koko

koko

Sunday, August 3, 2014

အောင်မြင်မှုရှိသော ခေါင်းဆောင်ကောင်း


လူ့လောကကြီးတွင် ခေါင်းဆောင်ဟူသည် နေရာတိုင်းတွင် ရှိမြဲဖြစ်၏။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် တိုင်း၊ နိုင်ငံတွင်ဖြစ်စေ ခေါင်းဆောင်ဟူ၍ ရှိနေမြဲပင်ဖြစ်ပေသည်။ အသင်းအဖွဲ့ အမျိုးမျိုးတွင်လည်း ခေါင်းဆောင်ဟူ၍ ရှိရ၏။ ယုတ်စွအဆုံး ခေတ္တယာယီ ပြုလုပ်ကျင်းပသော အခမ်းအနားမျိုး တွင်ပင်လျှင် ခေါင်းဆောင်ဆိုသူကို ထားရှိမြဲဖြစ်၏။ ထိုကဲ့သို့ ခေါင်းဆောင် ထားရှိခြင်းသည် လောက အစဉ်အလာဖြစ်ပေသည်။ 

 နိုင်ငံတော်အဖွဲ့အစည်း  ရဟန်းတော်များ၏ အဖွဲ့အစည်းတွင်၎င်း လူမှုရေးအဖွဲ့အစည်း၊ ပရဟိတအဖွဲ့ အစည်း၊ သာရေးနာရေးအဖွဲ့အစည်း  ခေါင်းဆောင်ဟူသည် ရှိရ၍ နောက်လိုက်ဖြစ်သူများက ခေါင်းဆောင်ဖြစ်သူကို ရိုသေလေးစား ကြရ၏။ ယုံကြည်အားထားမှုလည်း ရှိကြရ၏။ ခေါင်းဆောင်ဖြစ်သူက နောက်လိုက်များကို စောင့်ရှောက်ထိန်းသိမ်းနိုင်မှု ရှိကြရသည်။ ဤနေရာတွင် စောင့်ရှောက်မှု ဟူသည်မှာ အမှန်တကယ် လိုအပ်နေသည်ကို ဖြည့်ဆည်းပေးခြင်းဖြစ်၏။ ထိန်းသိမ်းမှုဆိုသည်မှာ ဆိုးကျို ဖြစ်ပေါ် လာစေမှုမျိုးကို တရားသောနည်းလမ်းဖြင့် ထိန်းချုပ်ပေးခြင်း ကာကွယ်ပေးခြင်း လမ်းညွှန်မှု ပေးခြင်းပင်ဖြစ်သည်။ 

လမ်းညွှန်မှု ဆိုသည်မှာလည်း ကောင်းသောအလုပ်၊ ကောင်းသောစကား၊ ကောင်းသောအကြံများကို လုပ်ဆောင်ပြောဆို ကြံစည်ရန်ဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်ဆိုသူများမှာ အဖွဲ့အစည်းတိုင်းအတွက် အလွန်အရေး ပါလှပေသည်။ ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည် ဆိုသကဲ့သို့ ခေါင်းဆောင်မကောင်းရင် နောက်လိုက်လည်း မကောင်းနိုင်တော့ပေ။

မကောင်းမြင်တတ်သူများ အဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။ မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင်လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ 

အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ်လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာကြခြင်းသာ ဖြစ်သည်။ မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့်သာ ခေါင်းဆောင်နေရာတွင် ရပ်တည် နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သော သဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။

ခေါင်းဆောင်ဖြစ်လာမှုနှင့် ပတ်သက်ပြီး Nature လား၊ Nurture လား ဆိုသည့် မေးခွန်းကို အမြဲ မေးလေ့ရှိကြသည်။ nature ကတော့ ဖွံ့ဖြိုးဆဲများ အလေးထားကြသည်။ သဘာဝကိုက ခေါင်းဆောင်ပါရမီ ပါလာသည့်သဘော ဖြစ်သည်။ တောက်မည့်မီးခဲ အရှိန်နှင့် တရဲရဲ သဘောမျိုး ဖြစ်သည်။ နဂိုရှိမှ နဂိုင်းထွက်သည့် သဘောလည်း ဖြစ်သည်။ Nurture ကတော့ ခေါင်းဆောင်မွေးယူခြင်း ဖြစ်သည်။ Nature က မှန်သလား၊ Nurture က မှန်သလားဟု ဆိုလျှင် နှစ်ခုစလုံး မှန်ပါသည်။ 

ခေါင်းဆောင်မှု သင်တန်းများကို တက်ရောက်သူများကို ကြည့်လျှင် ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူများသာ တက်ရောက်ကြသောကြောင့်သာ ဖြစ်သည်။ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူသည် Nature ဖြစ်သည်။ ခေါင်းဆောင်မှု သင်တန်းအရ ခေါင်းဆောင်များ မွေးထုတ်ခြင်းသည် Nurture သာ ဖြစ်သည်။ မဆိုင်သော်လည်း ဆက်စပ်မှု ရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်း ရွယ်တော့မဟာနွယ်၊ ညားတော့ဈေးသည် အဆင့်လောက် ခေါင်းဆောင်မျိုးသာ ရရှိပါသည်။ ခေါင်းဆောင် အရည်အချင်း ရှိသူများကို လေ့လာမည်ဆိုလျှင် သူတို့ လုပ်ကိုင်နေသော လုပ်ရပ်များကို ကြည့်ပြီး အကဲခတ်နိုင် ကြသည်ဟုလည်း ဆိုကြပါသည်။ သူတို့ရဲ့ သိသာနိုင်သော လျှို့ဝှက်ချက်များကို လေ့လာမည် ဆိုပါက

အသိအမှတ်ပြုတတ်ပါစေ....

ခေါင်းဆောင်တစ်ဦး၏ မလွဲမသေ လုပ်ရမည့် တာဝန်များတွင် Recognition ခေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ အလုပ်ကို အသိအမှတ် ပြုမှာလား၊ လူကို အသိအမှတ် ပြုမှာလားဟူသော မေးခွန်းသည် ထိုခေါင်းဆောင်၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်။ အလုပ်ကို မွေးသော ခေါင်းဆောင်သည် တာဝန်ကျေပွန်သူက မြှောက်စားသည်။ အလုပ်တာဝန် မကျေပွန်သူကို သတိပေးသည်။ လူကို မွေးသော ခေါင်းဆောင်သည် ကိုယ်နှင့် တည့်သည့်လူကို မြှောက်စားသည်။ မတည့်သည့်လူကို ချောင်ထိုးသည်။ ပိုစိတ်ချရအောင် နှိပ်ကွပ်ထားသည်။ တစ်ဖန် ခေါင်းဆောင်ဆိုသည်မှာ လူကြောင့် ဖြစ်လာသည်လား၊ အလုပ်ကြောင့် ဖြစ်လာသည်လား ဟူသော မေးခွန်းကို လူတွေကြောင့် ခေါင်းဆောင်ဖြစ်လာသည်ဟုသာ ထင်တတ်ကြသည်။ အမှန်တော့ အလုပ်အရသာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးတို့ ဖြစ်လာကြခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ခေတ်သစ်စီးပွားရေး စနစ်တွင် စုံစီနဖာ၊ တောက်တိုမယ်ရ ခေါင်းဆောင်ဆိုသည်ကား မရှိ၊ အလုပ် တာဝန်ဝတ္တရား Division of Labour or Specialization ပေါ် မူတည်ပြီးမှသာ ခေါင်းဆောင်ဖြစ်လာခြင်းသာ ရှိသည်။ အဖွဲ့အစည်းမှ ဖြစ်လာသော ခေါင်းဆောင်သာလျှင် ရှိသည်။ ထိုခေါင်းဆောင်သည် ထိုအဖွဲ့အစည်း မရှိတော့လျှင် ထိုခေါင်းဆောင်လည်း မရှိတော့သည့် သဘောမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြန်သုံးသပ်လျှင် အလုပ်ကိုလည်း မွေးရမည်။ အလုပ်နှင့်ပတ်သက်သော လူများကိုလည်း မွေးရမည်သာ ဖြစ်ပါတော့သည်။ အလုပ်သပ်သပ် မွေးလို့တော့ မရနိုင်ပါ။ အလုပ်နှင့် တွဲပြီး လူမွေးရပါသည်။ သို့သော်လည်း အလုပ်သပ်သပ်ဖြင့် လူမွေးလို့ရော ရနိုင်ပါသလားဟူသော မေးခွန်းလည်း ရှိပါသည်။ အလုပ်သပ်သပ်ဖြင့်လည်း လူမွေး၍ ရနိုင်ပါသည်။ သို့သော်လည်း အဖွဲ့အစည်း အတွက်တော့ စိတ်မချရပါ။ အဖွဲ့အစည်း ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။

အဖွဲ့အစည်း ပျက်သွားလျှင် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း မရှိတော့ပါ။ အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင်လည်း တွေးဆစရာများလည်း ရှိပါသည်။ ရပ်တည်နေသော အဖွဲ့အစည်းနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာအားဖြင့် - လူ၏ ခန္ဓာကိုယ်ကို အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်လိုက်မည် ဆိုလျှင် အစား စားနေချိန်တွင် အစားစားခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းသည် ခေါင်းဆောင် ဖြစ်လာပါသည်။
ပါးစပ်၊ လက်၊ မျက်စိ စသည့် အပိုင်းများ ဖြစ်လာပါသည်။ လမ်းလျှောက်တော့မည် ဆိုလျှင်လည်း ခြေထောက်၊ မျက်စိ စသည်တို့သည်လည်း ခေါင်းဆောင်မှု အပိုင်းတွင် ဖြစ်လာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် မည်သူက ခေါင်းဆောင်ဖြစ်မလဲ ဟူသော အတွေးသည် သိပ်စဉ်းစားစရာ မလိုပါ။ အသိအမှတ် ပြုခြင်းနှင့်သာ ဆိုင်ပါသည်။ စားနေချိန်တွင် စားခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အသိအမှတ် ပြုသင့်ပါသည်။ လမ်းလျှောက်နေချိန်တွင် လမ်းလျှောက်ခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းများကို အသိအမှတ် ပြုတတ်ရပါမည်။ စားနေချိန်တွင် ခြေထောက်ကို မြှောက်စားနေမည်၊ လမ်းလျှောက်ချိန်တွင် ပါးစပ်ကို အမွှမ်းတင်နေမည် ဆိုပါက အသိအမှတ်ပြု လွဲနေပါတော့မည်။ ယင်းကို Leadership တွင် Supervision Means ဟု ခေါ်ဆိုကြသည်။

စီမံခန့်ခွဲတတ်ပါစေ.....

စီမံခန့်ခွဲမှုနှင့် ပတ်သက်လာလျှင် စုပေါင်းလုပ်တတ်မှု ရှိစေရန် သွန်သင်တတ်ရမည် ဖြစ်သည်။ များသောအားဖြင့် စီမံခန့်ခွဲမှုသည် အချင်းချင်း ရန်တိုက်ပေးတတ်လျှင် စီမံခန့်ခွဲမှု ကျွမ်းကျင်သည်ဟု အရပ်စကားဖြင့် ပြောတတ်ပါသည်။ ယင်းသည် ကိုယ့်ပိုက်ကွန်ကို ကိုယ့်အတွက် ထောင်သည်ဟု ယူဆသူများလည်း ရှိလာပါသည်။ မည်သည့် အယူအဆက မှန်သည်ဟု ဆိုရန် ခက်လှပါသည်။ အခြေအနေပေါ် မူတည်ပြီး မှန်နေသောကြောင့် ဖြစ်သည်။ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ကို ထိန်းထားနိုင်သရွေ့တော့ ထိုစီမံခန့်ခွဲမှုသည် အောင်မြင်နေမည်သာ ဖြစ်သည်။ သို့သော်လည်း ဂိတ်ဆုံးလျှင် ဒုတိယ အယူအဆသည် မှန်လာပါတော့သည်။ စီးပွားရေး လုပ်ငန်းတစ်ခုတွင် ဖြစ်သည်။ ကြော်ငြာအားဖြင့် လှုပ်ရှားနေရသော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် ကြော်ငြာနှင့်ဆိုင်သော ပညာရှင်များလည်း ရှိသည်။ သတ်ပုံနှင့်ဆိုင်သော ပညာရှင်များလည်း ပါသည်။ သို့သော်လည်း လုပ်ငန်းရှင် အနေဖြင့် ကြော်ငြာမှု အပိုင်းတွင် အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့် အချက်ပေါင်း များစွာကို ဂရုစိုက်ရသည်။ မားကက်တင်းအတွက် သူတို့သည် အသက်ဖြစ်သည်။

ပြီးလျှင် စကားလုံးဖွဲ့စည်းမှု၊ ကျစ်လျစ်စွာ သတင်း အင်ဖော်မေးရှင်း ပေးနိုင်မှု၊ ထိရောက်စွာ သတင်းပေးနိုင်မှု စသည့် အချက်များက ပြုစုပြီးလျှင် သဒ္ဒါအမှား အမှန်အတွက် သဒ္ဒါစိစစ်ရေး အဖွဲ့ကို ပေးလိုက်ပါသည်။ ကြော်ငြာ ပြုစုပျိုးထောင်ရေး အဖွဲ့အနေဖြင့် သဒ္ဒါစိစစ်ချိန်ကို ပေး၍ မရပါ။လူတိုင်း ခံစားဖူးပါသည်။ သဒ္ဒါကိုသာ ဂရုစိုက်လွန်း အားကြီးလျှင် အိုင်ဒီယာ ပျောက်တတ်ပါသည်။ အိုင်ဒီယာကိုသာ ဂရုစိုက်မည် ဆိုလျှင်လည်း သဒ္ဒါ လှည့်မကြည့်အားပါ။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားပင်လျှင် သူ့နာမည်ကို အမျိုးမျိုး ရေးတတ်သည်ဟု ဆိုပါသည်။ စာလုံးပေါင်း မျိုးလောက် ရှိသည်ဟု ဆိုပါသည်။ မည်သည့်ဟာ အမှန်ကိုပင် ပြောရန် ခက်သည်ဟု ဆိုပါသည်။ အချို့ကတော့ တို့ကတော့ အိုင်ဒီယာလည်း ကောင်းတယ်၊ Grammar လည်း ကောင်းသည်ဟု ဆိုပါသည်။ အရူးစကား ဖြစ်ပါသည်။ ကိုယ်ရည် သွေးလွန်းသောကြောင့် အရူးဟု ပြောလိုခြင်း ဖြစ်သည်။ လင်းတလောက်တော့ ငှက်တိုင်းလှရုံဖြင့် သွေးနားထင် ရောက်သော စကားဖြစ်သည်။

တစ်နည်းအားဖြင့် Specialization ဆိုတာလည်း နားမလည်၊ Division of labour ဆိုတာလည်း နားနှင့်ဝေးနေသော So-called ပညာရှိများ၊ ကြက်ဆူတော ပညာရှိများသာ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်း နားလည်သော လုပ်ငန်းရှင်သည် ထိုပညာရှင် နှစ်အုပ်စုကို စုစည်းပြီး အသိအမှတ် ပြုမည့်အစား သွေးခွဲ အုပ်ချုပ်လာသောကြောင့် တစ်အုပ်စုနှင့် တစ်အုပ်စု ငါနှင့်ငါသာ နှိုင်းစရာများ ဖြစ်လာပါတော့သည်။ အလုပ်မမွေးဘဲ လူမွေးသောကြောင့် အလုပ်ကျပြီး၊ လူလာပါတော့သည်။ ထိုအခါ မထိရောက်သော ကြော်ငြာများ၊ ပိုးသာကုန် မောင်ပုံ စောင်းမတတ်သော ကြော်ငြာများ ဖြစ်လာပါသည်။ အဓိကတော့ လုပ်ငန်းရှင်သည် အလုပ်ကို မမွေးတတ်ဘဲ လွယ်ကူလွန်းသည့်လူမွေးခြင်းကိုသာ နားလည်သောကြောင့်သာ ဖြစ်ပါတော့သည်။ ယင်းကို Leadership တွင် Management Means ဟု ခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါး နားလည်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

ထုတ်နုတ်.
ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်