koko

koko

Thursday, February 12, 2015

ကမ္ဘာသိတဲ့ ဘွားဘွား ကြက်ခြေနီ


သျှမ်းအမျိုးသမီး တဦးဖြစ်တဲ့ ဖလောရင့်စ်နိုက်တင်ဂေးလ် ( Florence Nighttingale) ဒေါ်ခင်အုန်းမြ ၁၉၆၃ ခုနှစ် ကမ္ဘာ့ကြက်ခြေနီ ကော်မတီက ချီးမြင့်သော မြန်မာနိုင်ငံမှ ပထမဆုံးဆုရှင် လည်းဖြစ်သည်။

ဘွားဘွားဟာ ကြက်ခြေနီလုပ်ခြင်လွန်းလို့ သူမနေထိုင်ကြီးပြင်းရာ သျှမ်းမြိုကတော်ဟောင်းဖြစ်တဲ့ မိုးကောင်း ရွှေမြို့တော်ကြီးရဲ့ .. လူကြီးတွေအလစ်မှာ အိမ်နောက်ဖေးပေါက် လှေကားက ဆင်းခဲ့ပြီး ထင်းပုံကြားမှ ၀ှက်ထားတဲ့ ကြက်ခြေနီ ၀တ်စုံကလေးယူပြီး အိမ်အောက်ကထွက် အပေါ်ထပ်မှ အစ်မကမြင်လို့ တစ်ခုခုနဲ့ ပစ်လိုက်တော့ မထိအောင် မနည်းရှောင်တိမ်းပြီး ထွက်ပြေးခဲ့ရတယ်.. ကြက်ခြေနီသူနာပြု တပ်ဖွဲ့ သူတွေစုဖို့ အချို့အိမ်ရှေ့ရောက်တော့ တပ်ဖွဲ့သူတွေထွက်လာလို့ ၀မ်းသာအားရဖြစ်ပေမယ့် အချို့ကတော့ သူတို့သမီးကို လာမခေါ်နဲ့ မအားဘူးဟု အော်လိုက်သံကြားရတော့ ရင်ဆို့ပြီးမောသွားတဲ့ ရက်တွေလည်း ရှိတယ်လို့ ဘွားဘွားက ဆိုပါတယ်..

ဘွားဘွားဟာ အခက်အခဲအမျိုးမျိုးကို ကျော်လွှားခဲ့ရပြီး အိမ်ပြန်ရောက်တော့ ကြက်ခြေနီအလုပ်လုပ်လို့ အရိုက်ခံထိပေါင်း များလာတော့ မျက်ရည်က သက်သေထူလိုက်တယ်.. အားမာန်အပြည့်နဲ့ ရှေ့လဲ ဒီကြက်ခြေနီ အလုပ်လုပ်မှာပဲဆိုပြီး.. သံဓိဋ္ဌာန်ချခဲ့တယ်လို့ဆိုပါတယ်.. နောက်ပိုင်း.. မိဖမောင်နှများကလည်း တဖြည်းဖြည်းနဲ့ လက်ခံလာခဲ့ကြပါတယ်.. နောက်ပိုင်းဘွားဘွားဟာ အမရှိရာ ပဲခူးမြို့သို့ ရောက်ရှစဉ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ၀တ်စုံနဲ့ စည်းကမ်းလေးတွေ လေ့လာခဲ့ပြီး မိုးကောင်းပြန်ရောက်တော့ ရုပ်ရှင်ငှားပြလို့ရတဲ့ ငွေနဲ့ ၀တ်စုံတွေချုပ်ကြပါတော့တယ်..
ဘွားဘွားရဲ့ ဇာတိ မိုးကောင်းမြို့ကလေးကတော့ သျှမ်းနီတို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ရတနာ ကျောက်စိမ်းရောင်း အ၀ယ်မြို့တောက်ကလေးဖြစ်လို့ ရွှေ၊ ငွေ၊ တရနာမရှား ပေါများတဲ့မြို့လေးလည်းဖြစ်သလို ဆောင်းတွင်းမှာ အေးလွန်းလို့ နေမင်းကြီးဟာ နှင်းမှုန်နှင်းပွင့် အဆင့်ဆင့်ကို ဖောက်ထွက် မလင်းနိုင်ရှာဘဲ ငုပ်လျှိုးလို့နေရှာရင်း ဘွားဘွားတို့ အမျိုးသမီး ကြက်ခြေနီသူနာပြု တပ်တွေကတော့ ဘယ်လောက်ပဲ အေးအေး ဘယ်လောက်ပဲ ချမ်းချမ်း၊ နှင်းပေါက်တွေကြားမှ ကြက်ခြေနီ ၀တ်စုံအပြည့်အစုံဝတ်ပြီး ခေါင်းကိုမော့ ရင်ကိုကော့ကာ ကြက်ခြေနီအလံကြီး လွင့်ထူလျှက် မြို့တွင်း မကြာခဏ လှည့်ကြရာ မြို့လူထုကလည်း ရင်သပ်ရူမော ဖြစ်နောကတာ အားရကျေနပ်မိတယ်လို့ ဘွားဘွားကြက်ခြေနီက ဆိုပါတယ်..

အမျိုးသမီးကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဥက္ကဌက မိုးကောင်းမြို့ တရုတ်တန်းမှ ကျောက်စိမ်းကုန်သည် ဒေါ်စက်ညွန့်၊ တပ်ဖွဲ့ခေါင်းဆောင်က ဘွားဘွား ဒေါ်ခင်အုန်းမြနဲ့ ဘွားဘွား ဒေါ်စောကြည်တို့ပဲဖြစ်ပါတယ်.. ဘွားဘွားဟာ သူဖခင်ကြီးမရှိတဲ့ အခါတိုင်း အောက်လင်းဓါတ်မီးကြီး ထွန်းပြီး တ၀ုန်းဝုန်းနဲ့ ဘယ်ညာ.. ဘယ်ညာ.. လေ့ကျင့်ကြတာ မိခင်ကြီးက အိမ်ပြိုတော့မယ်တားသော်လဲ ကျင့်မြဲကျင့်နေရာက ဖခင်ကြီး ပြန်လာသံလဲကြားတော့ အမျိုးသမီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့သူတွေ ဟိုပြေးဒီပြေး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတာကလဲ ပျော်စရာပါ…
ဒီလို့နဲ့ ဒုတိယ ကမ္ဘစစ်မီးတောက်ကြီးက မြန်မာပြည်ကြီးပါ လောင်မြိုက်လာတဲ့ အချိန်မှာတော့ ဘွားဘွားတို့ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသမီးကြက်ခြေနီ တပ်ကလေးဟာ အရေးပါ အရာရောက်ခဲ့တဲ့ တပ်ကလေး အဖြစ်တို့ ရောက်လာပါတော့တယ်.. နာမည်ကြီး လီဒိုလမ်းမှ အန္ဒိယပြည်သို့ သွားတဲ့ စစ်ပြေးဒုက္ခသည်များ မိုးကောင်းမြို့သို ရထားဆိုက်ချိန် ရောက်လာရင်တော့ ဟင်းသီးဟင်းရွက်၊ ဟင်း၊ ပလာတာ၊ရေ ဆေးတို့ကို အမျိုးသမီးကြက်ခြေနီ သူနာပြုတပ်က လှူဒါန်းကြပါတယ်.. သစ်ပင်အောက် ဇရပ်များမှာလဲ စစ်ဘေး ဒုက္ခသည်များ နောကြရပါတယ်.. ထိုအချိန်က ၀မ်းရောဂါ ကျောက်ရောဂါ တွေကလဲ ဖြစ်ပွားနေတာကြောင့်..ဆေးရုံမှာလဲ ဆရာဝန် ဆရာမ အလုပ်သမား မရှိသလို ဘွားဘွားတို့ရဲ့ အမျိုးသမီးသူနာပြုတပ်က နေ့စဉ်ဆေးရုံမှာ တာဝန်ယူရပါတယ်..

ကမ္ဘာစစ်မီးရဲ့..မညာမတာ.. စက်သေနတ်သံတွ ဗုံသံတွေ အမြောက်သံတွေ တ၀ုန်းဝုန်း တဗြုန်းဗြုန်း ဖြစ်နေပေမယ့် ဘွားဘွားတို့ တသိုက်ကတော့.. စစ်အကြောင်းလဲ မသိ၊ လေယာဉ်ပျံလဲ ယခင်မမြင်ဖူတဲ့ ငယ်ရွယ်သူတွေဖြစ်လို့ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိ၊ ကြက်ခြေနီ အလုပ်လုပ်ရလျှင် ပျော်နေကြတယ်၊ ဘီအိုင်အေ ( BIA ) တပ်မြန်မာပြည်ကို ၀င်လာပြီး ဗိုလ်ဖုန်းမြင့်တပ် မိုးကောင်းမြို့သို့ ရောက်လာရာ အမျိုးသမီးကြက်ခြေနီ သူနာပြုတက်က မကျန်းမာတဲ့ရဲဘော်များအား ပြုစုပေးကြရပါတယ်။ ဂျပန်တပ်တွေ ၀င်လာပြီးနောက် မိုးကောင်း ဦးမန်းတောင်မှာ ကြီးကျယ်ခမ်းနားတဲ့ စစ်ဆေးရုံကြီး ဖွင့်လှစ်ရာ အမျိုးသမီး ကြက်ခြေနီသူနာပြုတက်က တာဝန်ထမ်းဆောင်ရတယ် ဒီဂျပန်ဆေးရုံကြီး ဗုံး စက်သေနတ်ကြောင့် မီးလောင်ပျက်စီးပြီး တောင်ခြေရှိ ကြက်ခြေနီအလံ လွင့်ထူထားတဲ့ အမျိုးသမီးကြက်ခြေနီသူနာပြု တပ်တန်လျားဟာ မြေပေါ်တွင် ပြားပြားဝပ်လျက် " ဆာယိုနယယာ" ဟု နှုတ်ဆက်နေ သယောင်မို့ ၀မ်းနည်းကြေကွဲစွာဖြင့် နောက်ဆုံး ဤဆေးရုံကြီးကိုစွန့်ခွာခဲ့ပါတယ်….။

ဘွားဘွားက ဖခင်ကြီးရှိရာ ကြာအင်းရွာကြီးကို သွားတုန်း ပစ်လိုက်တဲ့မော်တာကြောင့် အချိုသေ၊ အချို့ထိခိုက်ဒဏ်ရာများ ရကြပြီး ရွာသားတွေ တိမ်းရှောင်ရာကို ဖခင်ကြီးနဲ့အတူ လိုက်ပါရင်း လယ်ကွင်းကြီးတွေကို ဖြတ်ကျော်ပြီး ရွာသစ်ရွာသို့အသွား အသံမစဲ ပစ်လိုက်တဲ့ မော်တာ အရှိန်တွေကြောင့် ဘွားဘွားခေါင်းပေါ်ွရွက်ထားတဲ့ ဂွမ်းစ၊ ပတ်တီးလိပ် ဆေးပစ္စည်းထုတ်ကလေး လွင့်စင်ကျလိုက် ပြန်ကောက်လိုက် ၀ပ်လိုက်သွားလိုက် ဒဏ်ရာရတဲ့သူတွေ တွေ့လိုက် ဆေးထည့်ပေးလိုက်နဲ့လုပ်နေရာ အမျိုးတွေက နင်းနေရစ် သေရစ်တော့လို့ ပြောလို့ ရှေ့မှသွားသူများကို အမီလိုက်ခဲ့ရတယ်လို့ ဘွားဘွားဆိုပါတယ်. ဒီလိုနဲ့ ညအချိန် ရွာသစ်ရွာရောက်တော့ ရွာထဲမ၀င်ရဲဘဲ ရွာစပ်က လယ်တဲမှာ အိပ်ခဲ့ကြပါတယ်..။

ဘွားဘွားရယ် ဘွားဘွားဒေါ်စောကြည်ရယ် သူနာပြုတာဝန်များ ဆက်လက် ထမ်းဆောင်လျှက် မရပ်မနားချတဲ့ ဗုံး စက်သေနတ်သံ နာခံကာ ဘေးကင်းကြပါစေဟု ဆုတောင်လျက် ၀မ်းနည်းစွာ ဆေးရုံကြီးကို ခတ္တစွန့်ခွာရင်း လွယ်လောရွာအနီးရှိ ချောင်းတစ်ဖက်ကမ်းမှ အမိုးမပါ အကာမပါတဲ့ မီးရထားကို ညအချိန် ဘွားဘွားစီးနင်း လိုက်ပါခဲ့ပါတော့တယ်.. ပင်းဘောရွာကလေးကို ရထားဆိုက်ရောက်ပြီ ဆိုတာနဲ့ စစ်ဘေးဒဏ်ကြောင့် ကွဲကွာသွားတဲ့ မိခင်ကြီးနဲ့ တူမအား လိုက်ရှာဖွေဖို့ အမှောင်ထုထဲမှာ စမ်းတ၀ါးဝါးနဲ့ တွေ့ရာစပါးတဲမှာ ဖခင်ကြီးက အိပ်မယ်ဆိုတော့ ဘွားဘွားနဲ့ ညီမတော်စပ်သူတွေက စပါးပုတ်ကြီးထဲ ၀င်အိပ်ခဲ့ရတယ်.. နံနက်အာရုဏ်ကျင်းလို့ အလင်းလုလု ခရီးထွက်ခဲ့ရာ လမ်းခရီးမှာ ရွာသူကြီးနဲ့တွေ့တော့ လှည်းနဲ့မိန်းခွမ်းမှ စစ်ဘေးဒုက္ခသည် စခန်းသို့ ပို့ပေးခဲ့ပါတယ်.. ဒီခန်းမှာတော့ လူတစ်ထာင်ခန့်လောက်ရှိပြီး ဘွားဘွားခမျာ ကြက်ခြေနီသူနာပြု အလုပ်ကို ဆက်လုပ်ရပြန်ပါတော့တယ်…

ဒီလိုနဲ့ ဘွားဘွားအတွက် မမေ့နိုင်တဲ့နေ့ တနေ့ကို ရောက်လာပါတော့တယ်.. အဲ့ဒီနေ့ကတော့ ကွဲကွာသွားတဲ့ မိခင်နဲ့တူမတို့ပြန်ဆုံရပြီး ၀မ်းသာလို့ မဆုံးဖြစ်နေပါတယ်.. ဘွားဘွားတို့ မိသားစုနေရတဲ့ လူသူကင်း သီးသန့်တဲကလေးက တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းကလေး ဘေးမှာ ၀ါးပင်၊ သစ်ပင်ကြီးငယ် အုပ်မိုးပြီး ပတ်ပတ်လည် ထူထက်နေတော့ လေယာဉ်သံ ကြားနေပေမယ့် မမြင်မတွေ့ရဘဲ စိတ်အေးကြည်နူး စရာလေးပါ.. ဒီစခန်းမှာ နှစ်လကြာမြင့်စွာ နေရလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် နောက်ဆုံးဒီစခန်းမှ လှည်းအစီး (၈၀) ခန့်နဲ့ စခန်းရှိ လူတွေ အားလုံး ထွက်ခွာလာခဲ့ရပါတော့တယ်..။ ရှည်လျားလှတဲ့ ခရီးကြမ်းမို့ လမ်းခရီးမှာ ဖျားနာသူတွေ မလိုက်နိုင်သူတွေ သေတဲ့လူတွေ ရဲ့ မိသားစုများ ကျန်ရစ်ခဲ့တွေအစုံပေါ့ မိခင်ကြီးကိုတွေ့လို့ ၀မ်းသာခဲ့ရပေမဲ့ ဘွားဘွားရဲ့ ဖခင်ကြီးကတော့ မိုးညှင်းမြို့ သဲကြီးကုန်းကျေးရွာ ၀ါးရုံပင်အောက် ဗုံးကျင်းအပေါ်မှာ ဗုံးကျရာကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်.. ၀မ်းနည်းကြေကွဲစရာ မျက်ရည်စတွေနဲ့ ရှေးခရီးသို့ ဘွားဘွားတို့ အားခဲ့လျှက်ပေါ့.. ဒီလိုနဲ့ အင်းတော် အရောက်မှာ လှည်းငါးစီးနဲ့ လူအနည်းငယ်သာ ကျန်ပါတော့တယ်..

အင်းတော်ရဲ့ တဖက်ကမ်း နန်းကင်ရွာမှာတော့ ဗမာ့ကာကွယ်ရေးတပ်မတော် ဆေးရုံက ဆေးမှူးဗိုလ်အောင်ညိမ်း တည်ရှိနေတာဖြစ်ပါတယ် အင်းတော်ရောက်တော့ ဘွားဘွားလဲ ကြက်ခြေနီသူနာပြုဘ၀ကနေ သူနာပြုဆရာမလေး ဘ၀ကို ရောက်ရှိလာပါတော့တယ်.. ဒီလိုနဲ့ ဘွားဘွားဟာ အင်းတော်မှာ မဲဇာ .. မဲဇာမှ ကောလင်း ကောလင်းမှ တဆင့် ပဲခူးမြို့ရောက်တော့ ပဲခူးမြို့ မှာရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော်စံပြဆေးရုံမှ သူနာပြုဆရာကလေးဖြစ် ထမ်းဆောင်ရာ ဆေးမှူးက ဗိုလ်ကြီးယုတ်ထရံဖြစ်ပါတယ်..။

၁၉၄၅ ခုနှစ် မတ်လ ( ၂၇) ရက်နေ့ ဂျပန်တော်လှန်ရး တိုင်း (၄) ဆေးတပ်ဖွဲ့မှာ ဘွားဘွားပါဝင် ထမ်းဆောင်ခဲ့ရပါတယ်.. ဘွားဘွားဟာ လူနာတွေ ၀ှက်ပေးရ၊ လိုရာခရီး လွှတ်ပေးရ စတာတွေ ဆောက်ရွက်ပြီး နောက်ဆုံး လှေနဲ့ တံခွန်တိုင်ရွာကလေးသို့ ထွက်ခွာပြီး ဘုန်းကြီးကျောင်းမှာ သူကြီးအကူအညီနဲ့ မြန်မာ့ဆေးဆရာနဲ့ အတူ ဆေးခန်းဖွင့်လှစ်ပြီး တံခွန်တိုင်ရွာနဲ့ ပတ်ဝန်းကျင်ရွာမှ နာမကျန်း ထိခိုက်ဒဏ်ရာရသူများကို ပြုစုကုသနေရင်း တနေ့မှာတော့ အမှတ်မထင် ဗိုလ်ကြီးယုတ်ထရံက ဆက်သား လွှတ်ခေါ်သဖြင့် ရွှေအောင်ရိုး တပ်မတော်ဆေးရုံမှာ သူနာပြု ဆရာမလေး တာဝန်ကိုဆက်လက် ထမ်းဆောင်ရပြန်ပါတယ်.. ဒီဆေးရုံလေးမှာ လက်ဆွဲမှန်မီးအိမ်ငယ် နှစ်လုံးသာရှိလို့ မီးအိမ်ငယ်တစ်လုံးကို ဘွားဘွားအဖေါ်ပြုပြီး ညစဉ် လူနာများရှိရာ ဘုန်းကြီးကျောင်း ဇရပ်လေးကို သွားရောက်ပြုစုခဲ့ရတ်ာဟာ ဂျပန်တွေလက်နက်ချလို့ စစ်ကြီးပြီးဆုံးသည့် အထိပဲဖြစ်ပါတယ်..။

ဘွားဘွားဟာ စစ်ကြီးပြီးလို့ သင်တန်းတက်ရာ သားဖွားဆရာမ မအောင်တာနဲ့ ကျန်းမာရေး ဆရာမ သင်တန်းတက်နေစဉ် အင်းစိန်တိုက်ပွဲကြောင့် ပညာရေးကိုစွန့်ခွာခဲ့ရပြီး ရှေ့တန်းစစ်မျက်နှာ ဆေးရုံ (၁) မှာ စေတနာဝန်ထမ်း ဆရာမ တာဝန်ထမ်းဆောင် ခဲ့ရပြန်ပါတယ်..ငြိမ်းအေးကာလရောက်မှ ပညာဆက်သင်လို့ အောင်မြင်ခဲ့ပြီး မင်္ဂလာဒုံ စစ်ဆေးရုံကြီး အမှတ် (၇) သူနာလက်ခံရေးတပ် အမှတ် (၇) တပ်နယ်ဆေးရုံနဲ့ အမှတ် (၂) တပ်မတော်ဆေးရုံမှာ ဆရာမ စစ္စတာ၊ ဆဆရာမမှူး၊ ဒုတိယဗိုလ်မှူးမှ ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ရပြီးနောက် အငြိမ်းစားယူခဲ့ပါတော့သည်။

ဘွားဘွားဟာ သူမ မမျှော်လင့်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိခဲ့ပါတယ်လို့ ဆိုပါတယ်..
(၁).. ၁၉၄၅ ခုနှစ်၊ စစ်သေနာပတိကြီး၏ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ်
(၂).. ၁၉၆၁ ခုနှစ်၊ မော်ကွန်းဝင် (ဒုတိယ အဆင့်)
(၃).. လွတ်လပ်ရေး စည်းရုံးမှုတံဆိပ်
(၄).. လွတ်မြောက်ရေးတံဆိပ်
(၅).. ၁၉၆၃ ခုနှစ်၊ ကမ္ဘ့ာကြက်ခြေနီအသင်းချုပ်မှ ချီးမြင့်သော ဖောရင့်စ် နိုင်တင်ဂေးလ်ဆုတံဆိပ်၊
(၆).. ၁၉၈၃ ခုနှစ်၊ စစ်မှုထမ်းကောင်းတံဆိပ်
(၇).. ပြည်ပရန်နှိမ် တံဆိပ်
(၈).. ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်
(၉).. ၁၉၉၉ ခုနှစ်၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် ဂုဏ်ထူးဆောင်တံဆိပ်တို့ ရှိခဲ့သည်။
လောကကြီးမှာဂုဏ် ပါဝါ၊ ဓန၊ လှပတဲ့ ရုပ်အဆင်းသဏ္ဍန်ထက် စိတ်ကောင်းစေတနာတွေ ရောင်ပြန်ဟပ် အကျိုးပေးခဲ့ရမှာမလွဲပေ ဆိုတာ ဘွားဘွားသျှမ်းနီ ကြက်ခြေနီက လက်တွေ့ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

ဘွားဘွားသည် မိုးကောင်းမှာကြီးခဲ့ရပြီး စစ်ကြီးအတွင်းမှာတော့ ပြေးရင်းလွားရင် ဆေးကုရင်းပေါ့ ဘွားဘွားကိုတော့ အဖရှေ့နေကြီး ဦးဦးဖေ အမိဒေါ်ခင်တို့မှ ၁၂၈၄ ခုနှဏ် သီတင်းကျွန်လပြည့်ကျော် ၁၁ ရက် (၁၉၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်) သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့တွင် မွေးဖွားခဲ့သည်။ ဘွားဘွားဟာ အသက် ( ၉၂) နှစ် မိုးကောင်းမြို့နယ်အသင်း (ရန်ကုန်) နာယက ၂၉ .၁၁.၂၀၀၉ ရက် နံနက် ၁၀ နာရီ တွင် အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ အမျိုးသားတာဝန်များကို သေဆုံးချိန်ထိ ထမ်းဆောင်ခဲ့သူ တယောက်မို့ ဘွားဘွားကောင်းရာသုဂတိလားပါစေ.. ဒီနေ့ဘွားဘွား အတုယူကြရန် သျှမ်းလူငယ်အပေါင်းတို့အား တင်ပြလိုက်ရပါသည်။

တိုင်းကျိုးပြည်ပြုသယ်ပိုးခဲ့ကြသော သျှမ်းနီသူရဲကောင်းများသည်.. ခေတ်အဆက်ဆက် ဒုနဲ့ဒေးရှိခဲ့သလို သက်ဆိုင်ရာသျှမ်းနီဒေသအလိုက် နိုင်ငံတော်မော်ကွန်းဝင် ပထမအဆင့် (၇) ဦး၊ ဒုတိယအဆင့် (၃၅) ဦး၊ တတိယ အဆင့် (၂၆) ဦးတို့ကြောင်း တိုင်းရင်းသားညီနောင် အပေါင်းသိစေလိုပါသည်။

ထုတ်နုတ်- နန့်ကောင်မြစ်လွင်ပြင်..

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်