အိမ်ထောင် ပြုတယ်လို့ ပါပေမယ့် ဘယ်သူနဲ့ ပြုတယ်ဆိုတာတော့ မတွေ့ရပါဘူး။ ကျိုင်းတုံစော်ဘွား အဆက်အနွယ် အန်ကယ်ဦးခိုင်းမွန် ပြောပြရာမှာတော့ နောက်အိမ်ထောင် ပြုတယ်ဆိုတာ မကြားမိဘူးလို့ ဆိုပါတယ်။)

စ၀်နန်းတိပ့်ထီလားဟာ သွက်လက်ထက်မြတ်ပြီး စိတ်သဘောထားပြည်ဝသူလို့ နာမည်ကြီးရုံမက တုံရပူရီခေါ် ကျိုင်းတုံ ၊ကျိုင်းခမ်း၊ မိုင်းပူးလုံ ဆိုတဲ့ မြို့သုံးမြို့ကို စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့ဘူးတဲ့ အထင်ဂရ အမျိုးသမီးစော်ဘွားကြီး တဦးလည်းဖြစ်ပါတော့သည်။ 

ကောလစ်နဲ့ တွေ့ဆုံချိန်မှာ တစ်ထီလာဒေဝီဟာ အသက် ခုနစ်ဆယ်နီးပါး ဖြစ်နေပါပြီ။ နာမည်အလွန်ကြီးတဲ့ တစ်ထီလာဒေဝီကို ကောလစ်ဟာ တကူးတကကို သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တစ်ထီလာဒေဝီဟာ သူ့အဖေဖြစ်တဲ့ စော်ဘွားက သူတို့နယ်ထဲလာတဲ့ ဆာဂျော့စကော့ကို လုပ်ကြံဖို့ စီစဉ်နေတာကို မြင်းစီးပြီး ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ကောလစ်ရဲ့ စာအုပ်ထဲမှာတော့ မဟာဒေဝီဟာ အသက်၆၉ နှစ် ရှိပြီ ဖြစ်ပေမယ့် ပြည်နယ်အုပ်ချုပ်မှု အတတ်ပညာကို ကောင်းစွာ ကျွမ်းကျင်တဲ့သူ၊ ဩဇာကြီးသူ၊ ထက်မြက်သူ၊ အသိပညာ ပြည့်စုံသူ၊ ထက်မြက်သူ၊ သွက်လက်ပြီး အားမာန်အပြည့်ရှိသူ စတဲ့ ဝိသေသပေါင်း များစွာနဲ့ ချီးမွမ်းထားပါတယ်။

ဒါပေမယ့်လည်း တချိန်က လျှမ်းလျှမ်းတောက် ခြင်္သေ့တစ်ကောင်လို ထက်မြက်ခဲ့တဲ့ တစ်ထီလာဒေဝီဟာ အဲဒီအချိန်မှာတော့ အကျပိုင်းကို ရောက်လို့ နေခဲ့ပါပြီ။ သူ့ရဲ့ အရောင်းအဝယ် ကုန်သွယ်လုပ်ငန်း တွေဟာလည်း အကျိုးအမြတ် နည်းပါးလာခဲ့ပြီး ပင်စင်လည်း တစ်လမှာ ခုနစ်ပေါင်နဲ့ ဆယ်ရှီလင်ပဲ ရပါတော့တယ်။ သူမမကွယ်လွန်ခင်မှာ လောင်းကစားကြောင့် ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ အတော်များများ ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ နောက်ပိုင်းမှာ တောင်ကြီးမြို့မှာပဲ အတော်ကြာကြာ နေထိုင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၀-၆၀ ခုနှစ်လောက်မှာတော့ သူမ ကွယ်လွန်သွားပါတယ်။

ခေတ်သစ်တစ်ခုဆီကို ချီတက်နေတဲ့ ရှမ်းပြည်နယ်မှာ တစ်ထီလာဒေဝီဟာ သမိုင်းပုံပြင်တစ်ခုနဲ့ တူတယ်လို့ ကောလစ်က ရေးခဲ့ပါတယ်။ ကောလစ် မြန်မာပြည် ရောက်ခဲ့စဉ်က မြန်မာပြည်ရဲ့ နာမည်ကျော် တရုတ်သူဌေးကြီး လင်ချင်ချောင်း ဆောက်လုပ်ခဲ့တဲ့ ချင်းချောင်းခြံကြီးထဲမှာ တစ်ထီလာဒေဝီရဲ့ ပုံတူပန်းချီကားကြီး နှစ်ခုကို တွေ့ခဲ့ရပါသေးတယ်။ အဲဒီ ပန်းချီကားတွေကို ဆွဲခဲ့သူက နာမည်ကျော် ပန်းချီဆရာကြီး ဦးဘဉာဏ်ပဲ ဖြစ်ပါသည်ဟုဆိုသည်။

သျှမ်းချစ်သူတို့အား အစဉ်လေးစားလျှက် ကျားပေါက်

ထုတ်နုတ်
နေဝင်ဘုရင်များ၊ ကျော်အောင် (ဘာသာပြန်)
နယ်လှည့်ရာဇဝင်၊ ဒေါက်တာသန်းထွန်း


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်