koko
koko
Thursday, December 29, 2016
ပျောက်ဆုံးနေသော ပတ္တမြားငမောက်
ပတ္တမြားငမောက်အကြောင်း လူတွေသိပေမဲ့ ငမောက်သည် ရှမ်းနီဖြစ်ကြောင်း သိသူနည်းပါးကြသည်။
မြန်မာနိုင်ငံသည် သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်သည့်အလျှောက် မြန်မာမင်းအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရတနာ တွေလည်းများစွာရှိပါသည်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင် ခဲ့ပါတယ်။ ရတနာပုံရွှေတိုက်တော်စာရင်းမှာပါဝင်တဲ့ နန်းစဉ်ပတ္တမြားတွေကတော့…
မြန်မာဘုရင်များ အဆက်ဆက်တွင် အထွတ်အမြတ်ထားခဲ့သော ပတ္တမြားငမောက် ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိပြီး။ ၄င်းကျောက်ကို အင်ကြင်းတောင်   နှင့်   ကျာက်ဆောင် လူးတော်များမှ ရသည်ဟုလည်း မူကွဲလျှက် ရှိသည်။
AD- 1661 ခုနှစ် သက္ကရာဇ် ၁၀၃၂ ရရှိခဲ့သော အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
ပတ္တမြားကြီးရရှိပုံမှာ ချင်းတွင်းနယ်သား ရှမ်းနီလူမျိုးဖြစ်သော ငမောက်ဆိုသူသည် မိုးကုတ်နယ်မြေတွင် လာရောက်ပြီး လယ်ယာစိုက်ပျိုး နေထိုင်ရာ၊ တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင် တလက်လက်နှင့် ထူးဆန်း တောက်ပနေသည်ကို မြင်ရသဖြင့် သွားရောက်ကြည့်ရှု လေသော် အလွန်တရာ လှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကို တွေ့ရှိလေသည်။
ထို ငမောက်ဆိုသူသည် ရှမ်းနီလူမျိုးတဦးဖြစ်သည် ၁၆ ရာစုနောင်းပိုင်း ရှမ်းနီတို့၏ နာမည်များ မဲ့ပုံကု   လေ့လာ ကြည့်ရင် သိနိုင်ပါသည်။ 
ဘိုးတော်ဘုရား နန်းတက်စတွင် ရှမ်းလူမျိုး- ငဖုန်း (ငယ်မည် - ငရွှန်း) ဆိုသူသည် မိမိကိုယ်ကို ဟသာဝတီရောက် မင်းတရား သားတော် မင်းရဲမြတ်ဖုန်းဖြစ်သည်ဟု ပြောဆိုပြီးလျှင် ကြွင်းကျန် ပုန်းလျှိုရှိနေ သေးသော ဖောင်းကားမင်း ကျေးကျွန်တို့နှင့်ပေါင်း သင်းပြီးလျှင် ရှမ်း- မြန်မာ ၁၀၀ ခန့်နှင့် ညအချိန် နန်းမြို့တွင်းသို့ အတင်းဝင်၍ အမြောက်သားကုလားတို့ကို ဓါးပြလျက် နန်းတောကို အမြောက်နှင့် ပစ်စေသည်။ နောက်ရဲမက်တော်တို့ ခုခံတိုက်ခိုက်၍ အောင်မြင်တော်မူသဖြင့် ခေါင်းအကြီးပြူသူ ငဖုန်းနှင့် အပေါင်းအပါ တို့ကိုကွပ်မျက်တော်မူသည်။ (ဦးဘသန်း မြန်မာရာဇာဝင်)
ရှမ်းနီလူမျိုးဖြစ်ကြသော "မိုးကောင်းစော်ဘွားဆက် အမည်များ"
၂၈။ ငကျော် ၁၁၁၇ မှ ၁၁၂၅ အထိ ၈နှစ်
၂၉။ စောဟော်ခန်းညီ ငခိုင် ၁၁၂၅ မှ ၁၁၄၀ အထိ ၁၅နှစ်
ဝန်းသို့ စစ်ကဲစားများ
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ်
၁။ ငကြင်ဖေါ် ၁၀၅၉ မှ ၁၀၆၀ ၁ နှစ်
၂။ ငစွန် ၁၀၆၀ မှ ၁၀၆၅ ၅ နှစ်
၃။ ငကြင်ဖြူ ၁၀၆၅ မှ ၁၀၇၆ ၁၀နှစ်
တဖန်စော်ဘွားစားများ
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ်
၁။ ငမြတ်ခေါင် ၁၀၇၆ မှ ၁၁၁၂ ၃၆နှစ်
၂။ ငအောင်မြတ် ၁၁၁၂ မှ ၁၁၁၄ ၂ နှစ်
၃။ ငထင် ၁၁၁၄မှ ၁၁၁၈ ၄ နှစ်
၎။ ငအောင်ညို ၁၁၁၈ မှ- -
မြို့ကြီးစားခေတ်များ
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ်
၁။ ငတော်စံ ၁၁၅၈ မှ ၁၁၆၀ ၂ နှစ်
၂။ ငသာရွဲ ၁၁၆၀ မှ ၁၁၈၉ ၂၉နှစ်
၃။ ငရွှေသီး ၁၁၈၉ မှ ၁၁၉၅ ၆ နှစ်
၎။ ငသာဝ ၁၁၉၅ မှ ၁၁၉၉ ၄ နှစ်
၅။ ငရွှေသီ ၁၁၉၉ မှ၁၂၀၇ ၈ နှစ်
၆။ ငစံသစ် ၁၂၀၇ မှ၁၂၁၁ ၄ နှစ်
၇။ ငရွှေသား ၁၂၁၁ မှ ၃၃ နှစ် ၀န်းသိုစော်ဘွားကြီး စောဝ်အောင်မြတ်ဖမည်းတော်
၈။ သား- စောဝ် အောင်မြတ် ၁၂၄၄ မှ
စသည့် စော်ဘွားဆက်များနာမည်ကို ကြည့်ခြင်းဖြင့် ရှမ်းနီတို့သည် င ကိုသုံးကြောင်း ထင်ရှားသည်။
ရှမ်းနီလူမျိုး ငမောက်လည်း ပတ္တမြားကြီးကို တွေ့၍ ၀မ်းသာစွာ ကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအား တရုတ်ပြည်ဘက် သို့ ရောင်းရန် စေလွှတ် လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ် ၁၀၂၃ ခုနှစ် ငါးထပ်ကြီး ဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်း များစွာ နှစ်သက်အားရ ၀မ်းမြောက်လှ သဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူ ဆက်သသဖြင့် "ငမောက်ပတ္တမြား" ဟု ထင်ရှား ကျော်စောလေသည်။
တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက် တစ်ပိုင်းမှာလည်း ထိုအချိန်၌ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည် မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာ တိုင်းပြည်များသို့ ၀င်ရောက် တိုက်ခိုက်နေကြသဖြင့် တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းကို မြန်မာပြည် ခိုးဝင်လာသော တရုတ်လူမျိုး တစ်ဦးလက်ထဲတွင် ငမောက် ရောင်းချခဲ့သော ပတ္တမြား တစ်ပိုင်းလည်း ပါလာခဲ့ပါသည်။
ထိုတရုတ်လူမျိုး ကုန်သည်ကြီးသညို ပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်း ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။ ဘုရင်မင်းမြတ်လည်း ၀မ်း သာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်) ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှု မငြီး သည့် ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟု အမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာ တောင်ကုန်းတွင် မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ 
ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကို လောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။
မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ ပြေးရရှာ   လေသည်။ တောင်ပေါ် တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊ များစွာပူပင် သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။ ၄င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက် ရှိပေသည်။ ဒေါ်နန်း လှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်   တောင်၊ ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်း ပတ္တမြားမျက်ရှင်မှာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီး မည်သည့်လက်သို့   ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။
“ပတ္တများကြီး ထူးခြားချက်”
ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက် အလေးချိန်မှာ ရတီ(၉၀)ရှိပြီး လုံးချော သွေးထားကာ အရည် အသွေး အလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း (သို့) နွားနို့ အတွင်းတွင် ထိုပတ္တမြားကို ထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်း သိရပါသည်။ ထိုပတ္တမြားငမောက်ကို လက်ညှိုးနှင့် လက်မ ညှပ်ကိုင်ထားလျှင် အရည်လည်ပြီး ပေါက်ကွဲ ယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာ အနီရောင် တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကို ပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။
“ ပျောက်ဆုံးပုံ ”
သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြား အပါအဝင် အဖိုးတန် ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆို သည်။ ဆိုင်ရာတို့က စုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။ စလေဒင်သည် သီပေါထံမှ အဖိုးတန် ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှ မရှိကြောင်း၊ မည်သည့် ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပ အခြားမည်သည့် ရတနာပစ္စည်း ကိုမျှ ပြန်ရမည်ဆိုသည် ကတိစကားလည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။
စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်းများကို ပစ္စည်းသိမ်းကော်မတီ၏ ကိုယ်စားတာဝန်ကျ သည့် အစောင့်ကို လွှဲပြောင်း ပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့် တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတိုယူဆောင်သွားခြင်း မပြုသော ပစ္စည်းများကို ဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏ အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်း ပေးလိုက်ကြောင်း ဖြင့်ဖော်ပြ ပါရှိသည်။
မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ ဝန်ဟောင်းတချို့ကိုလည်း သေချာစွာ စုံးစမ်း ခဲ့သည်။
သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင် ရှိကြောင်း၊ ထိုပတ္တမြားကြီးသည် အရည်အ   သွေး ကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြားကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၇၈၁-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ် ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော်ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်းကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံး ကို စလဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက် ကို ပေးအပ် လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။
ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်း ကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေ ရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။
၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက် အတွင်း ဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိသည်ထိုနေ့မနက်က ရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲ တွင် တွေ့ခဲ့ရကြောင်း၊သို့ရာတွင် ပုရပိုဒ်တစ်ဆူ ပေးသည်မပေးသည်ကိုမူ မိမိမမှတ်မိတော့ကြောင်း ထိုသို့ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက် ရတနာများ၊ စီခြယ်ထားသည့် ရွှေထည် ပစ္စည်းအသေး၊ အကြီးအမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။
ထိုရတနာပစ္စည်းများ အားလုံးသည် နန်းတော်ဝရန်တာ ကြမ်းပြင်နှင့် ကျယ်ဝန်းလှသော ညီလာခံသဘင် ခန်းမကြမ်းပြင်တွင် စုပုံပြန့်ု ကြဲလျက် ရှိပါသည်.။
ဗြိတိလျှ အစိုးရသည် အနည်းငယ် မျှသော ကျောက်မျက်ရတနာ အချို့ကို ဝိတိုရိယ ဘုရင်မကြီး ထံ ပေးပို့ သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။ ဧကရီ ဘုရင်မကြီး ထံ ပေးပို့သည့် ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက် ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ် တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။
ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်း ချက် များဖြစ်သည်။
“ ရတနာပုံ ရွှေတိုက်တော် စာရင်းအရ မြန်မာ့နန်းစဉ် ပတ္တမြားများ ”
၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီ ကိုးဆယ်ကျော် ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထား အသုံးပြုရတဲ့ အချိန် ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။
မြန်မာ့အဖိုးတန် နန်း စဉ်တရာနာ တပါးဖြစ်သေကြောင့် ပျောက်ဆုံးနေသာ ပတ္တမြားကြီးအဖြစ် စုစည်းတင်ပြလိုက်ရပါသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်